backup og meta

နေလောင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေလောင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

    နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအဖို့ နေရောင်ခြည်နဲ့ မထိတွေ့ဘဲနေဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ အိမ်ထဲမှာပဲနေတယ်ဆိုရင်တောင် ပြတင်းပေါက်တွေ၊ မှန်တွေကနေတဆင့် ဝင်လာတဲ့ နေရောင်ခြည်တွေကို ရှောင်လွဲလို့မရဘဲ ထိတွေ့မိမှာသေချာပါတယ်။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ပေးစွမ်းနိုင်တယ်ဆိုပေမယ့် အများကြီးထိတွေ့မိရင်တော့ နေလောင် တာနဲ့ အရေပြားပြဿနာအမျိုးမျိုးကို ခံစားရမှာ မလွဲပါဘူး။

    နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေပါတယ်။ နေလောင်တဲ့အခါ အသားအရေက အရောင်ပြောင်းသွားတာမျိုးရှိနိုင်သလို အရေပြားမှာ အဖုအပိမ့်ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မိုးရွာတဲ့နေ့၊ တိမ်ထူတဲ့နေ့တွေမှာတောင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မိနိုင်တယ်ဆိုတာကိုတော့မေ့လို့မဖြစ်ပါဘူး။

    နေလောင်ဒဏ်ကြောင့် အရေပြားထိခိုက်ပျက်စီးတဲ့အခါ အသားအရောင်မညီမညာနဲ့ ကြည့်ရတာ အဆင်မပြေပါဘူး။ ခရီးသွားပြီးလို့ပဲဖြစ်ဖြစ်၊ နေရောင်ထဲမှာ အကြာကြီးနေမိတာနဲ့ နေဒဏ်လေဒဏ်တွေကြောင့် အသားအရေတွေ ခြောက်သွေ့ပျက်စီးသွားတဲ့အခါ သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေရှိမယ်ဆိုရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ နည်းလမ်းလေးတွေ ပြောပြမယ်နော်။

    နေလောင် တာကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အသားအရေကို ဒီလိုထိန်းသိမ်းမယ်

    နေလောင်ပြီး ပျက်စီးသွားတဲ့အသားအရေကို နဂိုအသားအရေအတိုင်းပြန်ဖြစ်လာအောင် သဘာဝပစ္စည်းလေးတွေ သုံးပြီးပြန်လည်ထိန်းသိမ်းလို့ရပါတယ်။

    (၁) သခွားသီးနဲ့ ဒိန်ချဉ်

    သခွားသီးကို အခွံနွှာပြီးသေးသေးလေးတွေ စိတ်လိုက်ပါ။ အနှစ်ဖြစ်အောင် ကြိတ်လိုက်ပြီး လတ်ဆတ်တဲ့ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းစာနဲ့ရောပြီး သမအောင်မွှေပါ။ မျက်နှာ၊ လည်ပင်းနဲ့ အခြားနေလောင်ထားတဲ့နေရာတွေကို လူးပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

    သခွားသီးက နေလောင်တာကြောင့် အသားအရေအရောင်ပြောင်းသွားတာကို သက်သာစေနိုင်ပြီး ဒိန်ချဉ်ကလည်း နေလောင်တာကြောင့် အရေပြားပျက်စီးတာကို သက်သာစေနိုင်စွမ်းရှိပါတယ်။

    (၂) Rose water နဲ့ မုန့်ဖုတ်ဆိုဒါ

    အရင်ဆုံးဇလုံကြီးကြီးတစ်ခုထဲကို ရေဖြည့်လိုက်ပါ။ Rose water ကို ကော်ဖီခွက်ရဲ့ ၄ ပုံ ၁ ပုံစာထည့်ပါ။ပြီးရင် မုန့်ဖုတ်ဆိုဒါ နည်းနည်းလောက်ထည့်လိုက်ပါ။ ပြီးရင် ဂွမ်းစလေးနဲ့တို့ယူပြီး မျက်နှာနဲ့ လည်ပင်းကို ညင်ညင်သာသာလေး ပွတ်ပေးလိုက်ပါ။ ၅ ကြိမ် ၆ ကြိမ်လောက်လုပ်ပေးပါ။

    ခန္ဓာကိုယ်ရဲ့ နေလောင်ထားတဲ့အခြားနေရာတွေအတွက် အသုံးပြုချင်တာဆိုရင်တော့ ရေတစ်ပုံးစာထဲကို rose water ခွက်တစ်ဝက်နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းတို့ရောစပ်ပြီး မွှေလိုက်ပါ။ ပြီးရင် ရေချိုးချလိုက်ပါ။ နေလောင်တာကြောင့် အရေပြားယားယံတာ၊ နီမြန်းတာ၊ အရေပြားမှာ အဖုအပိမ့်တွေထွက်တာနဲ့ အရေပြားနေလောင်တာတွေကို သက်သာစေနိုင်ပါတယ်။

    ဒီနည်းက အရေပြားကို အေးမြစေနိုင်ပြီး နေလောင်တာနဲ့ အရေပြားမှာ အမည်းကွက်တွေဖြစ်တာကို လျော့ပါးသက်သာစေနိုင်ပါတယ်။ Rose water မှာ အရေပြားနေလောင်တာကြောင့်ဖြစ်တဲ့ နီမြန်းရောင်ရမ်းတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။ နေလောင်တာကြောင့် ပျက်စီးသွားတဲ့ အသားအရေကိုပြုပြင်ပေးနိုင်ပါတယ်။

    (၃) နွားနို့

    နွားနို့အစိမ်းနည်းနည်းကို ဂွမ်းစလေးနဲ့တို့ပြီး မျက်နှာနဲ့ လည်ပင်းမှာလူးပေးပါ။ ၅ ကြိမ် ၆ ကြိမ်လောက်လုပ်ပေးရပါမယ်။ ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးချပေးလိုက်ပါ။ နွားနို့က အသားအရေကို ချောမွေ့စေပြီး နေလောင်တာကို လျော့ပါးသက်သာစေနိုင်သလို အသားအရေကို နူးညံ့စေနိုင်ပါတယ်။ နေလောင်တာကိုသိသိသာသာသက်သာစေနိုင်ပါတယ်။

    (၄) နံနံပင် နဲ့ rose water

    နံနံပင်လက်တစ်ဆုပ်စာကို နုတ်နုတ်လေးစဉ်းပြီး ကြိတ်လိုက်ပါ။ အဲ့အနှစ်ထဲကို rose waterလေး ရောလိုက်ပါ။ နှံ့စပ်အောင်မွှေပြီး လည်ပင်းနဲ့မျက်နှာကို လိမ်းကျံပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။ လက်နဲ့ ခြေထောက်က နေလောင်ရာတွေအတွက်လည်း သုံးပေးလို့ရပါသေးတယ်။ နံနံပင်က အသားအရေကို ချောမွေ့စေပြီးအေးမြစေနိုင်ပါတယ်။ အနာကျက်စေနိုင်စွမ်းရှိသလို အရေပြားနီမြန်းတာနဲ့ နေလောင်တာကို သက်သာစေနိုင်ပါတယ်။

    (၅) ခရမ်းချဉ်သီးနဲ့ အုန်းနို့

    ခရမ်းချဉ်သီးအမှည့်တစ်လုံးကို အရည်ညှစ်လိုက်ပါ။ ပြီးရင် စားပွဲတင်ဇွန်း ၃ ဇွန်းစာကို အုန်းနို့စားပွဲတင်ဇွန်း ၂ ဇွန်းစာနဲ့ရောစပ်လိုက်ပါ။ ရောစပ်ထားတာကို နှံ့အောင်မွှေပေးပြီး နေလောင်တဲ့ နေရာတွေပေါ်မှာ လူးပေးလိုက်ပါ။ ၁၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးရင် ရေအေးနဲ့ ဆေးချလိုက်ပါ။

    ခရမ်းချဉ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ lycopene က အရေပြားနီမြန်းတာကို သက်သာစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းနို့က သဘာဝ တိုနာတစ်မျိုးဖြစ်ပြီး နေလောင်ထားတာတွေကို သက်သာစေနိုင်သလို အသားအရေကို ချောမွေ့စေပါတယ်။

    (၆) အာလူးနဲ့ သံပုရာရည်

    အာလူးအစိမ်းတစ်လုံးကိုယူပြီး အခွံနွှာလိုက်ပါ။ သေးသေးလေးတွေ လှီးပြီး ရေအနည်းငယ်၊ သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းထည့်ပြီး ကြိတ်စက်နဲ့ ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို နေလောင်ထားတဲ့အပေါ်မှာ လူးပေးပြီး ၁ မိနစ် ၂ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင် နည်းနည်းထပ်လူးပေးပြီး ၁၀ မိနစ်လောက်ထားပေးလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ရေအေးအေးလေးနဲ့ ဆေးချပေးပါ။ အရေပြားပေါ်က နေလောင်တာတွေ၊ အမည်းကွက်တွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

    (၇) ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည်က အရေပြားရဲ့ pH ပမာဏကို ထိန်းသိမ်းပေးပြီး အနာကျက်မြန်စေနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ဖျန်းလို့ရတဲ့ဘူးထဲကို ထည့်ပြီးနေလောင်ထားတဲ့နေရာတွေကို ဖျန်းပေးပါ။ တကယ်လို့ တုံ့ပြန်လွယ်တဲ့ အရေပြားပိုင်ရှင်ဆိုရင်တော့ ရေ ၃ ချိုး ၁ ချိုးလောက် ရောလိုက်ပါ။ ဖျန်းထားတဲ့ ပန်းသီးရှာလကာရည်က အရေပြားပေါ်မှာ လုံးဝခြောက်သွားပြီဆိုရင် အုန်းဆီစစ်စစ်ကို နေလောင်ထားတဲ့နေရာမှာ လူးပေးလိုက်ပါ။ အရေပြားက အုန်းဆီကို လုံးဝစုပ်ယူသွားနိုင်အောင် တစ်နာရီလောက်ထားပေးလိုက်ပါ။ ၅ နာရီခြားတစ်ခါလုပ်ပေးပါ။ သိသာတဲ့ရလဒ်ကို ရရှိပါလိမ့်မယ်။

    (၈) ပျားရည်

    ပျားရည်က ဆေးဖက်ဝင်တယ်ဆိုတာကိုတော့ သိပြီးဖြစ်မှာပါ။ အရေပြားအတွက်လည်း ပျားရည်က တော်တော်လေး အသုံးတည့်ပါတယ်။ ပျားရည်ကို နေလောင်ထားတဲ့နေရာတွေမှာ လူးပေးထားလိုက်ပါ။ ၁၅ မိနစ်ကနေ မိနစ် ၂၀လောက် ထားပေးပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချပေးလိုက်ပါ။ တစ်နေ့တစ်ကြိမ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင်နေလောင်တာကို သက်သာစေမှာပါ။

    တစ်နေ့တာလုံးနေရောင်အောက်မှာ လှုပ်ရှားနေရလို့ဖြစ်ဖြစ်၊ ခရီးကပြန်လာလို့ဖြစ်ဖြစ် အသားအရေတွေ နေလောင်ပျက်စီးတာမျိုး ဖြစ်နေတယ်ဆိုရင် အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်းလုပ်ပြီး အသားအရေကို ပြန်လည်ကျန်းမာလာအောင် ထိန်းသိမ်းပေးလိုက်ပါ။ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ကြပါစေကြောင်း . . .

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement