backup og meta

သင့်အသားအရေအတွက် အကောင်းဆုံးအစားအစာများ


Dr. Thant Zin မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အသားအရေအတွက် အကောင်းဆုံးအစားအစာများ

    သင့်ရဲ့အပေါ်ယံအရေပြားဟာ စပါးလုံးတစ်ထောက်စာလို့သာ ပြောကြပေမယ့် ဒီအသားအရေကပဲ သင့်ဥပဓိရုပ် တစ်ခုလုံးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ အသားအရေနဲ့ ပတ်သက်ပြီး ချို့ယွင်းမှုဖြစ်နေရင် များသောအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းရတတ်ပါတယ်။ လူအများစု သင့်ကို ဘယ်လိုမြင်သလဲဆိုတာ အလေးထားတတ်ရင် ပိုပြီး စိတ်ပင်ပန်းရပါတယ်။ အသားအရေလှပအောင်၊ ချို့ယွင်းမှုနည်းအောင် ဂရုစိုက်ကြပါတယ်။ အလှကုန်ပစ္စည်းတွေ သုံးစွဲလာကြပါတယ်။

    တကယ်တော့ အစားအစာနဲ့ အာဟာရဓာတ်ဟာလည်း အသားအရေလှပရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ အသားအရေကို ထိန်းသိမ်းရာမှာ အထောက်အကူပြုတဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။

    ၁။ အဆီဓာတ်ကြွယ်ဝသောငါးများ

    ဆယ်လ်မွန်၊ ငါးကွမ်းရှပ် စတဲ့ ငါးများဟာ အသားအရေလှပဖို့ အထောက်အကူပြုပါတယ်။ ဒီငါးတွေမှာ Omega 3 ဖက်တီးအက်ဆစ်ကြွယ်ဝပါတယ်။ Omega 3 ဖက်တီးအက်ဆစ်ဟာ အသားအရေကို တင်းရင်းလှပစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ Omega 3 နည်းရင် အသားအရေခြောက်တတ်ပါတယ်။

    ဒါ့အပြင် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေမှာ ဗီတာမင် E ကြွယ်ဝပါတယ်။ ဗီတာမင် E ဟာ အရေပြားအတွက် အရေးကြီးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါငါးတွေမှာ ပါဝင်တဲ့ ဇင့်ဓာတ်ဟာ အရေပြားရောင်ရမ်းမှုကို ကျစေခြင်း၊ အရေပြားဆဲလ်များ အသစ်ဖြစ်ပေါ်စေခြင်း စတဲ့ အာနိသင်တွေ ရှိပါတယ်။

    ၂။ ထောပတ်သီး

    ထောပတ်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီဓာတ်တွေ ပါဝင်ပါတယ်။ အဆိုပါအဆီဓာတ်များဟာ အသားအရေရဲ့ စိုပြည်မှုကို ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာပါဝင်တဲ့ ဓာတ်ပစ္စည်းများဟာ နေရောင်ခြည်ထိတွေ့မှုများလို့ ဖြစ်တတ်တဲ့ အသားအရေပျက်စီးမှုကို သက်သာစေပါတယ်။ ဗီတာမင် E လည်း ပါဝင်တာမို့ အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

    ၃။ သစ်ကြားသီး

    သစ်ကြားသီးမှာ လူ့ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်တဲ့အဆီဓာတ်တွေ ပါဝင်ပါတယ်။ အဆိုပါ အဆီဓာတ်များဟာ အရေပြားကို တင်းရင်းလှပဖို့ အထောက်အကူပြုပါတယ်။ အထူးသဖြင့် Omega 3 ပါဝင်ပါတယ်။

    ဒါ့အပြင် သစ်ကြားသီး တစ်အောင်စမှာ ဇင့်ဓာတ် တစ်နေ့တာလိုအပ်ချက်ရဲ့ ၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အရေပြားကျန်းမာရေးကို ကောင်းစေတဲ့ ဗီတာမင် E နဲ့ ဆီလီနီယံလည်း ပါဝင်ပါသေးတယ်။

    ၄။ နေကြာစေ့

    အခွံမာသီးများ၊ အစေ့အဆန်များမှာ အရေပြားအတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ အထူးသဖြင့် နေကြာစေ့မှာ ဖြစ်ပါတယ်။ နေကြာစေ့တစ်အောင်စမှာ ဗီတာမင် E တစ်နေ့တာလိုအပ်ချက်ရဲ့ ၄၉ ရာခိုင်နှုန်း၊ ဆီလီနီယံ တစ်နေ့တာလိုအပ်ချက်ရဲ့ ၄၁ ရာခိုင်နှုန်း၊ ဇင့်ဓာတ် တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၄ ရာခိုင်နှုန်း စသဖြင့် အသီးသီးပါဝင်ပါတယ်။

    ၅။ ကန်စွန်း

    ကန်စွန်းဥဟာ ဘီတာကရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ ဘီတာကရိုတင်းဟာ နေရောင်ခြည်ရဲ့ ထိခိုက်မှုကို ကာကွယ်ပေးပါတယ်။ အရေပြားဆဲလ်များ အချိန်မတိုင်မီပျက်စီးခြင်း၊ ခြောက်သွေ့ခြင်း၊ တွန့်ခေါက်ခြင်း စတာတွေကိုပါ ကာကွယ်ပေးပါတယ်။

    ၆။ ပန်းပွင့်စိမ်း

    ပန်းပွင့်စိမ်းမှာ အရေပြားကျန်းမာရေးအတွက် အရေးကြီးတဲ့ ဇင့်၊ ဗီတာမင် A၊ ဗီတာမင် C စတာတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ lutein ဆိုတဲ့ဓာတ်လည်း ပါဝင်ပြီး အသားအရေဆဲလ်တွေ ဓာတ်တိုးထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးထိခိုက်မှုကြောင့် အရေပြားဆဲလ်များ ခြောက်သွေ့ပြီး အရေးအကြောင်းများ ဖြစ်ပေါ်စေပါတယ်။ ပန်းပွင့်စိမ်းစားသုံးပေးခြင်းဟာ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကြောင့် ဖြစ်တတ်တဲ့ အရေပြားပျက်စီးမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

     ၇။ ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးမှာ ဗီတာမင် C ကြွယ်ဝပြီး အသားအရေ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ lycopene လို့ခေါ်တဲ့ ဓာတ်တမျိုးလည်း ပါဝင်ပြီး နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အသားအရေ တွန့်ခေါက်ခြင်းကိုလည်း လျော့ပါးစေပါတယ်။

    ၈။ ပဲပိစပ်

    ပဲပိစပ်မှာ isoflavone လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး အသားအရေကို တင်းရင်းစေပါတယ်။ အမျိုးသမီးများ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ အသားအရေခြောက်ခြင်းကို ကာကွယ်ပေးပြီး ကော်လဂျင်ဓာတ်ကို များပြားစေပါတယ်။

    ၉။ Green tea

    Green tea ဟာ အသားအရေ အိုမင်းရင့်ရော် ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ Green tea မှာ catechin လို့ခေါ်တဲ့ ဓာတ်ပစ္စည်းပါဝင်ပြီး အရေပြားကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်လို့ အရေပြားဆဲလ်များ ဓာတ်တိုးပျက်စီးခြင်းကို လျော့နည်းစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement