backup og meta

အသေးစားထိခိုက်ဒဏ်ရာတွေအတွက် လမ်းညွှန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသေးစားထိခိုက်ဒဏ်ရာတွေအတွက် လမ်းညွှန်

    အိမ်ရှင်မတွေဖြစ်ဖြစ်၊ တစ်နေ့တာလုံးမှာ အိပ်ချိန်ကလွဲလို့ တစ်ချိန်လုံးလိုလို ဆော့နေတတ်တဲ့ အိမ်ရဲ့ဆည်းလည်းလေးတွေ ဖြစ်ကြတဲ့ သားသားမီးမီးလေးတွေဖြစ်ဖြစ်၊ တစ်နေ့တာလုံး အိမ်ထောင်မှု တစ်ခုလုံးအတွက် ရှာဖွေစုဆောင်းနေရတဲ့ အိမ်ထောင်ဦးစီး ဖေဖေတို့မှာပဲဖြစ်ဖြစ် မတော်တဆထိခိုက်တာမျိုးတွေကတော့ ရှိနိုင်တာပေါ့နော်။ ဒီလို ထိခိုက်တာမျိုးတွေကို အိမ်မှာပဲ ဂရုစိုက်စောင့်ရှောက်ပေးလို့ ရပါတယ်။ အနာကို ဂရုစိုက်တဲ့နည်း မှန်လေလေ အနာသက်သာတာ မြန်လေလေပါ။ ဒီဆောင်းပါးလေးထဲမှာ အသေးစားထိခိုက်ဒဏ်ရာတွေအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုစောင့်ရှောက်မှုပေးရမလဲလို့ဖော်ပြထားတာမို့ အနာနဲ့ မကင်းနိုင်တဲ့သူတွေအတွက် အသုံးတည့်ဖို့ မျှော်လင့်ပါတယ်။

    အသေးစားထိခိုက်ဒဏ်ရာတွေအတွက် လမ်းညွှန်

    အသေးစားထိခိုက်ဒဏ်ရာတွေကို နေအိမ်မှာပဲ ပျောက်ကင်းသက်သာအောင် ကုသပေးလို့ ရပါတယ်။ အသေးစားထိခိုက်ဒဏ်ရာတွေအတွက် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကို ဆက်ကြည့်လိုက်ရအောင်နော်။

    • လက်ဆေးပါ

    ဒါက အနာ တစ်ခုဖြစ်ရင် မဖြစ်မနေလိုက်နာရမယ့် အခြေခံကျတဲ့အချက်ပါ။ အနာကို မကိုင်တွယ်ခင်လက်ဆေးတာက အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေတွေကို လျော့ကျစေနိုင်တာကြောင့် အနာကြီးကြီးသေးသေးဖြစ်ဖြစ် မဖြစ်မနေလုပ်ရမှာက အနာကိုမကိုင်ခင် လက်ကို အရင်ဆေးကြောဖို့ပါ။ ရေမလွယ်ရင် ရေမလိုလက်သန့်ဆေးရည်နဲ့ ဆေးကြောပါ။

    • သွေးတိတ်အောင်လုပ်ပါ

    ဒဏ်ရာပေါ်မှာ ပတ်တီးစထူထူလေး ဒါမှမဟုတ် အဝတ်စသန့်သန့်လေးတစ်ခုခုနဲ့ မိနစ်အနည်းကြာဖိထားပေးပြီး သွေးတိတ်အောင်လုပ်ဆောင်ပေးပါ။

    • အနာကို သန့်စင်ဆေးကြောပါ

    ပြီးရင်တော့ ရေနဲ့ ဆပ်ပြာအပျော့စားလေးကို အသုံးပြုပြီး အနာကို သန့်စင်ဆေးကြောပေးပါ။ ဆားရည်နွေးနွေးလေးကို အသုံးပြုပြီးဆေးကြောပေးလို့လည်းရပါတယ်။ ပြတ်ရှဒဏ်ရာဆိုရင်တော့ ဆပ်ပြာတွေ၊ အရက်ပြန်တွေ‌သုံးပြီး မဆေးပါနဲ့။ အရေပြား ကျိန်းစပ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ နောက်တစ်ချက် သတိထားရမှာက ပြတ်ရှဒဏ်ရာ တွေကို hydrogen peroxide သုံးပြီးဆေးကြောတာမျိုးမလုပ်ဖို့ပါ။ ဒီဒဏ်ရာတွေကို ရေသန့်သန့်နဲ့ ဆေးပေးရင် ရပါပြီ။

    အနာကို သန့်စင်ဆေးကြောချိန်မှာ တလက်စတည်း လုပ်ရမှာတစ်ခုက အနာထဲက ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ပြင်ပအရာဝတ္ထုတွေကို ဂရုတစိုက်ဖယ်ရှားဖို့ပါ။ လက်နဲ့ဖယ်ရှားဖို့ မလွယ်ဘူးဆိုရင် ဇာဂနာကို အရက်ပြန်စွတ်ပြီး ဖြည်းဖြည်းချင်း ဖယ်ရှားပေးပါ။

  • ပိုးသတ်လိမ်းဆေး တစ်ခုခုလူးပေးပါ
  • အနာကို သန့်စင်ဆေးကြောပြီးပြီဆိုရင်တော့ အနာကို ရေခြောက်အောင် ခပ်ဖွဖွသုတ်ပြီး အနာတဝိုက်ကို ပိုးသတ်ဆေး ခရင်မ်တစ်ခုခုလူးပေးပါ။ ဒီလိုလူးပေးတာက အနာထဲကို ဘက်တီးရီးယားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ရာရောက်ပါတယ်။ အနာကျက်တာကိုလည်း မြန်စေမှာပါ။

    • ပတ်တီးစည်းပါ၊ ပလာစတာကပ်ပါ

    ဒါကလည်း အနာကျက်စေဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အနာကို သန့်စင်ဆေးကြောတာတွေ၊ ဆေးထည့်တာတွေလုပ်ပြီးတဲ့အခါ အနာကသေးရင် ပလာစတာကပ်ပေးပြီး အနာကြီးရင် ပတ်တီးစည်းပေးပါ။ အနာကို အုပ်ထားတာက ပိုးမွှားတွေ မဝင်အောင် ကာကွယ်ပေးနိုင်သလို အမာရွတ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ တစ်နေ့တစ်ခါ အနာကို ကပ်ထားတဲ့ ပလာစတာနဲ့ ပတ်တီးကို လဲလှယ်ပေးဖို့ လိုပါမယ်။ အနာက ကုတ်မိခြစ်မိတာလောက်ပဲဆိုရင်တော့ ပလာစတာတွေ ပတ်တီးတွေ မအုပ်ထားတာက ပိုအဆင်ပြေပါတယ်။ ပတ်တီးတွေ၊ ပလာစတာတွေ ညစ်ပတ်သွားတဲ့အခါတိုင်း လဲလှယ်ပေးသင့်ပါတယ်။

    • မေးခိုင်ကာကွယ်ဆေးထိုးပေးပါ

    ထိခိုက်မိတဲ့အနာက သေးငယ်တယ်ဆိုပေမယ့် သံချေးတက်နေတဲ့ သံနဲ့စူးမိတာ၊ သံပြားနဲ့ ရှမိတာမျိုးဖြစ်မယ်။ မသန့်ရှင်းတဲ့အရာတစ်ခုခု နဲ့ထိမိတာမျိုးဖြစ်မယ်ဆိုရင်မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါမယ်။

    • အနာကိုပုံမှန်စစ်ဆေးပါ

    အနာကို နေ့စဉ်ဆေးလူးပေးရင်း အနာက ပိုးဝင်ထားတဲ့ လက္ခဏာမျိုးဖြစ်နေလား၊ပြည်တည်တာမျိုး၊ အနာတဝိုက် ပူနေတာမျိုး၊ ရောင်နေတာမျိုးရှိလား စစ်ဆေးဖို့လိုအပ်သလို အနာက ပုံမှန်ထက် ပိုနာနေလားဆိုတာကိုလည်း စစ်ဆေးဖို့ လိုအပ်ပါမယ်။

    နေ့စဉ်လှုပ်ရှားမှုလေးတွေလုပ်ရင်း မတော်တဆထိခိုက်မိတာမျိုးရှိခဲ့ရင် အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး အနာသက်သာအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement