backup og meta

ဖိနပ်ပေါက်တဲ့အနာ အမာရွတ်မကျန်စေဖို့ ဒါတွေကို သတိထားပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖိနပ်ပေါက်တဲ့အနာ အမာရွတ်မကျန်စေဖို့ ဒါတွေကို သတိထားပါ
    ဖိနပ်အသစ်လေးများဝယ်လာရင် ကိုယ်တွေကြုံနေကျပြဿနာက စတော့တာပဲ။ မနက်စီးသွားတုန်းကအကောင်း၊ နည်းနည်းသွားလာပြီးတာနဲ့ခြေလှမ်းတွေက သိပ်မသွက်နိုင်တော့ဘူး။ ဖိနပ်ကပေါက်နေပြီကိုး။
    အရင်ဆုံးပြေးလုပ်နိုင်တဲ့ တစ်ခုတည်းသောအလုပ်ကတွေ့ရာဆိုင်မှာ ပလာစတာပြေးဝယ်တော့တာပဲ။ ဖိနပ်ပေါက်တဲ့နေရာလေးကို ပလာစတာကပ်ပြီး ဆက်စီးရင်စီး ဒါမှမဟုတ် ဖိနပ်လဲစရာရှိလဲရတော့တယ်။ ဒါပေမယ့်နောက်နေ့ကျ အဆင်ပြေသွားမှာပဲဆိုပြီးအောင့်အည်းပြီး သည်းခံစီးကြပါတယ်။ ဖိနပ်အသစ်လေးကို မစွန့်လွှတ်နိုင်ဘူးလေ။
    ဒါပေမယ့်ပြဿနာက တချို့အနာတွေက အရည်ကြည်ဖုလေးတွေဖြစ်လာရာကနေ ပေါက်ပြဲကုန်လို့ အနာတွေဖြစ်ကုန်တာ၊ အသားမာတက်၊ အမာရွတ်ဖြစ်ကျန်တတ်ပါတယ်။ အဲဒီလိုဖြစ်ကျန်ခဲ့တဲ့အခါ ခြေထောက်လေးတွေ အရုပ်ဆိုးရပြီပေါ့။ အနာကနေ ပိုးဝင်ရင်လည်းနောက်ဆက်တွဲတွေက လာဦးမယ်ဆိုတော့ ကိုယ့်ဘက်က ကြိုးစားကြည့်လို့ရမယ့်အကြံဉာဏ်လေးတွေ ဒီဆောင်းပါးမှာပြောပြပေးချင်ပါတယ်။
    • အရမ်းကျပ်တဲ့ဖိနပ်ကို မစီးပါနဲ့။ ကိုယ့်ခြေထောက်နဲ့ ကွက်တိတော်တာပဲစီးပါ။ ဆိုင်မှာက စီးကြည့်လို့ရနေတာပဲလေ။ စီးကြည့်ပြီး သက်သောင့်သက်သာရှိမှစီးပါ။ လှပေမယ့်ခြေထောက်ကို ဒုက္ခပေးသလို ဖြစ်စေတာမျိုးက ရေရှည်အတွက်မကောင်းပါဘူး။
    • အရည်အသွေးကောင်းတဲ့ဖိနပ်တွေပဲ စီးပါ။ ဈေးပေါပြီး အရည်အသွေးညံ့တဲ့ ဖိနပ်တချို့က ခြေထောက်အရေပြားအတွက် ရန်သူပါပဲ။ ပျော့ပျောင်းမှုမရှိ၊ မာတောင့်တောင့်ကြီးလည်းဖြစ်နေနိုင်တော့ ပွန်းပဲ့လွယ်တယ်။
    • နောက်တစ်နည်းက ဖိနပ်ရဲ့အနားသတ်ကိုcastor oil သုတ်ထားပါ။ မာနေတဲ့ ဖိနပ်ရဲ့အသားကိုပျော့ပျောင်းစေတဲ့အတွက် ဖိနပ်မပေါက်တော့ဘူးပေါ့။
    • ဖိနပ်အတွင်းပိုင်းကို petroleum jelly နည်းနည်းသုတ်ပြီး တစ်ညထားပါ။နောက်တစ်နေ့ စီးလို့အဆင်ပြေနေပါလိမ့်မယ်။ မနက်ကျ အဝတ်စလေးနဲ့ သုတ်ပစ်လိုက်ပေါ့။
    • မစီးခင် ဖိနပ်ရဲ့အတွင်းဘက်ကို သုံးညဆက်တိုက် အုန်းဆီနည်းနည်းသုတ်ထားပေးပါ။ (သုတ်လို့ရတဲ့ဖိနပ်အသားဆိုရင်ပေါ့)
    • အထိခိုက်မခံနိုင်တဲ့ ဒါမှမဟုတ် ပျက်စီးမှာစိုးရိမ်ရတဲ့ တန်ဖိုးကြီးဖိနပ်ဆိုရင်တော့ ဖိနပ်ကိုပျော့အောင်လုပ်ဖို့ထက် ကိုယ့်ခြေထောက်ကို ကာကွယ်ကုသဖို့ပဲ ဂရုစိုက်လိုက်ပါတော့။
    • ခြေမနဲ့ခြေညှိုးကြားလိုမျိုး ဖိနပ်ပေါက်တတ်တဲ့နေရာတွေကို ရွေးပြီး petroleum jelly လိမ်းထားပါ။ ပေါင်ဒါနည်းနည်းလူးထားပါ။

    ဖိနပ်ပေါက်တဲ့ အနာဖြစ်လာပြီဆိုရင်တော့

    အနာကို ဂရုမစိုက်လို့ ပိုပြီးပေါက်ပြဲလာရင်၊ ဖိနပ်နဲ့ပွတ်တိုက်ရင်း ဆက်ပွန်းပဲ့လာရင်ဖြစ်လာနိုင်တာက ပိုးဝင်ပြီးအနာရင်းတာရယ်၊ အနာကျက်ပြီးအမာရွတ်ကျန်တာရယ်၊ အသားမာတက်တာရယ် ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်
    ပလာစတာ ကပ်ထားပါ။ ဖိနပ်ပေါက်တဲ့အခါ လုပ်နိုင်တာက ပေါက်ပြဲအနာဖြစ်မလာအောင် အစောတည်းက ပလာစတာကပ်ထားလိုက်ဖို့ပါ။ ထပ်မပွန်းပဲ့တော့ဘူးပေါ့။ ဒါပေမယ့် ပလာစတာကို ညစ်ပေတိုင်း၊ လိုအပ်တိုင်း အသစ်လဲပေးဖို့လိုပါတယ်။ အရည်ကြည်ဖုဖြစ်လာရင် မဖောက်ပါနဲ့၊ မပေါက်ပါစေနဲ့။ သူ့အလိုလိုချပ်ရပ်သွားမှသာ အနာကျက်မြန်စေပြီး အမာရွတ်မဖြစ်စေပါဘူး။
    နောက်တစ်ချက်ကတော့ ဖိနပ်စီးတာ အသားကျလာလို့ အနာကျက်ပြီဆိုရင် အမာရွတ်မကျန်အောင် ဂရုစိုက်ဖို့ပါ။ လုပ်လို့ရတဲ့နည်းလေးတချို့ပြောပြမယ်နော်။
    ဆန်အနည်းငယ်ကို အမှုန့်ကြိတ်ပြီး (ဆန်စိမ်းမှုန့်သုံးလည်းရပေမယ့် ကိုယ်တိုင်လုပ်တာက ပိုလတ်ဆတ်ပါတယ်)ရေနဲ့အနှစ်ဖျော်ပါ။ ဖိနပ်ပေါက်တဲ့နေရာကို လိမ်းပါ။ခြောက်တဲ့အထိထားပါ။ ကြက်သီးနွေးရေလေးနဲ့ ညင်သာစွာဆေးကြောပါ။
    သံလွင်ဆီ က အရေပြားအစိုဓာတ်ထိန်းတဲ့နေရာမှာ အကောင်းဆုံးဆေးတစ်လက်ပါ။ ပျားရည်နဲ့သံလွင်ဆီပေါင်းရင် ရောင်ရမ်းမှုနဲ့ အနာကိုသက်သာစေနိုင်စွမ်းရှိပါတယ်။ သူတို့နှစ်မျိုးကို ဆတူရောပြီး ပျစ်လာအောင်မွှေပါ။ ဖိနပ်ပေါက်တဲ့နေရာကို လိမ်းပြီး မိနစ် ၃၀ သက်သောင့်သက်သာထားပါ။ လုံးဝပျောက်ကင်းတဲ့အထိ အိမ်ပြန်ရောက်တိုင်း နေ့တိုင်းလုပ်ပေးရင်နာကျင်မှုသက်သာတဲ့အပြင် အမာရွတ်မဖြစ်အောင်လည်း ကာကွယ်နိုင်ပါလိမ့်မယ်။
    ရှားစောင်းလက်ပပ် က အနာကျက်စေတဲ့စွမ်းအင်ကြောင့် ဖိနပ်ပေါက်တဲ့အနာနဲ့ အမာရွတ်တွေကို ကုသရာမှာ သိသာတဲ့ရလဒ်ရှိစေနိုင်ပါတယ်။ ဖိနပ်ပေါက်တဲ့နေရာကို ရှားစောင်းရဲ့အတွင်းနှစ် သို့မဟုတ် ရှားစောင်းသဘာဝဂျယ်လ်(ဘူး) လိမ်းပေးနိုင်ပါတယ်။ အနာကျက်တဲ့အခါလည်း အမာရွတ်ကျန်ရင်တောင် တဖြည်းဖြည်းပါးသွားအောင် ကူညီပေးနိုင်ပါတယ်။
    ဖိနပ်ပေါက်တဲ့ဒုက္ခက စစီးစီးချင်း နှစ်ရက်ကနေ တစ်ပတ်လောက်တော့ခံစားရတတ်တယ်ဆိုတော့ အနာသက်သာဖို့နဲ့ အမာရွတ်ကျန်ပြီး ခြေထောက်အလှမပျက်ဖို့ ကြိုးစားကြည့်ရအောင်နော်။ခြေလှမ်းတိုင်းမှာ ယုံကြည်မှုရှိရှိနဲ့လျှောက်လှမ်းလိုက်ပါတော့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement