backup og meta

ဆီးချိုကြောင့်ဖြစ်သော မျက်စိ နောက်ဆက်တွဲပြဿနာများ- ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုကြောင့်ဖြစ်သော မျက်စိ နောက်ဆက်တွဲပြဿနာများ- ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်း

    ဆီးချိုကြောင့်ဖြစ်သောမျက်လုံး၏ နောက်ဆက်တွဲပြဿနာများ

    ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်း

    ဆီးချိုဟာမျက်စိကိုအန္တရာယ်ပေးပါတယ်။ သူဟာမျက်စိရဲ့နောက်ပိုင်းမှာရှိတဲ့ အတွင်းမြင်လွှာ (retina)ကသွေးကြောငယ်လေးတွေကိုထိခိုက်စေပြီးဒီလိုဖြစ်ခြင်းကိုဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းလို့ ခေါ်ပါတယ်။

    ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းဆိုတာဘာလဲ

    ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းဆိုတာဆီးချိုရောဂါကြောင့် မျက်စိအတွင်းမြင်လွှာမှာဖြစ်တဲ့ ပြသနာအားလုံးကို ခြုံငုံခေါ်ဆိုတာ ဖြစ်ပါတယ်။ သိပ်ပြီးမမြန်ဆန်ဘူးဆိုရင် မျက်လုံးနောက်ပိုင်းကသွေးကြောငယ်လေးတွဟာ ကြီးလာပြီးအိတ်ကလေးတွေလိုဖောင်းလာပါတယ်။ အဲဒီကနေတဆင့် ရောင်ပြီးသွေးထွက်တာ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာလျင်မြန်စွာ ကြီးထွားလာတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် မျက်စိအတွင်းမြင်လွှာကသွေးကြောတွေပျက်စီးပြီးသွေးကြောသစ်တွေ ဖြစ်ပေါ်လာပါတယ်။ သွေးကြောသစ်တွေဟာအားပျော့ပြီးသွေးထွက်တတ်ပါတယ်။

    ဘယ်သူတွေ ဒီပြဿနာဖြစ်နိုင်လဲ

    ဆီးချိုကြောင့် မျက်စိအမြင်လွှာထိခိုက်ခြင်းဟာအသက် ၂၀ မှ ၇၄ နှစ်အရွယ်အတွင်းဆီးချိုဝေဒနာသည်တွေ မျက်စိကွယ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတရပ် ဖြစ်ပါတယ်။ ဒီအခြေအနေဟာဆီးချိုအမျိုးအစား (၁) ရော (၂) မှာပါဖြစ်နိုင်ပါတယ်။ ဆီးချိုဖြစ်တာအချိန်ကြာလာလေလေသွေးတွင်းသကြားဓါတ်ကိုမထိန်းချုပ်နိုင်လေလေ၊ မျက်စိရောဂါဖြစ်လာနိုင်လေလေ ဖြစ်ပါတယ်။ ဆီးချိုရောဂါသည်ရဲ့ ၄၀ မှ ၄၅ ရာခိုင်နှုန်းလောက်မှာအမြင်လွှာပျက်စီးခြင်းဟာအတိုင်းအတာတခုအထိရှိပါတယ်။

    ဆီးချိုကြောင့် မျက်စိအမြင်လွှာပျက်စီးခြင်းလက္ခဏာတွေကဘာတွေလဲ

    ဖြစ်ခါစမှာတော့ လက္ခဏာတွေ မရှိနိုင်ပါဘူး။ အခြေအနေတဖြည်းဖြည်းဆိုးလာရင်တော့ အောက်ပါလက္ခဏာတွေ ပါဝင်လာပါတယ်။

  • မြင်ကွင်းထဲတွင် အစက်အပြောက်ကလေးများပေါလောမျောနေခြင်း
  • အမြင်မကြည်လင်ခြင်း
  • ပုံရိပ်များထပ်နေခြင်း
  • အရောင်ကောင်းစွာမခွဲနိုင်ခြင်း
  • မြင်ကွင်းထဲတွင် တစိတ်တပိုင်းကွက်၍ မမြင်ရခြင်း
  • မျက်စိကွယ်ခြင်း
  • ဆီးချီုကြောင့် အမြင်လွှာထိခိုက်ခြင်းဟာမျက်စိနှစ်ဖက်လုံးကိုထိခိုက်စေပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ

    သင့်အနေနဲ့ အောက်ပါလက္ခဏာတွေ ကြုံလာရရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ပြသင့်ပါတယ်။

    • အလင်းသိပ်မရှိသောအခါ ကောင်းစွာမမြင်နိုင်ခြင်း
    • မမြင်နိုင်သောနေရာများရှိလာခြင်း
    • ပုံရိပ်နှစ်ခုမြင်ရခြင်း (တစ်ခုတည်းသာရှိသည်ကို နှစ်ခုမြင်ရခြင်း)
    • အမြင်အာရုံေဝဝါးလာပြီး ကောင်းစွာစူးစိုက် မမြင်နိုင်တော့ခြင်း
    • မျက်လုံးအောင့်ခြင်း
    • ခေါင်းကိုက်ခြင်း
    • မျက်လုံးထဲတွင် အစက်အပြောက်ကလေးများမျောနေသည်ကို မြင်ရခြင်း
    • မြင်ကွင်း၏ ဘေးဘက်မှ အရာများကိုမမြင်နိုင်ခြင်း
    • အရိပ်များမြင်ခြင်း

    ဆီးချိုကြောင့် အမြင်လွှာထိခိုက်ခြင်းဘာကြောင့်ဖြစ်တတ်သလဲ

    သင့်ရဲ့သွေးထဲမှာသကြားဓါတ်များလာတာအချိန်ကြာလာတဲ့အမျှ အမြင်လွှာကိုထောက်ပံ့ပေးနေတဲ့ သွေးကြောငယ်လေးတွေကိုပိတ်ဆို့စေပြီးသွေးရာက်ရှိမှုကို ဖြတ်လောက်လိုက်ပါတယ်။ ရလာဒ်အနေနဲ့ကတော့ မျက်လုံးဟာသွေးကြောအသစ်တွေ ပေါ်ထွက်လာဖို့ ကြိုးစားရပါတယ်။ ဒါပေမယ့် အဲဒီသွေးကြောအသစ်တွေဟာကောင်းစွာမဖွံ့ဖြိုးဘဲပေါက်ပြဲလွယ်ပါတယ်။

    ဆီးချိုကြောင့် အမြင်လွှာထိခိုက်ခြင်း (၂) မျိုးရှိပါတယ်။

    ဖြစ်ပွားမှုမမြန်သောအမြင်လွှာပျက်စီးခြင်း(Non-proliferative Diabetic retinopathy)

    ပိုအဖြစ်များတဲ့ ဒီအမျိုးအစားမှာသွေးကြောသစ်တွေဟာ ကြီးထွားတာနှေးပါတယ်။ ဒီပြဿနာကိုသင်ကြုံပြီဆိုရင် သင့်ရဲ့အမြင်လွှာကသွေးကြောလေးတွေနံရံဟာအားနည်းလာတတ်ပါတယ်။ ဒီသွေးကြောလေးတွေရဲ့ နံရံကနေအိတ်ကလေးတွေ ဖောင်းထွက်လာပြီးတခါတရံပေါက်ပြဲတဲ့အခါ အမြင်လွှာထဲကိုအရည်နဲ့ သွေးတွေ ဝင်ရောက်သွားတတ်ပါတယ်။ အမြင်လွှာရဲ့ ပိုကြီးတဲ့ သွေးကြောတွေဟာလည်းကျယ်ပြန့်လာပြီးသွေးကြောလုံးပတ်ဟာမညီမညာ ဖြစ်လာပါတယ်။ သွေးကြောတွေ ပိုပြီးပိတ်တာများလာရင်တော့ အမြင်လွှာပျက်စီးမှုဟာသိပ်မပြင်းထန်တဲ့ အခြေအနေကနေဆိုးရွားသွားတတ်ပါတယ်။

    အမြင်လွှာထဲကအာရုံကြောတွေဟာလည်းဖောင်းလာပါတယ်။ တစ်ခါတရံအမြင်လွှာအလယ်ပိုင်းနေရာဟာရောင်လာတတ်ပြီးအဲဒီအခြေအနေဟာကုသဖို့ လိုအပ်ပါတယ်။

    ဖြစ်ပွားမှုမြန်သောအမြင်လွှာပျက်စီးခြင်း(Proliferative Diabeteti)

    အမြင်လွှာပျက်စီးခြင်းဟာဆိုးရွားတဲ့ ဒီအခြေအနေထိရောက်လာတတ်ပါတယ်။ ဒီအမျိုးအစားမှာပျက်စီးသွားတဲ့ သွေးကြောတွေဟာပိတ်ဆို့သွားပြီးပုံမှန်မဟုတ်တဲ့ သွေးကြောအသစ်တွေ ဖြစ်လာစေပါတယ်။ ဒီသွေးကြောတွေပေါက်သွားရင် မျက်လုံးအလယ်ပိုင်းကအရည်ကြည်တွေထဲစိမ့်ဝင်သွားနိုင်ပါတယ်။

    တဖြည်းဖြည်းချင်းသွေးကြောအသစ်တွေ ကြီးထွားလာခြင်းကြောင့် အမာရွတ်ဖြစ်နေတဲ့ တစ်သျှူးစလေးတွေဟာအမြင်လွှာကိုမျက်လုံးအိမ်နောက်ပိုင်းမှာကွာကျလာစေပါတယ်။ သွေးကြောအသစ်များဟာမျက်လုံးအတွင်းကပုံမှန်အရည်စီးဆင်းမှုကိုဝင်ရောက်နှောင့်ယှက်တဲ့အခါ မျက်လုံးအိမ်အတွင်းဖိအားမြင့်တက်လာစေပါတယ်။ ဒီလိုဖြစ်ခြင်းဟာမျက်လုံးကနေဦးနှောက်ကိုပုံရိပ်တွေ ပို့ပေးနေတဲ့ အမြင်အာရုံကြောကိုပျက်စီးစေပြီးရေတိမ်ရောဂါ ဖြစ်ပေါ်စေပါတယ်။

    ဆရာဝန်က ရောဂါကိုဘယ်လိုအတည်ပြုနိုင်သလဲ

    မျက်လုံးအိမ်ကိုအကျယ်ချဲ့စစ်ဆေးခြင်းဖြင့် အကောင်းဆုံးအတည်ပြုနိုင်ပါတယ်။ ဒီလိုစစ်ဆေးဖို့အတွက် သူငယ်အိမ်ကျယ်လာစေတဲ့ မျက်စဉ်းခပ်ပြီးနောက်မျက်လုံးအတွင်းပိုင်းကိုကောင်းကောင်းမြင်ရတဲ့အခါ စမ်းသပ်စစ်ဆေးပါတယ်။ ဒီမျက်စဉ်းကြောင့် စမ်းသပ်ပြီးနာရီအတော်ကြာတဲ့အထိသင့်အမြင်အာရုံ ေဝဝါးနေတတ်ပါတယ်။

    ဒါ့အပြင် သင်ရဲ့မျက်စိဆရာဝန်ဟာ-

    • မျက်စိရေချိန်ဖိအားတိုင်းခြင်း
    • မျက်စိအတွင်းပိုင်းတည်ဆောက်ပုံစစ်ဆေးခြင်း
    • အမြင်လွှာကိုစစ်ဆေးခြင်း၊ ဓါတ်ပုံရိုက်ခြင်းစတာတွေ ပြုလုပ်နိုင်ပါတယ်။

    ဒီစစ်ဆေးမှုဟာသင့်အနေနဲ့ ပုံမှန်မျက်လုံးပြနေကျ၊ မျက်မှန်အသစ်လဲနေကျ ပုံစံတွေနဲ့တော့ မတူနိုင်ပါဘူး။ သင့်မှာအမြင်အာရုံအပြောင်းအလဲရှိပြီး ဆရာဝန်သွားပြမယ်ဆိုရင် ဆီးချိုရှိနေကြောင်းပြောပြဖို့လိုအပ်ပါတယ်။

    ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းအတွက် ဘယ်လိုကုသလဲ

    သင်ဖြစ်တာစောသေးရင်တော့ ကုသဖို့မလိုပါဘူး။ ဒါပေမယ့် ဆရာဝန်ဟာ သင့်မျက်လုံးအခြေအနေကိုအသေးစိတ်စောင့်ကြည့်ပါလိမ့်မယ်။

    သင့်မျက်စိဆရာဝန်ဟာ သင့်အမြင်လွှာပိုင်းမှာသွေးကြောသစ်တွေ ပေါ်လာတာတွေ့ရင်၊ အမြင်လွှာအလယ်ပိုင်းမှာရောင်လာရင် သင့်အနေနဲ့ မျက်စိခွဲစိတ်မှု ခံယူဖို့လိုအပ်နေပါပြီ။ မျက်စိခွဲစိတ်ကုသခြင်းဟာအမြင်လွှာပျက်စီးခြင်းအတွက် အဓိကကုသမှုပါပဲ။

    လေဆာရောင်ခြည်နဲ့ မျက်စိခွဲစိတ်ခြင်းဟာအမြင်လွှာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပုံမှန်မဟုတ်တဲ့ သွေးကြောတွေကိုလောင်ကျွမ်းပစ်ပါတယ်။ ဒီဖြစ်ရပ်ကိုအလင်းပေး၍ခဲခြင်းလို့ ခေါ်ပါတယ်။ ဒီနည်းနဲ့ သွေးကြောတွေပေါက်ပြဲခြင်းကိုကာကွယ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ သွေးကြောတွေကို ကျုံ့သွားစေပါတယ်။

    မျက်လုံးအိမ်ထဲကိုသွေးယိုမယ်ဆိုရင်တော့ vitrectomyလို့ခေါ်တဲ့ ခွဲစိတ်မှု လိုအပ်ပါတယ်။ အမြင်လွှာကွာကျခြင်းကိုလည်း ပြန်လည်ပြုပြင်ဖို့ လိုပါတယ်။

    ဆရာဝန်ဟာ ပုံမှန်မဟုတ်တဲ့သွေးကြောတွေ ကြီးထွားမလာအောင် မျက်လုံးအိမ်ထဲကိုဆေးထိုးနိုင်ပါတယ်။

    အမြင်အာရုံကိုဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ မျက်စိဆရာဝန်ရဲ့ အကြံပြုချက်ကိုလိုက်နာဖို့လိုပါတယ်။ မျက်စိစစ်ဆေးခြင်းကိုညွှန်တဲ့အချိန်အတိုင်းစစ်ဆေးမှုခံယူဖို့ လိုပါတယ်။ ၁နှစ်တခါ ၂နှစ်၁ခါလောက်တော့ စစ်ဆေးရတတ်ပါတယ်။

    သင့်မှာဆီးချီုရှိပြီးသကြားဓါတ်အရမ်းများနေမယ်ဆိုရင် ဆရာဝန်ဟာ ဆေးအသစ်တွေပေးပြီးသကြားဓါတ်ကိုကျဆင်းစေပါလိမ့်မယ်။ တကယ်လို့ အမြင်လွှာပျက်စီးတာပါရှိရင် သကြားဓါတ်မြင့်မားစေဖို့ ဆေးများသောက်သုံးခြင်းကြောင့် အမြင်အာရုံပျက်စီးခြင်းဟာတခဏအတွင်းဆိုးရွားလာနိုင်ပါတယ်။

    ဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းကိုဘယ်လိုကုသနိုင်မလဲ

    သင့်ရဲ့ ဆီးချိုရောဂါကုသခြင်းဟာအမြင်လွှာပျက်စီးခြင်းနဲ့ တခြားမျက်လုံးပြသနာတွေကိုအဖြစ်နှေးစေပါတယ်။ သင့်ရဲ့သွေးတွင်းသကြားဓါတ်ကိုအောက်ပါနည်းတွေနဲ့ ထိန်းသိမ်းနိုင်ပါတယ်။

    • ကျန်းမာစေသောအစားအစာများစားခြင်း
    • ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း
    • ဆီးချိုကုသသူများကညွှန်ပြသည့်အတိုင်းဆီးချိုပုံမှန်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းဖြင့် သကြားဓါတ်အတက်အကျနှင့် ဆက်စပ်မှုရှိသည့် အစားအစာနှင့် လေ့ကျင့်ခန်းများကိုသိစေခြင်း
    • ဆီးချိုဆေးနှင့် အင်ဆူလင်ဆေးကိုညွှန်ကြားသည့်အတိုင်းသုံးစွဲခြင်း
    • အမြင်လွှာပျက်စီးခြင်းအတွက် အရေးကြီးသောသကြားဓတ်၊ သွေးပေါင်ချိန်၊ ကိုလက်စထရောအဆီများကိုတိကျစွာထိန်းချုပ်ခြင်း
    • ဆေးလိပ်မသောက်ခြင်း။ ဆေးလိပ်ဖြတ်ရန် လိုအပ်လျှင် ဆရာဝန်၊သူနာပြုများထံမှ အကူအညီယူခြင်း

    ကုသခြင်းများဟာအမြင်အာရုံပျက်စီးခြင်းကိုလျှော့ချပေးပါတယ်။ သူတို့ဟာဆီးချိုကြောင့် အမြင်လွှာပျက်စီးခြင်းနဲ့ ပျက်စီးသွားပြီးသားအရာတွေကိုတော့ မကုပေးနိုင်တော့ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement