backup og meta

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ


Ye Myo Myat မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

    ခုဆိုရင် တော်တော်များများ အပြင်ကို သိပ်မထွက်ကြတော့ဘူး။ အိမ်မှာပဲ နေရင်းနဲ့ ရောဂါပျောက်ကင်းမယ့် နေ့တွေ ထိုင်စောင့်နေရတယ်။ ဒီတော့ အိမ်မှာနေရင်း အိမ်အလုပ်လုပ်တဲ့သူကလုပ်၊ ရုံးအလုပ်လုပ်တဲ့သူကလုပ်နဲ့ ကိုယ့်ရဲ့ အားလပ်ချိန်တွေကို ကုန်ဆုံးလို့ ရတာပေါ့။

    အရင်တစ်ခေါက်က ကိုယ့်အိမ်မှာနေရင်း အသားအရေကို ထိန်းသိမ်းလို့ရမယ့် နည်းလမ်းတွေ ဝေမျှခဲ့ပြီးပြီဆိုတော့ ဒီဆောင်းပါးလေးမှာ နှုတ်ခမ်းသား အလှအပအတွက် ဘယ်လိုပြန်ဂရုစိုက်လို့ ရမလဲဆိုတဲ့ အချက်လေးတွေကို ပြန်ပြီး ဝေမျှပေးချင်ပါတယ်။ အလှကြိုက်တဲ့ မိန်းကလေးတွေအတွက်ရော၊ Skin Care လုပ်ဖို့အတွက် အလုပ်ရှုပ်မခံချင်၊ အချိန်ကုန်မခံချင်တဲ့သူတွေအတွက်ပါ အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆို စလိုက်ကြရအောင်။

    ၁။ ရေများများ သောက်ပေးပါ။

    ရေဓာတ်ဟာ အရေပြားအတွက်သာမက နှုတ်ခမ်းသားကိုပါ စိုပြေတောက်ပစေပါတယ်။ ဘာကြောင့်လဲဆိုတော့ နှုတ်ခမ်းဆိုတာလည်း အရေပြားတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လို့ပါပဲ။ ဒါဆို ခုလိုမျိုး အိမ်မှာနေရင်း ဘယ်မှမသွားရတဲ့အချိန်မှာ ရေများများ သောက်ပေးပြီးတော့ ခန္ဓာကိုယ်ရေဓာတ်ကို လျော့သွားတာမျိုး မရှိအောင် ထိန်းပေးကြတာပေါ့။ နောက်ထပ် ကောင်းတဲ့တစ်ချက်က ရေများများသောက်ပြီး ဆီးများများသွားတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ အပြင်ကို စွန့်ထုတ်ပေးလိုက်နိုင်လို့ လူက ပေါ့ပါးလန်းဆန်းသွားစေတယ်နော်။

    ၂။ နှုတ်ခမ်းကို လျှာနဲ့ မသပ်ပါနဲ့။

    အရမ်းကို လွယ်ကူတဲ့နည်းလမ်းပေမယ့် လူတော်တော်များများ သတိမပြုတတ်ကြပါဘူး။ ရေသောက်နည်းလို့ နှုတ်ခမ်းခြောက်တဲ့အခါ အလွယ်တကူပဲ လျှာနဲ့ နှုတ်ခမ်းကို သပ်လိုက်တယ်။ ရုတ်တရက်ကြည့်ရင် စိုတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဖြစ်သွားတာက တံတွေးထဲမှာပါတဲ့ အက်စစ်ဓာတ်တွေက နှုတ်ခမ်းပေါ်က အစိုဓာတ်တွေကို ခန်းခြောက်သွားစေလို့ နဂိုထက်တောင် နှုတ်ခမ်းက ပိုပြီးခြောက်သွေ့ကွဲအက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီမကောင်းတဲ့ အကျင့်ကို ခုကတည်းက ဖျောက်လိုက်ကြရအောင်နော်။

    ၃။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများစားပေးပါ။

    ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ အမျှင်ဓာတ်၊ အသားအရေအတွက် မရှိမဖြစ် အရေးပါတဲ့ ဗီတာမင်ဓာတ်တွေအပြင် ရေဓာတ်လည်း ပါဝင်လို့ အရေပြားကို နုပျိုတင်းရင်းစေပြီး အရောင်လက်စေပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ နှုတ်ခမ်းဆိုတာ လူ့အရေပြားထဲက အစိတ်အပိုင်းတစ်ခုဖြစ်လို့ ဒီအာဟာရဓာတ်တွေက နှုတ်ခမ်းကိုလည်း သွားပြီး ကောင်းကျိုးပေးနိုင်ပါတယ်နော်။

    ၄။ သကြားနဲ့ နှုတ်ခမ်းကို ကြေးချွတ်ပေးပါ။

    အရေပြားရဲ့ သဘာဝသည် အမြဲတမ်း ဆဲလ်အဟောင်းတွေ သေပြီး ဆဲလ်အသစ်တွေ ပြန်ထွက်လာတဲ့ထုံးစံပါ။ နှုတ်ခမ်းသည်လည်း ထိုနည်းတူပါပဲ။ နေရောင်ခြည်၊ လေထု၊ သဘာဝ၊ အချိန်ကာလကြောင့် နှုတ်ခမ်းသားရဲ့ အပေါ်ယံအလွှာက ဆဲလ်တွေ သေဆုံးသွားတဲ့အခါ နောက်ထပ်ဆဲလ်အသစ်တွေ ထွက်လာနိုင်ဖို့ ဆဲလ်ဟောင်းတွေကို ကြေးချွတ်သန့်စင်ဖို့ လိုပါတယ်။

    အချိန်လည်းမကုန်၊ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ သကြားနဲ့ ပျားရည်ကို အသုံးပြုပြီး ကြေးချွတ်လို့ ရတယ်နော်။ ပျားရည်တစ်ဇွန်း၊ သကြားတစ်ဇွန်းကို သေချာရောမွှေပြီး နှုတ်ခမ်းသားပတ်လည်ကို ဖွဖွလေးပွတ်တိုက်ပေးပါ။ ၅ မိနစ်လောက်ထားပြီးရင် ရေနဲ့ ပြန်ဆေးချရုံပါပဲ။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ပုံမှန်လုပ်ပေးရင်တောင် ကိုယ့်ရဲ့နှုတ်ခမ်းသားက အချိန်တိုအတွင်းမှာ ပန်းနုရောင်လေး သမ်းလာမှာ အသေအချာပါပဲ။

    ကိုဗစ်ကာလမှာ ကောင်းတာတစ်ခုက အပြင်လည်း မသွားရတော့သလို၊ အပြင်ထွက်ရင်လည်း Mask တပ်သွားရတော့ အလှတွေ အရမ်းပြင်စရာမလိုတော့ဘူးပေါ့။ အပြင်က မီးခိုးငွေ့တွေ၊ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားပိုးတွေကလည်း နှုတ်ခမ်းမှာ သိပ်ပြီး မကပ်တော့သလို နှုတ်ခမ်းနီလည်း မဆိုးရတော့ နှုတ်ခမ်းသားပျက်စီးမှုတွေ နည်းသွားတယ်နော်။ ဒါကတော့ အဆိုးထဲက အကောင်းလို့ သဘောထားပြီး တွေးကြည့်တာပါ။ ကျန်တဲ့ အသားအရေထိန်းသိမ်းတာကိုတော့ အပေါ်က ပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်းပဲ သေချာလုပ်ကြည့်ပါနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement