backup og meta

သင့်အသားအရေအတွက် အကောင်းဆုံးအဆီများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အသားအရေအတွက် အကောင်းဆုံးအဆီများ

    သင့်အသားအရေစိုပြေစေဖို့ သုံးနေကြ moisturizer များကို စိတ်ပျက်လာပါသလား။ သဘာဝဆန်ဆန် အဆီများကို လိမ်းပြီး သင့်အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းဖို့ အကြံပြုလိုပါတယ်။ သဘာဝဆီများကို လိမ်းခြင်းအားဖြင့် သင့်မျက်နှာကို ဝင်းဝါစိုပြည်ရုံမကဘဲ ဖက်တီးအက်ဆစ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များ ပါဝင်တာကြောင့် အရေပြားကျန်းမာရေးအတွက် ကောင်းစွာ အထောက်အကူပြုပါလိမ့်မယ်။

    ယခုဆက်လက်ပြီး သဘာဝအဆီများက သင့်ကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ဖော်ပြသွားပေးပါမယ်။

    အုန်းဆီ (Coconut oil)

    အုန်းသီးကနေ ကြိုချက်ထုတ်လုပ်ထားတဲ့ အုန်းဆီဟာ မြန်မာပြည်မှတော့ ဆံပင်လိမ်းဖို့ အဓိက အသုံးပြုကြပါတယ်။ တကယ်တော့ စားသုံးနိုင်သလို မျက်နှာပေါ်မှာလည်း လိမ်းပေးနိုင်ပါသေးတယ်။ ဆေးဖက်ဝင်ပစ္စည်းအနေနဲ့လည်း သုံးစွဲကြပါသေးတယ်။ အုန်းဆီမှာ ဗီတာမင် E ကြွယ်ဝတာမို့ သဘာ၀ moisturizer အနေနဲ့ မှတ်ယူသုံးစွဲနိုင်ပါတယ်။ ဖက်တီးအက်ဆစ်လည်း ကြွယ်ဝတာကြောင့် အသားအရေပေါ်လိမ်းထားရင် အစိုဓာတ်ကို အပြင်ထွက်မသွားအောင် တားဆီးပေးပါတယ်။ ဒါ့အပြင် အုန်းဆီမှာ ဘက်တီးရီးယားနဲ့ မှိုစွဲခြင်းကို ဟန့်တားနိုင်တဲ အာနိသင်တွေ ရှိပါတယ်။

    အာဂန်ဆီ (Argan Oil)

    အာဂန်သီးအစေ့ကနေ ထုတ်လုပ်ထားတဲ့ အာဂန်ဆီဟာ သင့်အသားအရေကို နူးညံ့ချောမွတ်စေပြီး အစိုဓာတ်ကို ကောင်းစွာ ထိန်းသိမ်းပေးပါလိမ့်မယ်။ အာဂန်ဆီမှာလည်း ဗီတာမင် E၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ နှင်းခူဖြစ်ခြင်း၊ အရေပြားနေလောင်ခြင်း စတဲ့ပြဿနာတွေအတွက်လည်း လိမ်းပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းစေပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်တတ်တဲ့ အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

    နှင်းဆီစေ့အဆီ (Rosehip seed oil)

    နှင်းဆီပင်တမျိုးရဲ့ အသီးအစေ့ကနေ ထုတ်လုပ်ထားတဲ့ ဒီအဆီဟာ အရေပြားကို စိုပြည်လှပစေပြီး အရွယ်တင်နုပျိုစေမှာ ဖြစ်ပါတယ်။ ချီလီနိုင်ငံမှာ အဓိကပေါက်ရောက်တဲ့ နှင်းဆီပင်တမျိုးရဲ့ အစေ့ကနေ ထုတ်လုပ်ထားပါတယ်။ Rosehip အဆီမှာ ဖက်တီးအက်ဆစ်အပြင် ဗီတာမင် E၊ ဗီတာမင် C နဲ့ ဗီတာမင် D စတာတွေ ပါဝင်ပါတယ်။ အသားအရေကို စိုပြည်အောင်ထိန်းသိမ်းနိုင်ပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အရေပြား အရေးအကြောင်းတွေ လျော့နည်းစေပါတယ်။ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အရေပြားကို နုပျိုစေပြီး အသားအရေကို တင်းရင်းစေပါတယ်။ အရေပြားပေါ်က အစက်အပျောက်တွေ၊ အမာရွတ်တွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။

    မာရူလာအဆီ (Marula Oil)

    မာရူလာအသီးကနေ ထုတ်လုပ်ထားတဲ့ မာရူလာအဆီဟာ အသားအရေခြောက်သွေ့ အက်ကွဲခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ မာရူလာဆီရဲ့ ထူးခြားချက်ကတော့ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ကျန်တဲ့အဆီတွေထက် ပိုပြီးပါဝင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးလာလို့ အသားအရေပျက်စီးခြင်း၊ နေလောင်ပျက်စီးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဝက်ခြံထူတဲ့ အသားအရေတွေအတွက် သင့်တော်ပါတယ်။

    ဂျိုးဂျိုးဘားဆီ (Jojoba oil)

    မြောက်အမေရိကတိုက်မှာ အဓိက ပေါက်တဲ့ ယိုယိုးဘားအပင်ကနေ ထုတ်လုပ်ထားပါတယ်။ ဝက်ခြံဖြစ်ခြင်း၊ နေလောင်ခြင်း စတာတွေကို သက်သာစေပါတယ်။

    အရေပြားကနေ သဘာဝအလျောက် အဆီဓာတ်ထုတ်လုပ်မှုကို ဟန်ချက်မျှတစေပါတယ်။ အသားအရေကို အကျိုးပြုတဲ့ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေပါဝင်တာကြောင့် အသားအရေကို ချောမွေ့စေပြီး အစိုဓာတ်ကို တနေ့လုံး ထိန်းထားပေးပါတယ်။

    ………………………………………………………………………

    အထက်ဖော်ပြပါ အဆီအားလုံးဟာ အပင်များကနေ ထုတ်လုပ်ထားတဲ့ သဘာဝထွက်ကုန်ပစ္စည်းများပဲ ဖြစ်ပြီး ဓာတ်မတည့်ဖြစ်ခြင်း နည်းပါးပါတယ်။ အသားအရေကို တင်းရင်းနုပျိုစေပြီး ဘေးထွက်ဆိုးကျိုး အင်မတန်နည်းတာကြောင့် စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။ လိမ်ထားရင်လည်း အဆီပြန်တဲ့ပုံစံမဖြစ်ဘဲ စိုပြည်စေပါလိမ့်မယ်။ မိမိအရေပြားနဲ့ ဘယ်အဆီအမျိုးအစား သင့်တော်မလဲဆိုတာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement