backup og meta

Skin Care တွေအလွန်အကျွံ လုပ်မိနေပြီလား......


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Skin Care တွေအလွန်အကျွံ လုပ်မိနေပြီလား......

    အသားအရေလေး ကျန်းမာလှပဖို့အတွက် အသားအရေထိန်းသိမ်းမှု (Skin Care) လုပ်ဖို့လိုတယ်ဆိုပေမယ့် အသားအရေထိန်းသိမ်းမှုဆိုတာကလည်း တန်ဆေး လွန်ဘေး ဆိုသလိုပါ။ ဒီတစ်ခေါက်တော့ အသားအရေကောင်းချင်ဇောနဲ့ အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပြီလားဆိုတာကို ပြောပြပေးပါရစေ။

    အသားအရေကျန်းမာရေးအတွက် လိုအပ်ချက်

    အသားအရေထိန်းသိမ်းမှုက အသားအရေကျန်းမာရေးအတွက် လိုအပ်ပါတယ်။ တစ်ပတ်တစ်ကြိမ် ဆဲသေလ်ဖယ်ရှားတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် မျက်နှာ ကို Sheet Mask ကပ်တယ်ဆိုတာလောက်ကတော့ ပုံမှန်ပါပဲ။ ဒီလိုမှမဟုတ်ဘဲ နေ့တိုင်းလိုလို ဆဲလ်သေတွေဖယ်ရှားမယ်။ ညတိုင်း Sheet Mask တွေကပ်နေမယ်ဆိုရင်တော့ အသားအရေကျန်းမာဖို့ထက် ကိုယ့်လက်နဲ့ ကိုယ့်အသားအရေကို ထိခိုက်စေနေတာပါပဲ။

    အသားအရေထိန်းသိမ်းမှု (Skin Care) တွေ အလွန်အကျွံလုပ်မိနေပြီလား………

    သင့်မှာ အခုလို လက္ခဏာတွေပြနေပြီဆိုရင်တော့ သင်က အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပါပြီ။

    အသားက တင်းတင်းကြီး ဖြစ်နေမယ်

    အသားအရေထိန်းသိမ်းမှုတွေ လုပ်နေပေမယ့် အသားအရေက အရင်ကထက်ပိုပြီး တင်းတင်းကြီးဖြစ်လာမယ်။ မျက်နှာသစ်ပြီးတိုင်း အသားက စိုစိုအိအိလေးဖြစ်မနေဘဲ တင်းတင်းကြီးဖြစ်နေမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်နေသလို ခံစားရမယ်ဆိုရင် အသားအရေထိန်းသိမ်းမှုကိုအလွန်အကျွံလုပ်မိတာကြောင့် အရေပြားပေါ်က pH ပမာဏ မညီမျှတာမျိုးဖြစ်နေပါပြီ။ အရေပြားမှာ pH ပမာဏ ညီမျှနေမှ ဆဲလ်အသစ်တွေဖြစ်ပေါ်စေမှာဖြစ်သလို ကော်လာဂျင်အသစ်တွေလည်း ဖြစ်ပေါ်စေမှာပါ။

    ရောင်ရမ်းမယ်

    ဆဲလ်သေတွေဖယ်ရှားလွန်းတဲ့အခါ အသားအရေက ထိခိုက်လွယ်ပြီး ဘက်တီးရီးယားကူးစက်မှုတွေ အလွယ်တကူဖြစ်လာသလို အရေပြားက သက်တောင့်သက်သာမရှိဘဲ အရေပြားမှာ ရောင်ရမ်းတာမျိုးတွေရှိလာနိုင်ပါတယ်။ မျက်နှာသစ်လိုက်တဲ့အခါတိုင်း အရေပြားက ကျိန်းစပ်စပ်ဖြစ်မယ်ဆိုရင် ဒါက အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိတာကြောင့် အရေပြားရောင်ရမ်းနေတာပါ။

    အရေပြားမှာ အဖုလေးတွေဖြစ်မယ်

    ဆွယ်တာတွေမှာ အသီးလေးတတွေထသလိုမျိုးပဲ မျက်နှာအသားအရေမှာ ချောမွေ့မနေဘဲ လက်နဲ့ ပွတ်လိုက်တဲ့အခါ အဖုလေးတွေလို စမ်းမိနေမယ်ဆိုရင် သေချာတာက အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေတာပါ။ နောက်တစ်ခုက အသားအရေထိန်းသိမ်းမှုအတွက် တွဲသုံးနေမိတဲ့ ပစ္စည်းတွေက ပြဿနာတစ်ခုခုရှိနေပြီဆိုတာပါ။

    အသားအရေက ခြောက်သွေ့ပြီး အဖက်တွေလန်မယ်

    အေးမြတဲ့ ရာသီဥတုအခြေအနေမျိုးမဟုတ်ဘဲ အသားအရေက ဆောင်းတွင်းမှာ ခြောက်သလိုမျိုး ခြောက်သွေ့လာမယ်။ ရေသောက်နေတာတောင် အသားကခြောက်နေဆဲပဲဖြစ်မယ် နောက်တစ်ချက်က အရေပြားမှာ အဖက်ကလေးတွေ လန်နေမယ်ဆိုရင်တော့ သေချာတာ အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေတာဖြစ်နိုင်သလို သုံးနေတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက အသားအရေနဲ့ မလိုက်ဖက်တာမျိုးဖြစ်နိုင်ပါတယ်။

    အသားရောင် ပြောင်းလာမယ်

    မျက်နှာပေါ်မှာ အသားရောင်က မညီဘဲဖြစ်မယ်။ မျက်လုံး၊နှာခေါင်းနဲ့ မေးစေ့တဝိုက်မှာ အမည်းစက်လေးတွေထွက်မယ်ဆိုရင်တော့ သုံးတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းထဲမှာ အက်ဆစ်ပါဝင်မှုများနေတာပါ။ အသားကခြောက်နေမယ်။ တင်းတင်းကြီးဖြစ်မယ်။ အရောင်ကလည်း ပုံမှန် မဟုတ်ဘူးဖြစ်နေမယ်ဆိုရင် အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပါပြီ။

    အဆီပြန်မယ်

    အသားကအဆီတွေပြန်ပြီး ခပ်ပြောင်ပြောင်ကြီးဖြစ်နေမယ်။ ဘာလူးလူးအဆင်မပြေလောက်အောင်ကို အဆီတွေထွက်နေမယ်ဆိုရင် သေချာတာက အသားအရေကို အလွန်အကျွံ Skincare မိပါပြီ။

    ဝက်ခြံတွေထွက်မယ်

    အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာပါတဲ့ အမွှေးနံ့တွေ နဲ့ အဆီတွေက အသားအရေမှာ ဝက်ခြံဖြစ်တာနဲ့ အဆီဖုလိုမျိုး အဖုလေးတွေကို ဖြစ်စေနိုင်ပါတယ်။ သာမန်ထက် ကျော်လွန်တဲ့ အဆင့်မှာ ဒီလို အရေပြားပြဿနာတွေကို ခံစားရစမြဲပါ။

    အသားအရေကို အထိုက်အလျောက်ပဲ စောင့်ရှောက်ပါ။ အလွန်အကျွံမစောင့်ရှောက်ပါနဲ့။ ကျန်းမာတဲ့ အလှတရားကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေကြောင်း……

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement