backup og meta

နူးညံ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

     နူးညံ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

    နူးညံ့ချောမွေ့တဲ့ လက်ကလေးတစ်စုံကို လူတိုင်း( အထူးသဖြင့် မိန်းကလေးတိုင်း) နှစ်သက်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် လက်ကလေးတွေဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝနေရာတိုင်းမှာ မပါမဖြစ် အလုပ်လုပ်ရတာကြောင့် အခြားနေရာတွေထက်စာရင် အသားအရေ ပိုကြမ်းတမ်းလေ့ရှိကြပါတယ်။ ဒါ့အပြင် အခုလို Covid-19 ရောဂါပျံ့နှံ့နေတဲ့ အချိန်မျိုးမှာ ရောဂါပိုးကို ကာကွယ်ဖို့ လက်ခဏခဏ ဆေးရတဲ့အတွက် အသားအရa ပိုပြီးပျက်စီးလာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ နူးညံ့တဲ့ လက်ဖဝါးလေးတွေနဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တဲ့ သူတွေအတွက် လွယ်ကူတဲ့ tips လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ လက်ကလေးတွေက ကြမ်းတမ်းနေလို့ စိတ်ညစ်နေတဲ့ သူတွေလည်း ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ အကြံပေးပါရစေ။

     နူးညံ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

    နူးညံ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

    ၁။ ရာသီဥတုဒဏ်နဲ့ အခြားအန္တရာယ်တွေကနေ ကာကွယ်ပေးပါ။

    ပထမဆုံးအချက်ကတော့ လက်ဖဝါးလေးတွေကို ထိခိုက်စေနိုင်တဲ့ ရာသီဥတုဒဏ်ကနေ ကာကွယ်ဖို့ပါ။ လေတွေတိုက်ပြီး အေးတဲ့ ရာသီဥတုက အသားအရေကို ခြောက်သွေ့ပြီး ကွဲအက်စေနိုင်တာကြောင့် အရမ်းအေးတဲ့ အချိန်အပြင်ထွက်တဲ့အခါ ကိုယ်လုံခြုံဖို့ အနွေးထည်ဝတ်သလိုမျိုး လက်ကလေးကိုလည်း ကာကွယ်ဖို့ လက်အိတ်ဝတ် သင့်ပါတယ်။

    ဒါ့အပြင် နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် UV Light ကလည်း လက်ဖဝါးနဲ့ လက်မှာရှိတဲ့ အရေပြားလေးတွေကို ထိခိုက်စေနိုင်တာကြောင့် ပူပြင်းတဲ့အချိန် အပြင်ထွက်တဲ့အခါမှာလည်း လက်ကို UV protection ပါတဲ့ sunscreen လိမ်းဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ပန်းကန်ဆေး၊ အဝတ်လျှော် စတဲ့ အိမ်တွင်းအလုပ်၊ သန့်ရှင်းရေးတွေ လုပ်တဲ့အခါမှာလည်း လက်ကို မထိခိုက်စေဖို့ လက်အိတ်ဝတ်ပြီးမှ လုပ်သင့်ပါတယ်။

    ၂။ လက်ဆေးတဲ့အခါ ဂရုစိုက်ပါ။

    အရှေ့မှာ ပြောခဲ့သလိုပဲ Covid-19 ရောဂါအခြေအနေအရ မကြာခဏလက်ဆေးရတဲ့အပြင် virus ပိုးကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် ရေနဲ့ ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆေးရတဲ့အခါ ဆပ်ပြာ၊ရေ တွေနဲ့ အချိန်ကြာကြာ၊ ခဏခဏ ထိတွေ့ရတဲ့အတွက် လက်က ပိုပြီးကြမ်းတမ်း၊ ပျက်စီးလာနိုင်ပါတယ်။ ဒါ့ကြောင့် လက်ဆေးတဲ့အခါမှာ ပိုးမွှားလည်းကင်း၊ အသားအရေလည်း ပျက်စီးမှုနည်းအောင် ဒီအချက်တွေကို ဂရုစိုက်သင့်ပါတယ်။

    • ရေနွေးလေးနဲ့ဆေးပါ။ (ရေပူမဟုတ်ဘဲ တော်ရုံ ခပ်နွေးနွေးရေလေးနဲ့ ဆေးတာက အသားအရေအတွက် ကောင်းပါတယ်။ )
    • လက်ကို ကြမ်းကြမ်းတမ်းတမ်းမပွတ်ဘဲ အသာအယာလေးဆေးပါ။
    • ဖြစ်နိုင်ရင် lanolin၊ glycerin စတဲ့ ပစ္စည်းတွေပါဝင်တဲ့ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ ဆပ်ပြာမျိုးကို အသုံးပြုပေးပါ။
    • ရေဆေးပြီးတဲ့အခါ အဝတ်နဲ့ ပွတ်ပြီး သုတ်မယ့်အစား တစ်ရှူးကဲ့သို့ နူးညံ့ပြီး ရေစုပ်မယ့်အရာလေးတွေနဲ့ အသာအယာဖိပြီး အခြောက်ခံပါ။

    ၃။ Moisturizer အသုံးပြုပါ။

    အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ကောင်းကောင်းထိန်းသိမ်းပေးနိုင်တဲ့ ရှားစောင်းလက်ပပ် gel၊ ထောပတ်သီးအဆီ၊ အုန်းဆီ၊ ပျားရည်၊ almond ဆီ စတဲ့ ပစ္စည်းတွေ ပါတဲ့ hand moisturizer ဘူးလေးတွေ ဆောင်ထားပြီး မကြာခဏ အသုံးပြုပေးသင့်ပါတယ်။ အထူးသဖြင့် ရာသီဥတုဒဏ်ကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းအရင်းတွေ ကြောင့်ဖြစ်ဖြစ် အသားအရေခြောက်သွေ့လာပြီဆိုရင် မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။ ဒါ့အပြင် လက်ဆေးပြီး၊ အခြောက်ခံပြီးတိုင်း moisturizer လေးသုံးဖို့လည်း မမေ့ပါနဲ့နော်။

    ၄။ ရေဓာတ်ပြည့်ဝအောင်နေပါ။

    ရေဓာတ်ပြည့်ဝအောင် ရေကို အနည်းဆုံး တစ်နေ့ ဖန်ခွက်၈ခွက် သောက်ပေးသင့်ပါတယ်။ ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝနေခြင်းက လက်တင်မကဘဲ တစ်ကိုယ်လုံးမှာရှိတဲ့ အသားအရေကို ကြည်လင်စေပါတယ်။

    ဒီလို ရိုးရှင်းတဲ့နည်းလမ်းလေးတွေက နူးညံ့ချောမွေ့တဲ့ လက်တစ်စုံကို ရရှိစေနိုင်ဖို့ အများကြီးအထောက်အကူပြုတာကြောင့် ဒီဆောင်းပါးလေးကိုဖတ်ပြီး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။

    ရေးသားသူ – Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement