backup og meta

အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးမယ့် သဘာဝ အဆီ ၇ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 20/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးမယ့် သဘာဝ အဆီ ၇ မျိုး

    အသားအရေလှပဖို့အတွက် ပြုစု ထိန်းသိမ်းကြတဲ့အခါမှာ သဘာဝအဆီတွေ အသုံးပြုပြီး ထိန်းသိမ်းတာက အလွန် သင့်လျော် မှန်ကန်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ခေတ်ပေါ် အလှကုန်ပစ္စည်းတွေ စုံလင်များပြားစွာရှိနေပေမယ့် သဘာဝထုတ်ကုန် အဆီတွေဟာ အသားအရေ ကြည်လင်သန့်စင်မှုနဲ့ လှပစိုဝင်းမှုဖြစ်စေနိုင်တဲ့ အကောင်းဆုံး လက်ဆောင်မွန်တွေဖြစ်နေဆဲပါ။

    ခုလို နွေရာသီမျိုးဟာ အသားအရေခြောက်သွေ့တတ်သူတွေအတွက် စိတ်ညစ်စရာ အချိန်ကာလမျိုးဖြစ်ပါတယ်။ သဘာဝအဆီတွေကို သုံးစွဲပေးမယ်ဆိုရင် အဆိုပါပြဿနာတွေကို ဖြေရှင်းနိုင်ပြီး အရေပြားခြောက်သွေ့မှုကို ကောင်းကောင်းကာကွယ်မှု ပေးနိုင်မှာဖြစ်ပါတယ်။

    ပူပြင်းခြောက်သွေ့တဲ့ရာသီကို ရောက်လာရင် အရေပြားဆိုင်ရာ ပြဿနာတွေလည်း ဆက်တိုက်ဆိုသလို ကြုံလာရနိုင်ပါတယ်။ အရေပြားယားယံတာ၊ အက်ကွဲတာ၊ အဖတ်တွေ ကွာကျတာ စတာတွေဟာ အရေပြားခြောက်သွေ့မှုရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ များသောအားဖြင့်တော့ ခြေသလုံး၊ လက်မောင်းနဲ့ ဗိုက်လိုနေရာတွေမှာ အဖြစ်များတတ်ပါတယ်။

    အရေပြားခြောက်သွေ့မှုကို သက်သာစေနိုင်သော သဘာဝအဆီများ

    ဒီလို အရေပြားခြောက်သွေ့မှု ဝေဒနာတွေကို တားဆီးကာကွယ်ဖို့နဲ့ ကိုယ့်မှာ ဒီလိုပြဿနာမျိုးရင်ဆိုင်နေရတယ်ဆိုရင် မှီဝဲသုံးစွဲဖို့ သင့်လျော်တဲ့ သဘာဝအဆီအမျိုးအစားတွေကို မိတ်ဆက်ပေးချင်ပါတယ်။

    • ၁။ အုန်းဆီ – အုန်းဆီဟာ အသားအရေလှပမှုအတွက် အများဆုံး အသုံးပြုကြတဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် K နဲ့ E တို့ ကြွယ်ဝစွာပါဝင်တဲ့ အုန်းဆီဟာ အရေပြားကို ရွှန်းစို ချောမွေ့စေတဲ့ အကျိုးကျေးဇူးမျိုးရစေနိုင်ပါတယ်။ ဦးရေပြားနဲ့ ခန္ဓာကိုယ်မှာ စိတ်ကြိုက်အသုံးပြုနိုင်ပေမယ့် မျက်နှာမှာ အသုံးပြုတာကိုတော့ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
    • ၂။ သံလွင်ဆီ – မြေထဲပင်လယ်ဒေသခံတွေရဲ့ မရှိမဖြစ် သဘာဝ လက်ဆောင်တစ်မျိုးဖြစ်ပါတယ်။ သံလွင်ဆီမှာ ဗီတာမင် A ၊ D ၊ E နဲ့ K တို့ပါဝင်ပြီးတော့ နုပျိုလန်းဆန်းမှုနဲ့ အသားအရေကြည်လင်လှပစေတဲ့ အကျိုးကျေးဇူးမျိုး ပေးနိုင်ပါတယ်။ သံလွင်ဆီဟာ အရေပြားလှပဖို့ အသုံးပြုနိုင်ရုံတင်မကပါဘူး။ ချက်ပြုတ်ရာမှာလည်း သုံးနိုင်ပါသေးတယ်။
    • ၃။ နေကြာဆီ – ဗီတာမင် E ကြွယ်ဝစွာပါဝင်ပြီး အရေပြားအတွင်းကို ပျော်ဝင်နိုင်စွမ်းမြင့်မားတဲ့ နေကြာဆီဟာ သံလွင်ဆီလိုပဲ မီးဖိုချောင်မှာရော အလှအပရေးရာအတွက်ပါ ၂ မျိုး စလုံးအသုံးပြုလို့ရနိုင်ပါတယ်။ နေကြာဆီဟာ အသားအရေ ကြည်လင်စေပြီး စိုပြေဝင်းပစေတဲ့ အာနိသင်ရှိပါတယ်။
    • ၄။ ရှီယာထောပတ်ဆီ – Shea Butter ကတော့ အာဖရိကဒေသက ရှီယာပင်ရဲ့ အသီးကနေ ရရှိတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဒီအဆီက ဆံသားနဲ့ ဦးရေပြား ထိန်းသိမ်းစောင့်ရှောက်ရာမှာ အသုံးဝင်လှတာကြောင့် အလှအပထုတ်ကုန်အချို့မှာ ထည့်သွင်းသုံးစွဲကြလေ့ရှိပါတယ်။ ရှီယာဆီဟာ ခန္ဓာကိုယ်အရေပြား လှပဖို့အတွက်လည်း အထောက်အကူပြုပြီးတော့ သံလွင်ဆီ၊ အုန်းဆီတွေလိုပဲ အသားအရေနူးညံ့စေနိုင်တဲ့ အကျိုးကျေးဇူးရှိပါတယ်။
    • ၅။ ဂျိုဂျိုဘာ အဆီ – မက္ကဆီကို ဒေသခံတွေရဲ့ အသဲစွဲ ဂျိုဂျိုဘားအပင်က အဆီဟာလည်း အသားအရေ စိုဝင်းနုပျိုစေဖို့ အထောက်အကူပြုပါတယ်။ ဌာနေ အမေရိကန်တိုင်းရင်းသားတွေရဲ့ ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ သဘာဝဆေးနည်းတွေမှာ ဂျိုဂျိုဘာအဆီက မပါမဖြစ် အမယ်တစ်မျိုးပါ။ ဓာတ်မတည့်မှုကို လျော့နည်းစေပြီး ထိခိုက်ပွန်းပဲ့နာတွေနဲ့ အရေပြားဆိုင်ရာ ရောဂါတချို့ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ဂျိုဂျိုဘား အဆီကို လိမ်းထားရင် အသားအရေဟာ ဆွဲဆောင်မှုပိုရှိတယ်လို့လည်း ညွှန်းဆိုခံရပါတယ်။
    • ၆။ ဗာဒံစေ့ဆီ – ငယ်ငယ်က အုတ်နီခဲတစ်ခြမ်းပဲ့နဲ့ ထုခွဲစားနေကြ ဗာဒံ (ဗန်ဒါ) စေ့တွေရဲ့ အဆီဟာ အသားအရေကို လှပစေနိုင်တယ်ဆိုရင် ယုံနိုင်မလား။ ဗာဒံစေ့ကို ကြိတ်ပြီးရလာတဲ့ အဆီဟာ ဗီတာမင် E ၊ ဇင့်၊ ပရိုတိန်းနဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာမို့ အသားအရေကို ကြည်လင်တောက်ပစေတာ၊ စိုပြေနူးညံ့စေတာမျိုးတွေဖြစ်စေပါတယ်။ ဒါပေမယ့် ဓာတ်မတည့်မှုဝေဒနာရှိသူတွေအနေနဲ့တော့ သတိထား အသုံးပြုသင့်ပါတယ်။
    • ၇။ စပျစ်စေ့ အဆီ – စပျစ်သီးရဲ့ အစေ့ကို ကြိတ်ပြီး အဆီထုတ်တာက မြန်မာပြည်မှာတော့ သိပ်ခေတ်မစားပေမယ့် အနောက်နိုင်ငံတွေမှာတော့ ခေတ်စားပါတယ်။ ဒီအဆီမှာလည်း ကျန်းမာစေတဲ့ သဘာဝ အာနိသင်ပါရှိပါတယ်။ Antioxidant ၊ Antimicrobial နဲ့ Anti-inflammatory Properties တွေပါဝင်တာမို့ အရေပြားကို ကျန်းမာစေပြီးတော့ အရေပြား အတွင်းပိုင်း လုပ်ဆောင်ချက်တွေကိုလည်း ကောင်းမွန်စေပါလိမ့်မယ်။

    ဘယ်လိုအသုံးပြုကြမလဲ

    အုန်းဆီ၊ သံလွင်ဆီတို့လို သဘာဝအဆီတွေကို အလှအပေရေးရာအတွက် အသုံးချတဲ့ ဓလေ့ဟာ ခေတ်ဟောင်းလူ့အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရှေး အီဂျစ်နဲ့ ဂရိခေတ်တွေကတည်းက စတင်အမြစ်တွယ်လာတဲ့ ဓလေ့တွေဖြစ်ပါတယ်။

    ခေတ်တွေ မတူတော့တာကြောင့် အသုံးပြုတဲ့ နည်းစနစ်တွေကလည်း အစဉ်အဆက် ပြောင်းလဲလာခဲ့ပါတယ်။ အခြေခံအားဖြင့် သဘာဝအဆီတွေကို အသုံးပြုရာမှာ သတိထားသင့်တာလေးတွေ ရှိတာမို့ ဆက်ပြီးဝေမျှချင်ပါသေးတယ်။ ဒါတွေကတော့

    • ဘယ်အဆီကိုမဆို ဂရုတစိုက်နဲ့ နှံ့စပ်စွာ လိမ်းကျံပေးသင့်ပါတယ်။
    • ပြီးရင် မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးနိုင်ပါတယ်။
    • လူ့အရေပြားဟာ အဆီတွေကို စုပ်ယူနိုင်ဖို့ ၁၅ မိနစ်ဝန်းကျင်လောက် ကြာမြင့်နိုင်ပါတယ်။
    • ဗီတာမင် A ၊ B နဲ့ C တို့ ကြွယ်ဝစွာပါဝင်တဲ့ သဘာဝအဆီတွေဟာ အသားအရည်ကို စိုပြေစေပြီး ဓာတ်မတည့်မှုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
    • ဓာတုဗေဒပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ အလှကုန်တွေဟာ အသားအရောင်၊ ဓာတ်မတည့်မှု၊ အရေပြားအမျိုးအစားတွေအပေါ် မူတည်ပြီး ရွေးချယ်ရတာတွေရှိတတ်ပေမယ့် သဘာဝဆီတွေမှာတော့ ခုလို ပြဿနာမျိုးမရှိနိုင်ပါဘူး။
    • မျက်နှာပေါ်မှာ အသုံးပြုမယ်ဆိုရင်တော့ နေရောင်ကို သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 20/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement