backup og meta

Gluthathione ဆိုတဲ့ အသားဖြူဆေးကို သဘာဝအတိုင်း ရနိုင်မယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gluthathione ဆိုတဲ့ အသားဖြူဆေးကို သဘာဝအတိုင်း ရနိုင်မယ့် နည်းလမ်းများ

    Gluthathione ဆိုတာ တော်တော်များများရင်းနှီးပြီးသား စကားလုံးပါ။ သူဟာ glutamine, glycineနဲ့ cysteine ဆိုတဲ့ အမိုင်နိုအက်စစ် ၃မျိုး ပေါင်းထားတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်ခုပါပဲ။ ခန္ဓာကိုယ်ကနေ Gluthathioneကို သဘာဝအတိုင်း ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာ၊ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေ၊ စိတ်ဖိစီးတာတွေနဲ့ အာဟာရချို့တဲ့တာတွေကြောင့် တဖြည်းဖြည်း နည်းသွားပါတယ်။ ဒါကြောင့် ခုခေတ်မှာ ထိုးဆေးတွေ၊သောက်ဆေးတွေနဲ့ အစားထိုး ဖြည့်တင်းလာကြပါပြီ။ Gluthathioneမှာ အကျိုးကျေးဇူးတွေ အများကြီး ရှိနေပေမယ့် ခုခေတ်မှာ လူသိများကြတာက အသားဖြူဆေးအနေနဲ့ သုံးတာပါ။ ဒါပေမယ့် အသားလည်း ဖြူချင်တယ်။ ထိုးဆေး၊ စားဆေးတွေလည်း မလုပ်ချင်ဘူးဆိုတဲ့ လူတွေအတွက် သဘာဝအတိုင်း Gluthathione များစေမယ့် အစားအစာတွေ၊ နည်းလမ်းတွေအကြောင်း မျှဝေပေးပါမယ်။

    Gluthathioneက အသားဖြူစေတယ်ဆိုတာ

    ခုခေတ်မှာ Gluthathioneကို ထိုးပြီး ဒါမှမဟုတ် သောက်ပြီး အသားဖြူအောင် လုပ်လာကြပါတယ်။ Gluthathioneက တကယ်ပဲ အသားဖြူစေလားဆိုတာနဲ့ ပတ်သတ်ပြီး လေ့လာချက်တွေ  ထပ်လုပ်ဖို့တော့ လိုပါသေးတယ်။ လက်ရှိလေ့လာချက်တွေအရတော့ Gluthathioneက အသားအရောင်ကို ဖြစ်စေတဲ့ မယ်လနင်ကို လျှော့ချပေးတယ်။ မယ်လနင်ကို ဖြစ်စေတဲ့ tyrosinaseဆိုတဲ့ အင်ဇိုင်းကို တားဆီးပေးတယ်လို့ ဆိုပါတယ်။

    ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိမှာ Gluthathioneကို သုံးပြီး အသားဖြူအောင် လုပ်တာက ခေတ်စားနေပါပြီ။ လုပ်ခြင်း မလုပ်ခြင်းက တစ်ယောက်ခြင်းစီရဲ့ သဘောပါ။ ဒါပေမယ့် တတ်နိုင်သမျှ အန္တရာယ်ကင်းအောင် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ အရင်တိုင်ပင်ဖို့ အကြံပေးလိုပါတယ်။

    ဆက်ပြောသွားမှာကတော့ ဒီလို ထိုးဆေး၊ စားဆေးတွေ မသုံးဘဲ သဘာဝနည်းလမ်းတွေနဲ့ Gluthathioneများအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေပါပဲ။

    Gluthathione ကို သဘာဝအတိုင်း ရနိုင်မယ့် နည်းလမ်းများ

    • ဆာလ်ဖာပါတဲ့ အစားအစာတွေ စားပါ။

    ဆာလ်ဖာက glutathione ထုတ်တဲ့ နေရာမှာ လိုအပ်တဲ့ ဒြပ်စင်တစ်ခုပါပဲ။ သူ့ကို အမဲသား၊ ငါးနဲ့ ကြက်သားတွေကနေ ရနိုင်ပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ကန်စွန်းရွက်နဲ့ အနံ့ပြင်းတဲ့ အစားအစာတွေ ဖြစ်တဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာလည်း ပါပါတယ်။

    • ဗီတာမင်စီ များများ စားပါ။

    ဗီတာမင်စီ ဆိုတာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်ဖြစ်ပြီး အသီးအရွက်တော်တော်များများနဲ့ သစ်သီးတွေမှာ ပါပါတယ်။ ဥပမာ ပြောရရင် လူစားများတဲ့ စတော်ဘယ်ရီ၊ တခြားချဉ်တဲ့အသီးတွေ၊ သင်္ဘောသီး၊ ကီဝီသီး တို့မှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါပါတယ်။ ဗီတာမင်စီက သူကိုယ်တိုင်လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်သလို တခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း ထုတ်လုပ်မှု  (ဥပမာ glutathione) ကိုလည်း ကူညီပေးပါတယ်။ တချို့သော လေ့လာချက်တွေမှာ ဗီတာမင်စီ ဖြည့်စွက်ဆေးတွေက glutathione ပမာဏကို မြင့်စေပါတယ်တဲ့။ ဒါပေမယ့် ဒါဟာ လေ့လာမှုတွေ ထပ်လုပ်ရမှာ ဖြစ်ပြီး သဘာဝအသီးအနှံတွေက ရတဲ့ ဗီတာမင်စီကရော ဒီလိုမျိုး အကျိုးကျေးဇူးပေးနိုင်လားဆိုတာ သေချာ မပြောနိုင်သေးပါဘူး။

    • ဆီလီနီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ပါအောင်စားပါ။

    ဘာလို့ ဆီလီနီယမ်ကို စားဖို့ လိုတာလဲဆိုတော့ သူက glutathione ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးတယ်လေ။ ဆီလီနီယမ် ကြွယ်ဝစွာ ပါတဲ့ အစားအစာတွေကတော့ အမဲသား၊ ကြက်သား၊ ငါး၊ ကလီစာ၊ ချိစ်နဲ့ ဆန်လုံးညိုတို့ပဲ ဖြစ်ပါတယ်။

    • glutathioneပါတဲ့ အစားအစာတွေ စားပါ။

    glutathioneလိုတာ မို့လို့ တစ်ခါတည်း glutathioneပါတာကို စားမယ်ဆိုလည်း ရပါတယ်။ ကညွတ်၊ ကိုက်လန်၊ ထောပတ်သီးတွေဟာ သဘာဝအတိုင်း glutathioneပါတဲ့ အစားအစာတွေပါပဲ။ ဒါပေမယ့် အပြင်က စားလိုက်တဲ့ glutathione ကို ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူနိုင်ပါဘူး။ ဒါ့ပြင် အပူပေးပြီး ချက်ပြုတ်တာ၊ နည်းစနစ်တကျ မသိမ်းဆည်းတာတွေက အစားအစာထဲမှာ ပါတဲ့ glutathioneကို ပျက်စီးစေပါတယ်။

    အစမှာ ပြောခဲ့သလိုပဲ glutathioneဆိုတာ အမိုင်နို အက်စစ်လေးတွေ ပေါင်းထားတာပါ။ ဒီထဲမှာ cysteine ဆိုတာ ပါပါတယ်။ cysteineကို Whey protein ကနေ ရနိုင်ပါတယ်။ ဒါကြောင့်  Whey protein သောက်ခိုင်းတာပါ။

    • နနွင်းစားပါ။

    နနွင်းဟာ ဆေးဖက်ဝင်တယ်ဆိုတာကို လူတော်တော်များများ လက်ခံပြီးသားပါ။ နနွင်းမှာပါတဲ့ curcumin ဓာတ်က ခန္ဓာကိုယ်က glutathioneကို သိမ်းဆည်းတာနဲ့ ခန္ဓာကိုယ်မှာ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

    • အိပ်ရေးဝဝအိပ်ပါ။

    အိပ်ရေးပျက်တာ ရက်တွေ ဆက်လာပြီဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ glutathione ပမာဏ တဖြည်းဖြည်း ကျလာပါလိမ့်မယ်။ ဒါနဲ့ ပြောင်းပြန် အိပ်ချိန်မှန်မှန်နဲ့ အိပ်ရေးဝဝအိပ်မယ်ဆိုရင်တော့ glutathione ပမာဏ များလာမှာ ဖြစ်သလို ပျက်စီးတာလည်း နည်းသွားမှာပါ။

    •  လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

    လေ့ကျင့်ခန်း လုပ်တာက ကိုယ်ရော စိတ်ပါ ကျန်းမာစေတယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဒီထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (glutathione)ကို များစေပြီး မပျက်စီးအောင် ထိန်းသိမ်းပေးတာလည်း ပါပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းကို အလွန်အကျွံလုပ်ပြီး အာဟာရပြည့်အောင် မစားဘူး၊ ကောင်းကောင်း အနားမယူဘူးဆိုရင်တော့ အပေါ်က ရလဒ်နဲ့ ပြောင်းပြန် ထွက်လာမှာပါ။

    • အရက်အလွန်အကျွံ မသောက်ပါနဲ့။

    အရက်ကိုကြာကြာသောက်မယ်၊ များများသောက်မယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ အရက်ကို ရေရှည်သောက်တဲ့သူတွေက ခန္ဓာကိုယ်မှာ glutathioneတွေ နည်းနည်းလာပါတယ်။ အထူးသဖြင့် အဆုတ်မှာပေါ့။ လေ့လာချက်တွေအရ အရက်အလွန်အကျွံသောက်မယ်ဆိုရင် အဆုတ်မှာ ရှိတဲ့ glutathioneရဲ့ ၈၀-၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပါတယ်တဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement