backup og meta

ဒဏ်ရာကိုဘာ့ကြောင့် ပလာစတာ သို့မဟုတ် ပတ်တီးစည်းထားသင့်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒဏ်ရာကိုဘာ့ကြောင့် ပလာစတာ သို့မဟုတ် ပတ်တီးစည်းထားသင့်တာလဲ

    အရေပြားမှာဖြစ်လာတဲ့ ထိခိုက်ပေါက်ပြဲမှုအများစုဟာ အနာကျက်ဖို့အတွက် အစိုဓါတ်ရှိဖို့လိုအပ်ပါတယ်။ အနာကို မဖုံးမအုပ်ဘဲထားရင် အပေါ်ယံအရေပြားဆဲလ်အသစ်တွေကိုခြောက်သွေ့စေလို့ ဒဏ်ရာကိုပိုနာကျင်စေပြီး အနာကျက်နှေးစေပါတယ်။

    အနာကို ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ဖုံးအုပ်ထားတာက အရေပြားအသစ်ကိုဖြစ်ပေါ်စေပြီး ဆဲလ်တွေကို ရှင်သန်စေပါတယ်။ ဖုန်မှုန့်တွေ၊ပိုးမွှားတွေနဲ့တခြားထိခိုက်မှုတွေရန်က ကာကွယ်ပေးပါတယ်။ အနာကိုဖုံးအုပ်စရာမလိုတဲ့ ရှမိ၊ခြစ်မိတဲ့ဒဏ်ရာအသေးအဖွဲလေးတွေက လွဲလို့ပေါ့။

    အနာဘယ်လိုကျက်သလဲ

    အနာကျက်ခြင်းဖြစ်စဉ်ဆိုတာ ထိခိုက်ဒဏ်ရာရပြီးနောက် အရေပြားနဲ့ခန္ဓါကိုယ်ဆဲလ်တွေကအရေပြားအပေါ်ယံနဲ့အတွင်းပိုင်းအလွှာကိုပြင်ပအရာဝတ္ထုတွေရန်က ကာကွယ်ပေးပြီး အလိုအလျောက်ပြန်လည်ကုသတဲ့ဖြစ်စဉ်ပါ။ အဲဒီဖြစ်စဉ်မှာ ဆဲလ်သစ်ဖြစ်ပေါ်ခြင်း၊ ပျက်စီးနေတဲ့ဆဲလ်သေတွေကိုဖယ်ရှားခြင်း၊ တစ်ရှူးအသစ်ဖွံ့ဖြိုးမှု၊အရေပြားအတွင်းပြန်လည်တည်ဆောက်ခြင်းတို့ပါဝင်ပါတယ်။

    အနာကျက်ဖို့ကြာမြင့်ချိန် အနှေးအမြန်ဟာ ဒဏ်ရာရဲ့အရွယ်အစား၊အနေအထားနဲ့ ကိုယ်ခန္ဓါကျန်းမာမှုတို့ကိုမူတည်ပါတယ်။ ဆီးချိုသွေးချိုရောဂါ၊သွေးကြောကျဉ်းရောဂါ၊ရောဂါပိုးဝင်ခြင်းနဲ့ အသက်ကြီးခြင်းတို့လို အခြေအနေတွေကြောင့် အနာကျက်နှေးစေနိုင်ပါတယ်။ သန့်စင်ပေးခြင်းနဲ့ရောဂါပိုးမဝင်အောင်ကြိုတင်ကာကွယ်ခြင်းတို့ကြောင့် အနာကျက်ဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။

    သေချာဂရုမစိုက်လို့ အနာပိုးဝင်ပြီဆိုရင်တော့ အားလုံးအစပြန်ရောက်သွားစေပြီးပျောက်ကင်းအောင်ကုသရပိုခက်၊ပိုကြာသွားစေနိုင်ပါတယ်။

    အနာမှာ အစိုဓါတ်ရှိတာကောင်းသလား၊ ခြောက်သွေ့နေတာကောင်းလား

    အနာတစ်ခုခုဆို အရေပြား ခြောက်ပြီး ကွာတော့မယ့်အနေအထားကို အနာကျက်လာပြီလို့ပြောတတ်ကြပါတယ်။ အနာမှာခြောက်သွေ့နေတိုင်း အနာမကျက်ပါဘူး။ တစ်ခါတလေ အနာကအပေါ်ယံခြောက်ပြီးအနာကျက်သလိုမြင်ရပေမယ့် အတွင်းမှာအနာမကျက်ဘဲ တာရှည်နေတာမျိုးရှိပါတယ်။

    အနာက ချပ်ချပ်ရပ်ရပ်လေးဖြစ်နေမှ အနာကျက်မြန်မှာလို့ ယူဆသူများတာကြောင့် ဘာမှမဖုံးအုပ်ဖို့၊ ပလာစတာ သို့မဟုတ် ပတ်တီးမစည်းဖို့ပြောတတ်ကြပါတယ်။ တကယ်ရောဟုတ်လို့လား။လေသလပ်ပြီး ဖုံးအုပ်မထားရင် အနာကျက်ပိုမြန်နိုင်သလား။ တကယ်တော့ဆေးပညာလေ့လာမှုတွေရဲ့တွေ့ရှိချက်ကတော့ ဆန့်ကျင်ဘက်ပါ။ အနာကိုလေနဲ့တိုက်ရိုက်ထိတွေ့စေတာက အနာကျက်မှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက် ဆရာဝန်တွေက အကြံပြုမထားပါဘူး။ အနာကိုဖုံးအုပ်ပြီး အစိုဓါတ်လေးလည်းထိန်းပေးထားတာက အနာကျက်ပိုမြန်စေနိုင်ပါတယ်။ အစိုဓါတ်ထိန်းတယ်ဆိုတာ အနာထည့်ဆေးတစ်ခုခုထည့်ပေးပြီး ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ လိုအပ်သလို ဖုံးအုပ်ကာကွယ်ပေးထားဖို့ပါ။ စိုရွှဲနေဖို့ မဟုတ်ပါဘူး။

    အနာကို ဖုံးအုပ်ကာကွယ်ပေးတာက –

    အနာကျက်မြန်စေတယ်

    ထိခိုက်ဒဏ်ရာဖြစ်လာတဲ့အခါ အနာတဝိုက်ကို ဖုံးအုပ်ပြီးပြန်လည်ကုသမယ့်ဓါတ်တစ်မျိုးကို အရေပြားကထုတ်ပေးပါလိမ့်မယ်။ အရေပြားအသစ်ဖြစ်ပေါ်ပြီး အနာကျက်စေဖို့အတွက် ဆဲလ်အသစ်တွေဖြစ်ပေါ်မှရပါမယ်။ ဆဲလ်တွေက အစိုဓါတ်ရှိတဲ့ပတ်ဝန်းကျင်မှာ ဖွံ့ဖြိုးမှုပိုကောင်းတာကြောင့် ပတ်တီး၊ပလာစတာနဲ့ ဖုံးအုပ်ပေးသင့်တာပါ။

    အနာဖေးတွေဖြစ်မလာအောင် တားဆီးပေးပါတယ်

    အနာဖေးတွေဆိုတာ အနာကျက်ခြင်းကိုဟန့်တားတဲ့အရာတွေပါ။ အနာကခြောက်သွေ့နေပြီဆိုရင် အနာဖေးတွေဖြစ်လာတတ်ပြီး ဆဲလ်သစ်တွေပြန်လည်ဖြစ်ပေါ်ဖို့ အနေအထားအဆင်မပြေတော့ဘဲခြောက်သွေ့မှုကြောင့် ဆဲလ်တွေကို ပိုတောင်ထိခိုက်စေနိုင်ပါတယ်။ အနာကိုလေနဲ့ထိတွေ့လေ အနာဖေးတွေပိုဖြစ်လေပါပဲ။

    အမာရွတ်ဖြစ်နိုင်ခြေ နည်းစေတယ်

    အနာဖေးတွေပိုဖြစ်လာတဲ့အခါ သိလျက်နဲ့ရော၊ မသိလိုက်ဘဲရော ကုတ်ဖဲ့မိတတ်ကြပါတယ်။ တစ်ခါတလေ ယားသလိုလိုဖြစ်လာလို့ ကုတ်မိလို့ ကွာကုန်တဲ့အခါ အနာကသွေးပြန်စို့လာတာ၊ အနာရင်းတာတွေဖြစ်စေပြီးနောက်ဆုံးမှာ အရေပြားတစ်ရှူးတွေပျက်စီးပြီး အမာရွတ်တွေဖြစ်ကျန်ခဲ့စေပါတယ်။ အနာကို အစိုဓါတ်ထိန်းပေးတဲ့အခါ ပရိုတင်းထုတ်လုပ်မှုကိုအားပေးပြီး အနာကျက်စေတာကြောင့် အမာရွတ်ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။

    ဖုန်မှုန့်၊ ပိုးမွှားတွေရန်က ကာကွယ်ပေးတယ်

    အနာကို သန့်ရှင်းအောင်ထားပြီး စနစ်တကျဖုံးအုပ်ကာကွယ်ပေးထားရင် ဖုန်မှုန့်၊ အညစ်အကြေး၊နဲ့ရောဂါပိုးမွှားတွေလိုမျိုးပြင်ပအရာတွေထိတွေ့မှုရန်က ကာကွယ်ပြီးသားဖြစ်မှာပါ။ ဒါဆို အနာက ကြီးကြီးသေးသေး ရောဂါပိုးဝင်ဖို့၊ အနာရင်းဖို့ဖြစ်လာစရာမရှိတော့ပါဘူး။

    ဒီအကြောင်းရင်းတွေကြောင့်ပဲ အနာဖြစ်ရင် အပေါ်ယံပွန်းရုံလောက် ရှမိ၊ခြစ်မိတဲ့ အသေးအဖွဲလေးတွေကလွဲပြီး ပလာစတာ ဒါမှမဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်သင့်တယ်ဆိုတာ သိလောက်ပါပြီနော်။ အသက်ကိုဉာဏ်စောင့် ဆိုသလို ကိုယ့်ကျန်းမာရေးကို အသေးအဖွဲကအစ မပေါ့ဆကြဖို့ အကြံပြုချင်ပါတယ်။ ခန္ဓါကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကမှ အပိုမပါဘူးလေနော်။ အရေပြားပေါက်ပြဲတာလောက်ကို စာမဖွဲ့ပါဘူးဆိုသူတွေ အနာသေးသေးလေးကစလို့မေးခိုင်ရောဂါလို အန္တရာယ်အကြီးစားတွေအထိ မရောက်သွားရလေအောင် အနာဖြစ်လာရင် စနစ်တကျဂရုစိုက်ပါလို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement