backup og meta

ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ

    သင့်ရှေ့မှာ လူတယောက် ဓာတ်လိုက်နေရင် ဘာလုပ်မလဲ။ ဒါဟာ သိပ်ပြီးလွယ်ကူရိုးရှင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် လူတယောက် ဓာတ်လိုက်နေတယ်ဆိုတာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဓာတ်လိုက်ခံရမှု ဘယ်လောက်ပြင်းထန်လဲဆိုတာဟာ လျှပ်စစ်အမျိုးအစား၊ ဗို့အားပမာဏ၊ ခန္ဓာကိုယ်ထဲ လျှပ်စစ်ဖြတ်စီးပုံ အနေအထား၊ ဓာတ်လိုက်ခံရသူရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဓာတ်လိုက်ခံရ ပြီးပြီးချင်း သူ့ကို ဘယ်လောက်မြန်မြန် ကုသမှုပေးနိုင်ခဲ့သလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ ဒီတော့ ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဓာတ်လိုက်တာကြောင့် အရေပြား လောင်ကျွမ်းသွားနိုင်သလို အပြင်ပန်းမှာ ထူးထူးခြားခြား အမှတ်အသား ဘာမှမကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လျှပ်စစ်ဓာတ် ခန္ဓာကိုယ်ထဲ ဖြတ်စီးသွားတာ ဖြစ်တဲ့အတွက် အတွင်းဒဏ်ရာတွေ၊ နှလုံးရပ်သွားတာတွေနဲ့ တခြားထိခိုက်ဒဏ်ရာတွေကို ဖြစ်စေနိုင်ပါတယ်။ တချို့အခြေအနေတွေမှာဆိုရင် လျှပ်စစ်ပမာဏ အနည်းငယ်လေးနဲ့တောင် သေစေနိုင်ပါတယ်။

    ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ ဓာတ်လိုက်ရင် ပြုလုပ်သင့်တဲ့ ရှေးဦးသူနာပြုနည်းလေးတွေကို သိထားသင့်ပါတယ်

    ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ

    ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ ဆိုတော့

    ၁။ ဓာတ်လိုက်နေတဲ့သူဟာ လျှပ်စစ်နဲ့ ထိနေတုန်းဆိုရင် သူ့ကို တိုက်ရိုက်မကိုင်တွယ်ပါနဲ့။ သင်ပါ ဓာတ်လိုက်သွားနိုင်ပါတယ်။ ဓာတ်လိုက်နိုင်တဲ့ ပတ်ဝန်းကျင်မှာ မနေပါနဲ့။ ဥပမာ ရေစပ်၊ သတ္တုမျက်နှာပြင်။

    ၂။ မိုးကြိုးပစ်တာမျိုး ဒါမှမဟုတ် ဗို့အားများတဲ့ လျှပ်စစ်နဲ့ ဓာတ်လိုက်တာမျိုးဆိုရင် သက်ဆိုင်ရာဌာန (ဥပမာ လျှပ်စစ်ဌာန) ဆက်ပြီး အရေးပေါ် အကူအညီတောင်းခံပါ။ ပါဝါကို လုံးဝပိတ်မချလိုက်ခင်မှာ ဗို့အားပြင်း လျှပ်စစ်ကြိုး/ပစ္စည်းတွေ အနား မကပ်ပါနဲ့။

    ဓာတ်တိုင်တွေ အချင်းချင်းဆက်ထားတဲ့ ဝိုင်ယာကြိုးတွေဟာ အများအားဖြင့် လျှပ်ကာ အလွှာမအုပ်ထားပါဖူး။ ဒါကြောင့် အဆိုပါ ဝိုင်ယာကြိုးတွေ လှုပ်ခါယမ်းနေရင် ဒါမှမဟုတ် မီးပွားတွေ ပွင့်နေရင် အနည်းဆုံး ပေ၂၀လောက် အကွာမှာ နေပါ။

    ၃။ အခြေအနေ အရမ်းဆိုးရွားတဲ့ ကိစ္စမျိုးကလွဲလို့ ဓာတ်လိုက်ခံရသူကို ပုံမှန်အနေအထားမှာ ထားပါ။ ပထမဆုံး လုပ်ရမယ့် အဆင့်က သူ့ကို လျှပ်စစ်စက်ကွင်းနေရာက မြန်နိုင်သမျှ မြန်မြန် ဖယ်ထုတ်ရပါမယ်။ အကောင်းဆုံးနည်းလမ်းကတော့ လျှပ်စစ်ရဲ့ မူလရင်းမြစ်နေရာကို ပါဝါပိတ်ပစ်လိုက်ဖို့ပါ (ဥပမာ စက်ပစ္စည်းကို ပလပ်ဆွဲဖြုတ်လိုက်တာ၊ မိန်းခလုတ်ကို ပိတ်ချလိုက်တာ စသဖြင့်ပေါ့)။

    ဒီလိုလုပ်ဖို့ မဖြစ်နိုင်ဖူးဆိုရင် ဓာတ်မလိုက်နိုင်တဲ့ ပစ္စည်း (ဥပမာ သစ်သားချောင်းလိုမျိုး)ကို သုံးပြီး ဖယ်ထုတ်ပါ။

    ၄။ ဓာတ်လိုက်ခံရသူကို လျှပ်စစ်နဲ့ ဝေးရာကို ဖယ်ထုတ်ပြီးတဲ့နောက်မှာ လူနာအနေနဲ့ သတိလစ်နေတုန်းဆိုရင် လူနာတင်ကားကို အမြန်ခေါ်ပါ။ ရှေးဦးသူနာပြုစုတာကို အခြေခံဗဟုသုတရှိပြီး ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သူကသာ ပြုလုပ်သင့်ပါတယ်။

    ၅။ ဓာတ်လိုက်ခံရတာရဲ့ လက္ခဏာတွေဟာ ရုတ်တရက် မသိသာတာမျိုးတွေလည်း ရှိတဲ့အတွက် ဓာတ်လိုက်ခံရသူအနေနဲ့ သတိပြန်ရနေပြီး အခြေအနေကောင်းတယ်ဆိုရင်တောင် သူတို့ရဲ့ အခြေအနေကို ဆက်လက်ပြီး စောင့်ကြည့်နေရဦးမှာပဲ ဖြစ်ပါတယ်။ အဆိုးဆုံးအနေနဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ အကုန်လုံးပျက်စီးပြီး တစ်ရှူးတွေပါ သေကုန်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

    နောက်ထပ် ပြဿနာတွေက အတွင်းပိုင်းထိလှိုက်ပြီး လောင်တာ၊ ကြွက်သားတွေ ထိခိုက်ဒဏ်ရာ ရတာနဲ့ အရိုးတွေကျိုးတာ စသဖြင့် ဖြစ်ပါတယ်။ ဒီလိုအတွင်းဒဏ်ရာတွေ ရှိနိုင်တဲ့အတွက် အပြင်မှာ ဘာမှမဖြစ်ဘူးဆိုရင်တောင် ဆေးရုံသွားပြီး စောင့်ကြည့်ကုသမှု ခံယူသင့်ပါတယ်။

    ၆။ RCD လို့ခေါ်တဲ့ လျှပ်စစ်အန္တရာယ်ကာကွယ်ပေးတဲ့ ပစ္စည်းလေးကို သုံးပါ။ ဒီပစ္စည်းကို သုံးရင် လုံးဝဓာတ်မလိုက်တော့ပါဘူးလို့ အာမခံချက်မပေးနိုင်ပေမယ့် အကယ်၍များ ဓာတ်လိုက်ခဲ့သည်ရှိသော် ခန္ဓာကိုယ်ကို လျှပ်စစ်ဖြတ်စီးတဲ့ ကာလကို တိုတောင်းအောင် RCD က လုပ်ပေးနိုင်ပါတယ်။ ခြံထဲက ပန်းခြံထဲမှာ လျှပ်စစ်ပစ္စည်းတွေ သုံးလေ့ရှိသူတွေအဖို့ RCD ကို အသုံးပြုပြီး လျှပ်စစ်အန္တရာယ်က ကာကွယ်ဖို့ အကြံပေးချင်ပါတယ်။ အထူးသဖြင့် လျှပ်စစ်မိန်းဝင်ပေါက်မှာ တပ်ထားသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement