backup og meta

အိမ်မှာနေရင်း အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 22/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာနေရင်း အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

    အခုဆိုရင် Covid-19 ရဲ့ second wave ကာလထဲ ရောက်လာပြီ၊ ရန်ကုန်တိုင်းအတွက်လည်း အိမ်မှာသာနေထိုင်ရမည့် အမိန့်ကျလာပြီနော်။ ရောဂါကူးစက်မှုနည်းနိုင်သလောက် နည်းအောင် ထိန်းချုပ်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ စည်းမျဉ်းထုတ်ပြန်ချက်ကို ပြည်သူအားလုံး လိုက်နာမှသာ အဆင်ပြေမှာပါ။

    အိမ်မှာနေရင်း အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ။

    ပုံမှန်အချိန်ဆိုရင်တော့ အသားအရေ ထိန်းသိမ်းဖို့အတွက် အရမ်းလွယ်တယ်။ ကိုယ်သုံးနေကျ ပစ္စည်းတွေကို ဝယ်ပြီး ရုံးဖွင့်ရက်တွေဆို အိပ်ခါနီး ညဘက်အချိန်တွေမှာ အသားအရေ ထိန်းသိမ်းကြတယ်။ တချို့ကျတော့လည်း ပိတ်ရက်မှာ အေးအေးဆေးဆေး လုပ်ကြတယ်။ ခုလိုအချိန်မျိုးကျတော့ အသားအရေ ထိန်းသိမ်းဖို့ အကြောင်းပြချက်တစ်ခုတည်းနဲ့တော့ အပြင်ထွက်ပြီး စျေးဝယ်တာမျိုး လုပ်ဖို့ မသင့်လျော်တော့ပါဘူး။

    ဒါဆို တတ်နိုင်သလောက် အသားအရေလှအောင် ထိန်းသိမ်းဖို့ထက် အသားအရေ ပျက်စီးခြင်းနည်းအောင် ဂရုစိုက်ဖို့က ပိုပြီး အရေးပါလာပါပြီ။ ခုဆောင်းပါးမှာ အလှကုန်ပစ္စည်းတွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ လုံးဝမပါဝင်ဘဲ အသားအရေအတွက် သင့်တော်တဲ့ နေထိုင်စားသောက်ပုံနဲ့ လိုအပ်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။

    ၁။ ညဘက်ကို စောစောအိပ်ပါ။

    ပထမတစ်ကြိမ် Stay Home ဖြစ်တုန်းက အခြေအနေနဲ့ ခုဆိုတော်တော်တော့ ကျင့်သားရလောက်ပြီလို့ မျှော်လင့်ရပါတယ်။ ဒီအတွက် ပုံမှန်အတိုင်းပဲ စိတ်အေးအေးထားပြီး ညကိုစောစောအိပ်နိုင်အောင် ကြိုးစားပေးပါ။ ညဘက်ကို စောစောအိပ်စက်အနားယူခြင်းဟာ မနက်ခင်းအစောပိုင်းမှာ အသားအရေကို သဘာဝအတိုင်း ပြုပြင်ပေးတဲ့ ဆဲလ်တွေကို ထုတ်လုပ်နိုင်စွမ်း မြင့်တက်စေနိုင်ပါတယ်။

    ၂။ အချိန်ကြာကြာ အိပ်စက်အနားယူပါ။

    အရင်တုန်းကတော့ ရုံးသွားရတာနဲ့၊ စျေးသွားရတာနဲ့၊ ညဘက်ဆိုလည်း ကလပ်တက်၊ အပေါင်းအသင်းတွေနဲ့ တွေ့လို့ အိပ်တာ နောက်ကျတာနဲ့ အိပ်ရေးတွေ အမြဲပျက်ရတယ်နော်။ ခုလို ကပ်ဘေးကာလမှာ မလိုအပ်ဘဲ အပြင်ထွက်တာမျိုးလည်း လုပ်စရာမလိုတော့ဘူးဆိုတော့ အိမ်မှာပဲ နေပြီး တတ်နိုင်သလောက် အိပ်ချိန်ကို များများ ရနိုင်အောင် ယူထားပါ။ ပုံမှန် ၆ နာရီလောက်ပဲ အိပ်ဖြစ်တယ်ဆိုရင် ခုအချိန်တွေမှာ ၈နာရီလောက် ရအောင် အိပ်ပါ။ အိပ်ရေးဝလေ၊ အသားကကြည်ပြီး မနက်နိုးလာတဲ့အခါ မျက်လုံးမို့အစ်တာ၊ မျက်ကွင်းညိုတာ၊ အသားအရေ မွဲခြောက်ခြောက်ဖြစ်တာမျိုးတွေကို လျော့နည်းစေမှာပါ။

    ၃။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

    ခုချိန်က အလုပ်လုပ်နေတဲ့သူတွေကို အိမ်မှာသာ အလုပ်လုပ်ဖို့ အမိန့်ထုတ်ပြန်ထားတာပါ။ လုံးဝအပြင်ထွက်ခွင့်မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒီအတွက် အိမ်ထောင်ရဲ့ စားဝတ်နေရေးကို တာဝန်ယူထားသူတွေအနေနဲ့ ပုံမှန်အတိုင်းပဲ အပြင်ထွက်ပြီး စျေးဝယ်လို့ ရပါတယ်။ စျေးဝယ်တဲ့အခါ ပုံမှန်စားနေကျ အသားငါး၊ ဆီ၊ ဆန်၊ ဆားတွေကို လိုသလောက်ဝယ်ပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများဝယ်ပြီး ချက်ပြုတ်ပေးပါ။ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်ပါဝင်လို့ အိမ်မှာပဲ အမြဲနေလို့ အထိုင်များပြီး ဝမ်းချုပ်တာ၊ အစာမကြေဖြစ်တာတွေကို သက်သာစေတယ်။ အသီးအနှံသည် အရည်ရွှမ်းပြီး အချဉ်ဓာတ်ကြွယ်ဝလို့ အသားအရေကို လှပစေနိုင်ပါတယ်။

    ၄။ ရေများများသောက်ပေးပါ။

    ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေခြင်းဟာ ဦးနှောက်ရဲ့လုပ်ဆောင်ရည်ကို မြှင့်တင်ပေးသလို သွေးလည်ပတ်မှုကိုလည်း ကောင်းစေတယ်။ ဆီးမကြာခဏထသွားရတဲ့အတွက် တစ်နေရာထဲမှာ အချိန်အကြာကြီး ထိုင်မိစေမှာ မဟုတ်ပါဘူး။

    အသားအရေနဲ့ အလှအပပိုင်းက ကြည့်မယ်ဆိုရင်လည်း ရေဓာတ်ပြည့်ဝနေတဲ့အခါ အသားအရေ မွဲခြောက်ခြင်း၊ အသားပပ်ပြီး အဖတ်လန်ခြင်း၊ ယားယံခြင်း၊ ဓာတ်မတည့်ခြင်း၊ အဖုအပိမ့်များထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရေကို ပုံမှန်အတိုင်း သောက်ပေးပြီး တစ်နေ့ကို အနည်းဆုံး ၃လီတာလောက် ကုန်အောင် သောက်ပေးဖို့တော့ လိုပါမယ်။

    ၅။ ပုံမှန်အတိုင်း အသားအရေထိန်းသိမ်းမှု အခြေခံတွေကို လုပ်သွားပါ။

    အိမ်မှာပဲ နေရတာကလွဲလို့ ကျန်တာက သိပ်ပြီးပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး။ အကုန်လုံးနဲ့လည်း အသားကျပြီးသား အခြေအနေဖြစ်လို့ ကိုယ်လုပ်နေကျအတိုင်းပဲ နေ့စဉ် ဖြတ်သန်းသွားပါ။ အဓိက မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်၊ မျက်နှာသန့်စင်ပါ။ ရေကို တစ်နေ့တစ်ကြိမ်လောက် ရအောင်ချိုးပါ။

    ဆန်းဆန်းပြားပြားအနေနဲ့ အိမ်သုံးပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းချင်တယ်ဆိုရင် ပျားရည်နဲ့ သကြား အနည်းငယ်ရောမွှေပြီး မျက်နှာကို သုတ်လိမ်းပေးပါ။ အသားခြောက်တဲ့သူတွေအတွက် ရှားစောင်းလက်ပပ်က ရတဲ့ သဘာဝအနှစ်တွေကို လက်၊ ခြေထောက်တွေမှာ လိမ်းပေးပါ။ Mask အနေနဲ့ အသားအရေ ပေါင်းတင်ပေးဖို့ အသီးအနှံတွေကို ဇွန်းနဲ့ချေပြီး မျက်နှာမှာ သုတ်လိမ်းတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

    အဓိက ဒီကပ်ဘေးကာလကို တတ်နိုင်သလောက် မိမိအိမ်မှာသာ ဂရုစိုက်နေထိုင်ပြီး ဖြတ်ကျော်သွားကြပါ။ Covid-19 ကာကွယ်ဆေး၊ ကုသနိုင်တဲ့ဆေးဝါးတွေ လုံးဝမပေါ်သေးသ၍ကတော့ ခုလို New Normal ဘဝနေထိုင်မှုပုံစံမှာပဲ အားလုံးအသားကျအောင် နေထိုင်သွားရဖို့သာ ရှိပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 22/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement