backup og meta

နဖူးပေါ်က အရေးအကြောင်းတွေကို ဘယ်လိုဖျောက်မလဲ


Dr. Thant Zin မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နဖူးပေါ်က အရေးအကြောင်းတွေကို ဘယ်လိုဖျောက်မလဲ

    သင်အသက်ကြီးလာတာနဲ့အမျှ နဖူးပေါ်က အရေးအကြောင်းတွေဟာ ပိုမိုထင်ရှားလာပါတယ်။ အသက်အရွယ်ကြီးရင့်လာပြီး အရေပြားတင်းရင်းမှုလျော့နည်းလာခြင်း၊ နေလောင်ခြင်း၊ မျိုးရိုးဗီဇ စတဲ့အကြောင်းတရားတွေ မျိုးစုံရှိနိုင်ပါတယ်။ ဇရာကို အန်တုလို့မရနိုင်ပေမယ့် သင်ကြုံတွေ့နေရတဲ့ ဒီလက္ခဏာတွေကို လျော့ပါးအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။ နေထိုင်မှုပုံစံ (life style) ပြောင်းလဲခြင်း၊ အလှကုန်ပစ္စည်းများ သုံးစွဲခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။

    အောက်ပါနေထိုင်မှုပုံစံများ ပြောင်းလဲခြင်းနဲ့ အလှကုန်ပစ္စည်းများရွေးချယ်ခြင်းဟာ နဖူးအရေးအကြောင်းတွေ လျော့ပါးဖို့အတွက် အရေးကြီးပါတယ်။

    ၁။ နေရောင်ခြည်ကို သတိပြုပါ

    နေရောင်ခြည်ကို ကြာမြင့်စွာထိတွေ့ရင် အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများပေါ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပါတယ်။ သုတေသနတွေအရ SPF 15 နဲ့အထက် နေရောင်ကာခရင်မ်များကို နေ့စဉ်အသုံးပြုခြင်းဟာ မျက်နှာပေါ်က အစက်အပျောက်တွေ၊ အရေးအကြောင်းတွေ ပေါ်လာနိုင်ခြေကို လျော့နည်းစေတယ်လို့ သိရပါတယ်။

    ၂။ စိတ်ဖိစီးမှု မဖြစ်ပါစေနဲ့

    စိတ်ပူပန်သောကများခြင်းဟာ သင့်နဖူးပေါ်မှာ အရေးအကြောင်းတွေကို ပိုမိုဖြစ်ပေါ်လာစေပါတယ်။ စိတ်ဖိစီးမှုကို လုံးဝဖြေဖျောက်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ထိန်းချုပ်နိုင်အောင်တော့ ကြိုးစားရမှာပါ။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ရနံ့ကုထုံးခံယူခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ စာဖတ်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

    ၃။ ရေဓာတ် မခမ်းခြောက်ပါစေနဲ့

    အသားအရေခြောက်သွေ့ခြင်းဟာ နဖူးပေါ်က အရေးအကြောင်းတွေကို ပိုမိုထင်ရှားစေနိုင်ပါတယ်။ အသားအရေမှာ ရေဓာတ်ပြည့်ဝနေမှသာ အရေးအကြောင်းတွေ မပေါ်လွင်မှာ ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့တာမှာ ရေကို အနည်းဆုံး ၈ အောင်စဖန်ခွက်နဲ့ ၈ ခွက်လောက် သောက်သုံးပေးဖို့ လိုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန်နဲ့ နေရောင်အောက်အနေများချိန်တွေမှာ ရေကို ပိုမိုသောက်သုံးပေးဖို့ လိုအပ်ပါတယ်။

    ၄။ အာဟာရ မျှတအောင် စားပါ

    ဒီဇရာလက္ခဏာတွေဟာ သင်ဘာတွေစားခဲ့သလဲဆိုတာပေါ် မူတည်ပါတယ်။ အသားအရေပြောင်းလဲခြင်းဟာ သင်စားတဲ့ အစားအသောက်တွေအရ ဖြစ်ပေါ်ပါတယ်။ ဗီတာမင် C နဲ့ Omega 3 ပါဝင်တဲ့ အစားအသောက်ကို များများစားသူတွေမှာ အသားအရေခြောက်သွေ့ခြင်း နည်းပါးပါတယ်။ အဆီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်အစားများသူတွေမှာ နဖူးအရေးအကြောင်းတွေ ဖြစ်နိုင်ခြေမြင့်စေပါတယ်။

    ၅။ ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်ဟာ အဆုတ်နဲ့နှလုံးရောဂါတွေကို ဖြစ်နိုင်ခြေမြင့်စေရုံသာမကဘဲ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများဖြစ်ခြင်း စတာတွေကို ဦးတည်စေပါတယ်။ သုတေသနတွေအရ ဆေးရွက်ကြီးမှာပါဝင်တဲ့ ဓာတုပစ္စည်းအချို့ဟာ ကော်လာဂျင်ထုတ်လုပ်မှုကို ထိခိုက်နိုင်ပြီး အသားအရေတင်းရင်းမှုကို လျော့နည်းစေပါတယ်။ ဒါကြောင့် နဖူးအရေးအကြောင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။

    ၆။ အလှကုန်ပစ္စည်းများ ရွေးချယ်ခြင်း

    အလှကုန်ပစ္စည်းအများအပြားဟာ နဖူးပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးနိုင်တယ်လို့ ကြော်ငြာကြပါတယ်။ ဒါပေမယ့် အားလုံးတော့ မမှန်နိုင်ပါဘူး။ အလှကုန်ပစ္စည်းရဲ့ ပါဝင်ပစ္စည်းများပေါ်လည်း မူတည်ပါတယ်။ ဥပမာ retinol တစ်မျိုးဖြစ်တဲ့ tretinoin ဟာ အရေးအကြောင်းတွေ၊ ဝက်ခြံတွေကို လျော့ကျစေပါတယ်။ Retinol ဟာ အရေပြားဆဲလ်တွေကို အသစ်ပြန်ဖြစ်စေပြီး ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေကို လျော့နည်းစေချင်ရင် retinol ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

    Glycolic acid ဆိုတာကတော့ အရေပြားကို အညစ်အကြေးများဖယ်ရှားသန့်စင်ရာမှာ အရေးပါပါတယ်။ အသားအရေကို နုပျိုပြီးကြည့်ကောင်းစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဆေးကြောဖို့ဆိုရင် Glycolic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းကို ဦးစားပေး ရွေးချယ်နိုင်ပါတယ်။ Glycolic acid ဟာ နေရောင်ဒဏ် မခံနိုင်တာကြောင့် သုံးစွဲပြီးတဲ့အခါ နေရောင်ကာ အဝတ်အထည်တွေ ဝတ်ဆင်တာ၊ sunscreen လိမ်းတာမျိုး လုပ်သင့်ပါတယ်။

    Botox ထိုးခြင်းဟာလည်း နဖူးအရေပြားတွေကို သက်သာစေပါတယ်။ ကြွက်သားထဲကို ထိုးသွင်းလိုက်ပြီး အားလျော့သွားစေခြင်း ဖြစ်ပါတယ်။ ကြွက်သားများအားလျာ့ပြီး မကျုံ့နိုင်တော့တဲ့ အခြေအနေ ဖန်တီးလိုက်တာကြောင့် မျက်မှောင်ကျုံ့ချိန်မှာတောင် နဖူးမှာ အရေးအကြောင်းတွေ မပေါ်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒီနည်းဟာ လူတိုင်းနဲ့ အဆင်မပြေနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement