backup og meta

အပူလောင်နာ ဘယ်လိုကုသရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူလောင်နာ ဘယ်လိုကုသရမလဲ

    အပူလောင်ခြင်းဟာ အဖြစ်များတဲ့ကိစ္စတစ်ခုဆိုပေမယ့် ခံစားရမသက်သာတဲ့ဝေဒနာလည်းဖြစ်ပါတယ်။တော်တန်ရုံအသေးစားအပူလောင်တာဆိုရင်ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်ကုသလို့ရပေမယ့်ပြင်းထန်ပြီဆိုရင် အနာကိုပိုးမဝင်အောင်၊ အနာမရင်းအောင်၊ ဆိုးဆိုးရွားရွားအမာရွတ်မကျန်အောင်သေချာဂရုစိုက်ကုသဖို့လိုအပ်ပါတယ်။

    အပူလောင်စေတဲ့အကြောင်းရင်းကအမျိုးမျိုးရှိပါတယ် –

    • ရေနွေးပူ၊ဆီပူလောင်ခြင်း
    • ဓာတုပစ္စည်းကြောင့်လောင်ခြင်း
    • လျှပ်စစ်ကြောင့်လောင်ခြင်း
    • မီးအပူလောင်ခြင်း ( မီးအပူဟပ်ခြင်း၊ ဖယောင်းတိုင်မီးစသည်)
    • နေလောင်ခြင်း

    အပူလောင်ခြင်း ပြင်းထန်မှုအဆင့်သတ်မှတ်ခြင်း

    အပူလောင်တာကို အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ဆိုပြီး အဆင့်သုံးခုခွဲထားပါတယ်။ အဆင့်(၁)ကတော့ အားအလျော့ဆုံးဖြစ်ပြီး အဆင့်(၃)ကတော့ အားအပြင်းဆုံး ဖြစ်ပါတယ်။ အဆင့်တစ်ခုချင်းဆီက ကွဲပြားတဲ့လက္ခဏာနဲ့ ထိခိုက်မှုကို ဖော်ပြပါတယ်။

    • အဆင့်(၁) အပူလောင်မှု – အရည်ကြည်ဖုမထွက်ဘဲ အရေပြားနီရဲနေတာ၊ နာကျင်မှုအနည်းငယ်၊ ရောင်ရမ်းမှု အနည်းငယ် ရှိမယ်။
    • အဆင့်(၂) အပူလောင်မှု – ထိခိုက်မိတဲ့နေရာမှာ အရည်ကြည်ဖုနဲ့ ထူအမ်းအမ်းဖြစ်နေမယ်။
    • အဆင့်(၃) အပူလောင်မှု – ထူအမ်းအမ်းဖြစ်နေတဲ့ နေရာပမာဏ များမယ်၊ အရေပြား ကွာကျပြီး အဖြူရောင် အတွင်းသားပေါ်နေမယ်။ အဆင့် (၃) အပူလောင်မှုတွေကို အပြင်းထန်ဆုံးအဆင့်အဖြစ်သတ်မှတ်ပြီး အမြန်ဆုံးဆရာဝန်နဲ့ကုသမှုခံယူသင့်ပါတယ်။

    တကယ်တော့ အပူလောင်ဒဏ်ရာပြင်းမပြင်းကို အကြောင်းရင်းကိုမူတည်ပြီးဆုံးဖြတ်လို့မရနိုင်ပါဘူး။ ဥပမာ -ရေနွေးပူလောင်တာက အဆင့် (၁) အသေးစားလည်းဖြစ်နိုင်သလို အဆင့် (၂) သို့မဟုတ် (၃) အထိပါ ဒဏ်ရာအပြင်းအထန်ဖြစ်နိုင်တတ်လို့ပါ။

    ဓာတုပစ္စည်းနဲ့ လျှပ်စစ်ကြောင့် အပူလောင်ခြင်းတွေဆိုရင် အရေပြားမှာ အနည်းအကျဉ်းပဲ ထိခိုက်တာတွေ့ရရင်တောင် ခန္ဓာကိုယ်အတွင်းပိုင်းကို ထိခိုက်စေနိုင်တာကြောင့် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။

    အသေးစားအပူလောင်နာ ကုသဖို့

    • အနာသက်သာအောင် အပူလောင်တဲ့နေရာကို ဖြစ်ဖြစ်ချင်းမှာ ရေအေး(ရေခဲရေမဟုတ်) နဲ့ ၁၀ မိနစ်/၁၅ မိနစ်လောက်ရေလောင်းပေးပါ၊ ရေထဲနှစ်ထားပါ။ ဒါမှမဟုတ် နာကျင်မှုမလျော့မချင်း ရေအေးစွတ်ထားတဲ့ တဘက်တစ်ထည်တင်ပေးထားပါ။ အရမ်းပူရာက အရမ်းအေးတဲ့အခြေအနေ ချက်ချင်းထိတွေ့လိုက်ရတဲ့အခါ အနာကျက်ခြင်းဖြစ်စဉ်ကို နှေးစေနိုင်တာကြောင့်ရေခဲရေမသုံးရတာဖြစ်ပါတယ်။
    • အပူလောင်တဲ့နေရမှာ လက်စွပ် သို့မဟုတ် တခြားတင်းကျပ်စွာဝတ်ဆင်ထားတဲ့အရာတွေကို ချွတ်ပါ။ အနာကရောင်မလာခင် ညင်သာစွာ မြန်မြန်ဖယ်ရှားရမှာဖြစ်ပါတယ်။
    • အရည်ကြည်ဖုလေးတွေကို မဖောက်ပါနဲ့။  မပေါက်ပါစေနဲ့။ အပူလောင်ရည်ကြည်ဖုတွေပေါက်ပြဲသွားခဲ့ရင် အဲဒီနေရာတဝိုက်ကို ဆပ်ပြာအပျော့စားနဲ့ ရေနဲ့ညင်သာစွာသန့်ရှင်းပေးပြီး ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးပါ။
    • အသားမခြောက်သွေ့စေဖို့ အစိုဓာတ်ထိန်းခရင်မ်သို့မဟုတ် ဂျယ်လ်တစ်ခုခုလိမ်းပေးနိုင်ပါတယ်။
    • လိုအပ်ရင် ibuprofen လို ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အကိုက်အခဲပျောက်ဆေးသောက်ရပါမယ်။

    အရည်ကြည်ဖုအကြီးကြီးတွေ ဖြစ်လာရင် ဆရာဝန်ပြပြီးဖောက်ပစ်သင့်ရင် အပ်နဲ့စုပ်ထုတ်ပေးပါလိမ့်မယ်။ အနာမှာ ပိုးဝင်တဲ့လက္ခဏာတွေ့ရရင် ၊အနာရင်းလာရင် ၊နီရဲရောင်ရမ်းလာရင် ဒါမှမဟုတ် အပူလောင်တဲ့နေရာက များတယ်ဆိုရင်ဆေးကုသမှုခံယူပါ။

    ပြင်းထန်တဲ့အပူလောင်ခြင်း

    အပူလောင်ခြင်းပြင်းထန်ရင် အမြန်ဆုံးဆေးရုံပို့ပါ။ ဆေးရုံမပို့ရသေးခင် အချိန်အတွင်း အောက်ပါအချက်တွေသိထားသင့်ပါတယ်။

    • အပူလောင်ထားသူကို ထပ်မထိခိုက်အောင် သတိထားပါ။ အပူလောင်စဉ် သူ့ရဲ့အရေပြားနဲ့ထိကပ်နေတဲ့ အဝတ်အစားတွေကို သွားမဖယ်ရှားလိုက်ပါနဲ့ဦး။
    • သွေးလည်ပတ်မှုကောင်းမကောင်း သတိထားကြည့်ပါ။ အသက်ရှူသံ၊ချောင်းဆိုးတာ၊လှုပ်ရှားမှု စတာတွေကိုသေချာကြည့်ပါ။
    • လည်ပင်းနဲ့ အပူလောင်ထားတဲ့နေရာတဝိုက်တို့မှာ ဝတ်ဆင်ထားတဲ့အသုံးအဆောင်၊အဝတ်အထည်၊ခါးပတ်တို့ကိုဖယ်ရှားပါ။ အပူလောင်နာတွေကရောင်ရမ်းမှုမြန်ဆန်ပါတယ်။
    • အပူလောင်တာ ဒဏ်ရာကြီးရင် ရေအေးထဲမနှစ်ပါနဲ့။ ခန္ဓာကိုယ်အပူချိန် ရုတ်တရက်ကျဆင်းခြင်း သို့မဟုတ် သွေးဖိအားကျဆင်းခြင်းနဲ့ သွေးဆုတ်ခြင်း(ရုတ်တရက်)ဖြစ်လာနိုင်လို့ ဖြစ်ပါတယ်။
    • အပူလောင်တဲ့နေရာကို မြှင့်ထားပါ။ ဥပမာ လက်မောင်းမှာလောင်ရင် လက်ကို နှလုံးနဲ့တစ်တန်းတည်းထက် ပိုမြင့်တဲ့အဆင့်ထိမြှောက်တင်ထားပေးပါ။
    • အပူလောင်တဲ့နေရာကို ဖုံးအုပ်ကာကွယ်ထားပါ။ ပတ်တီး သို့မဟုတ် ပိတ်လှောင်မနေလောက်တဲ့  အဝတ်စတစ်ခုကို သုံးနိုင်ပါတယ်။ ကျန်တာကိုတော့ဆေးရုံ။ ဆေးခန်းရောက်တဲ့အခါ ကျန်းမာရေးစောင့်ရှောက်သူတွေက ကုသပေးပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement