backup og meta

အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ

    လူတိုင်းက ထိခိုက်ဒဏ်ရာနဲ့ မကင်းကြပါဘူး။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ လူ့ခန္ဓာကိုယ်က ပုံမှန် ဇီဝဖြစ်စဉ်က အနာကျက်အောင် အဆင့်ဆင့်လုပ်ဆောင်ပေးပါတယ်။ အနာ တစ်ခု ကောင်းကောင်းမွန်မွန်နဲ့ ကျက်သွားဖို့ ဆိုရင် အနေအထိုင် အစားအသောက်နဲ့ အနာကိုပါထိန်းသိမ်းဖို့လိုပါမယ်။ အခု တစ်ခေါက်တော့ အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ ကို ဖော်ပြပေးပါ့မယ်။ အဲဒီ အလေ့အထတွေကို ရှောင်ကျဉ်မယ်ဆိုရင် အနာကို မြန်မြန်ဆန်ဆန် ကျက်စေမှာပါ။

    အနာဘယ်လိုကျက်တာလဲ

    အနာတိုင်းက အဆင့် ၃ ဆင့်နဲ့ အနာကျက်တာပါ။ အနာ တစ်ခု ဖြစ်လာတဲ့အခါ အစောပိုင်း ရက်အနည်းငယ် အတွင်းမှာ အနာက ရောင်ရမ်း လာတာကို တွေ့ရပါမယ်။ ဒါက ပုံမှန် ပါပဲ။ အနာ ကျက်စေဖို့ အတွက် အနာ တဝိုက်က သွေးကြောတွေကို သွေးစီးဆင်းမှုကို ထိန်းချုပ်လိုက်တာကြောင့် ရောင်ရမ်းလာတာ ဖြစ်ပါတယ်။ ရောင်ရမ်းမှုက ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်က ပုံမှန် အခြေအနေ ဖြစ်အောင် လုပ်ဆောင်နေတယ် ဆိုတာကို ဖော်ပြပေးတဲ့ မြင်သာတဲ့ လက္ခဏာ တစ်ရပ်ပါ။ သွေးဖြူဥ ဆဲလ်တွေ ကလည်း အနာထဲက အမှိုက်တွေနဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေး ပါတယ်။

    ၃ ပတ်လောက် ကြာပြီဆိုရင်တော့ Proliferative Stage ကို ရောက်ရှိလာပြီလို့ ဆိုရပါမယ်။ အနာက ပြင်းထန်ရင်တော့ ဒီအဆင့်ကို ရောက်ရှိဖို့က ၃ ပတ်ထက် ပိုကြာနိုင်ပါတယ်။ ဒီအဆင့်မှာ အနာဖေး တက်တာက စဖြစ်လာပါပြီ။ Fibroblasts လို့ ခေါ်တဲ့ အထူးဆဲလ်တွေက အနာအသား တက်လာစေဖို့ အတွက် ကော်လာဂျင်တွေကို ထုတ်လွှတ်ပေးနေတဲ့ အဆင့်လည်း ဖြစ်ပါတယ်။ သွေးကြော အသစ်တွေလည်းဖြစ်ပေါ်လာပါပြီ။ အနာက တဖြည်းဖြည်း ကျုံ့လာပြီး အရေပြား အလွှာသစ်လေးလည်း ဖြစ်လာပါပြီ။

    နောက်တစ်ဆင့် ကတော့ Maturation and Remodeling Stage ပါ။ ဒဏ်ရာပေါ် မူတည်ပြီး ၂ နှစ်လောက် အထိလည်း ကြာမြင့်နိုင်ပါတယ်။ ကော်လာဂျင်အသစ်တွေ ဖြစ်ပေါ်ပြီး အနာ ပုံစံ ပြောင်းလာပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ အနာ တဝိုက်က တစ်ရှုးတွေလည်း ကြံ့ခိုင်မှု တိုးလာပြီ ဖြစ်ပါတယ်။ အမာရွတ် တစ်ရှူးတွေက မူလက တစ်ရှုးတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ပဲ ကြံ့ခိုင်မှု ရှိပါတယ်။

    အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ

    အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ ကတော့

  • အနာကို ဂရုမစိုက်ခြင်း
  • အရေပြားက ခန္ဓာကိုယ်ရဲ့ ပထမအဆင့် ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ အရံအတားပါ။ အရေပြားကပေါက်ပြဲသွားတဲ့အခါ ခန္ဓာကိုယ်တွင်းကို ပိုးမွှားတွေအလွယ်တကူဝင်ရောက်ဖို့လမ်းစရသွားပါပြီ။ အနာထဲကို ပိုးဝင်သွားတဲ့အခါ အနာတဝိုက်မှာ နီမြန်းနေတာ၊ရောင်ရမ်းတာ၊နာကျင်တာနဲ့ပြည်တည်တာလိုမျိုးတွေဖြစ်နိုင်ပြီး အနာမှာအနံ့ရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဲဒီအတွက် အနာဖြစ်ပြီဆိုရင်ပြင်ပက ဖုန်မှုန့်တွေ၊ အမှိုက်တွေနဲ့ တခြားညစ်ပေတာတွေမဝင်ရောက်ဖို့ ဂရုစိုက်ရပါတယ်။ ဂရုမစိုက်တဲ့အခါ အနာကျက်တာနှေးကွေးတာနဲ့ အမာရွတ်ဆိုးဆိုးကြီးတွေကျန်တတ်ပါတယ်။

    • အာဟာရပြည့်ဝအောင်မစားသုံးခြင်း

    အနာဖြစ်နေတဲ့အခါ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုပြည့်ဝမျှတအောင်စားသုံးပေးဖို့လိုပါလိမ့်မယ်။ ဗီတာမင် ဓာတ်တွေကအနာမြန်မြန်ကျက်အောင် အထောက်အပံ့ပေးပါတယ်။ အနာဖြစ်တဲ့အခါ အစားပေးသင့်ဆုံး ဗီတာမင်တွေက ဗီတာမင်အေ နဲ့ ဗီတာမင် စီပါ။

    ထိခိုက်ဒဏ်ရာတစ်ခုခုရထားတယ်ဆိုရင် လိမ္မော်သီး၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥနဲ့ ငရုတ်ပွသီးတို့ကို စားသုံပေးသင့်ပါတယ်။ ပရိုတင်းဓာတ်ရရှိအောင် အဆီမပါတဲ့ အသားကိုလည်း စားသုံးပေးရပါမယ်။

  • ဆေးလိမ်းဆေးသောက်ဖို့ ပျင်းတာ
  • အနာတစ်ခုခုဖြစ်လာရင် သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။ အနာကြီးရင် ဆေးလိမ်းရုံနဲ့မပြီးပါဘူး။ ဆေးသောက်ဖို့၊ ချုပ်ဖို့လည်း လိုနိုင်ပါတယ်။ အနာဖြစ်တဲ့အခါ အနာကို တစ်နေ့တစ်ကြိမ်လောက်တော့ အနာကိုသန့်စင်ပြီးဆေးထည့်ရပါမယ်။ ပလာစတာ ဒါမှမဟုတ် ပတ်တီးကိုလည်း အသစ်လဲပေးရပါမယ်။ အနာဖြစ်တဲ့အခါ အနာကို ရေနဲ့ဆပ်ပြာသုံးပြီးဆေးကြောပေးရင်ကိုလုံလောက်နေပါပြီ။ အချို့ဒဏ်ရာတွေက အရက်ပြန် ဒါမှမဟုတ် hydrogen peroxide အသုံးပြုမယ်ဆိုရင် တစ်ရှုးတွေပျက်စီးတာကိုဖြစ်စေနိုင်ပါတယ်။ အနာကျက်တာကိုလည်းနှေးစေ နိုင်ပါတယ်။

    • အသားအရေကို စိုပြည်အောင်ထိန်းသိမ်းမှုမရှိတာ

    အသားခြောက်တဲ့သူတွေမှာ ထိခိုက်ဒဏ်ရာဖြစ်နိုင်ခြေများသလို အနာဖြစ်ပြီးရင်လည်း ပိုးဝင်နိုင်ခြေလည်းများစေပါတယ်။ အရေပြားခြောက်သွေ့တာက အသားအရေမှာ ကုတ်ခြစ်ဒဏ်ရာတွေ ဖြစ်နိုင်ခြေများပါတယ်။ အသားခြောက်တာက အနာကျက်နှေးစေနိုင်ပါတယ်။

    • အရက်သေစာသောက်စားခြင်း

    အရက်သောက်တာက ခန္ဓာကိုယ်ကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ အနာကျက်တာကိုလည်း နှေးစေနိုင်ပါတယ်။ အရက်အလွန် အကျွံသောက်တာက အနာထဲကို ပိုးဝင်နိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။ အရက်အရမ်းသောက်တာက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေကိုလျော့ကျစေနိုင်သလို ခန္ဓာကိုယ်ထဲကို ပိုးဝင်နိုင်ခြေကိုလည်းများစေပါတယ်။

    • ဆေးလိပ်သောက်သုံးခြင်း

    ဆေးလိပ်သောက်တာက အဆုတ်တစ်ရှူးတွေကို ပျက်စီးစေနိုင်သလို ကင်ဆာဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာက အနာကျက်တာကိုလည်း  နှေးစေနိုင်ပါသေးတယ်။ ဆေးရွက်ကြီးကနေ ထုတ်ထားတဲ့ ပစ္စည်းတိုင်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ဆေးရွက်ကြီးက ကော်လာဂျင်ထုတ်လုပ်မှုကို လျော့ကျစေနိုင်သလို scar tissueတွေကိုလည်း အားနည်းစေနိုင်ပါတယ်။ အနာကိုလည်း ခဏခဏပြန်ဖြစ်စေနိုင်ပါတယ်။

    အနာကျက်မြန်စေဖို့အတွက် အခုပြောပြခဲ့တဲ့ အလေ့အထလေးတွေကို ရှောင်ကြဉ်ဖို့ လိုပါလိမ့်မယ်။ အနာကို သေချာဂရုစိုက်ပြီး အနေအထိုင် အစားအသောက်တွေကို ဆင်ခြင်မယ်ဆိုရင် အနာကျက်မြန်စေမယ့်အပြင် အနာပိုးဝင်တာတွေကိုပါ သက်သာစေမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement