backup og meta

အသားဖြူ စေမယ့်နည်းလမ်း အမှားနဲ့အမှန်တွေ သင်သိထားရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားဖြူ စေမယ့်နည်းလမ်း အမှားနဲ့အမှန်တွေ သင်သိထားရဲ့လား

    အသားဖြူ ရင် လှတယ်လို့ အများစုလက်ခံထားကြတဲ့ အာရှမှာတော့ အသားအရေလှပချင်တဲ့သူတွေချည်း ပါပဲ။ အသားမဖြူရင်တောင် အသားအရေ ကြည်လင်ပြီး စိုပြေဝင်းလက်တဲ့ အနေအထား ရှိရင် အပေါ်ယံ မိတ်ကပ် အပြင်အဆင် မပါလည်း လှနိုင်ပါတယ်။

    ဒါ့ကြောင့်ပဲ အသားဖြူ ချင်၊ အသားအရေ လှပချင်တဲ့ ပျိုမဒီလေးတွေက အသားအရေထိန်းသိမ်းမှုတွေ လုပ်ကြတာပေါ့။ ဒါပေမယ့် မျက်နှာအသားအရေ ဆိုတာ နူးညံ့လွန်းပြီး ထိခိုက်လွယ်တာကြောင့် တစ်ချက်အရွေးမှားတာနဲ့ အသားအရေပျက်စီးနိုင်ပါတယ်။

    ဒီလို မဖြစ်ရအောင် အသားဖြူဖို့၊ အသားလှဖို့ လုပ်မိနေတဲ့ နည်းလမ်းတွေ အရွေးမမှားဖို့ အရေးကြီးပါတယ်။ မျက်နှာဖြူဝင်းလှပမှုအတွက် ပျိုမဒီတို့ ဘာတွေသိထားပြီလဲ ဆိုတာ အောက်မှာ ဆက်ပြီး ဖတ်ကြည့်ရအောင် …

    အသား အရမ်းညိုသူတွေ ချက်ချင်း ဖြူအောင် လုပ်ဖို့ လွယ်သလား

    အမြန်ဆုံး ပြောင်းလဲဖို့က မလွယ်ပါဘူး။ အသားအရောင် skin tone တွေက အဆင့်ဆင့်ရှိတာကြောင့် အသားအညိုဆုံးအဆင့်ကနေ အဖြူဆုံးအဆင့်အထိ ချက်ချင်းရောက်ဖို့မလွယ်ပါဘူး။ အသားညိုသူတွေ အသားဖြူ ဖို့က စိတ်ချရတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေ သုံးပြီး နည်းလမ်းမှန်နဲ့ အသားအရေကို ထိန်းသိမ်းရင်း အချိန်တစ်ခုအထိ စောင့်ရပါတယ်။

    အချိန်တိုအတွင်း ဖြူထွက်သွားဖို့ ဆိုရင်တော့ အရေပြားကို ထိခိုက်စေမယ့် အပြင်းစား ဓာတ်ပစ္စည်းတစ်ခုခု ပါနေနိုင်ပါတယ်။

    Day Cream ရွေးချယ်တဲ့အခါ whitening ကိုပဲ ရွေးရမှာလား

    Day Cream သုံးတဲ့ အခါမှာလဲ ဖြစ်နိုင်ရင် နေရောင်ခြည် ဒဏ် ကာကွယ်ဖို့ အတွက် SPF, PA ပါတဲ့ Day Cream ကို ရွေးချယ် အသုံးပြုသင့် ပါတယ်။

    Toner ကို လက်နဲ့ သုံးတာ မှန်လား

    လက်နဲ့သုံးလို့ မရတာတော့ မဟုတ်ပေမယ့် cotton pad ကို သုံးခြင်းဖြင့် အသားအရေ အတွင်းထိ သေချာစိမ့်ဝင်နိုင်ပြီး အညစ်အကြေး အကြွင်းအကျန် များကိုလဲ သေချာ သန့်စင်ပေးနိုင်ပါတယ်။

    နည်းမှန် လမ်းမှန်ကတော့ Cotton Pad ကိုသုံးပြီး မျက်လုံး တဝိုက်ကို ရှောင်ပြီး မျက်နှာတပြင်လုံး နှံ့စပ်အောင် လိမ်းသင့်ပါတယ်။

    ဆဲလ်သေဖယ်ရှားခြင်း (Exfoliation) ကို ဘယ်နှကြိမ်လုပ်သင့်သလဲ

    တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် Exfoliate လုပ်ပေးသင့်ပါတယ်။ Deep Cleansing လုပ်ဖို့ Scrub သို့ Deep Cleansing Foam မျိုး သုံးပြီး သန့်စင်ခြင်းဖြင့် မျက်နှာပေါ်ရှိ ဆဲလ် အဟောင်းတွေ ဖယ်ပြီး ဆဲလ် အသစ်များ ဖြစ်စေလို့ ပိုချောမွေ့တဲ့ အသားအရေကို ရရှိစေပါတယ်။

    မျက်နှာ ခဏခဏသစ်တာ ဖြူဝင်း သန့်စင်စေမှာလား

    တစ်နေ့နှစ်ကြိမ်(မနက် နဲ့ ည) မျက်နှာသစ်ရင် လုံလောက်ပါပြီ။ မကြာခဏ မျက်နှာသစ်နေတာတော့ မလုပ်သင့်ပါဘူး။ တချို့လူတွေက ကိုယ့်အသားအရေနဲ့ ပတ်သက်ပြီး အရမ်းအာရုံထားလွန်းတတ်ပါတယ်။

    မကြာခဏရေချိုး၊ ချေးတွန်းပွတ်တိုက်လွန်းတာ၊ သန့်စင်တာ၊ မျက်နှာခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေ လုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့ အသားအရေ ရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။

    တကယ်တော့ cleansing products တွေနဲ့ ဆပ်ပြာတွေ မကြာခဏ ထိတွေ့ရလွန်းတာတွေ မဖြစ်သင့်ပါဘူး။ cleanser သုံးတာများလွန်းရင် အသားအရေ ပျက်စီးနိုင်ပါတယ်။

    ရေချိုးဆပ်ပြာ များများ သုံးရင် အသားဖြူ လာနိုင်လား

    ရေကိုကြာကြာချိုးရင်၊ ရေချိုးဆပ်ပြာ များများသုံးရင်၊ ဒါမှမဟုတ် ရေချိုးတဲ့အခါ ဆပ်ပြာသုံးလေးကြိမ်တိုက်ရင် အသားဖြူ လာမယ်လို့တချို့ကထင်ကြပါတယ်။

    ဒါပေမယ့် ရေချိုးဆပ်ပြာသုံးတာ လွန်ကဲသွားရင် အသားမလှတဲ့အပြင် အရေပြားမှာရှိတဲ့ သဘာဝအဆီတွေပါ ဖယ်ရှားခံရပြီး အသားခြောက်သွေ့ကြမ်းတမ်း လာစေနိုင်ပါတယ်။

    Bleaching လုပ်တာ ကောင်းလား

    ဓာတုနည်းနဲ့ Bleaching လုပ်တာ မကောင်းပါဘူး။ အသားဖြူ စေတဲ့ Bleaching ခရင်မ်တွေမှာ ပြဒါးဓာတ်ပါဝင်တာကြောင့် သုံးတာများလာရင် ပြဒါး အဆိပ်သင့်စေနိုင်ပြီး အရေပြားပါးလာခြင်း၊ အသားအရောင် မညီတော့ခြင်း၊ အရေပြား နီရဲရောင်ရမ်းခြင်းကနေ အရေပြားကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။

    Micellar Water သုံးရင် မဖြစ်မနေ မျက်နှာသစ်ဖို့လိုလား

    Micellar Water က မျက်နှာ၊ နှုတ်ခမ်း၊ မျက်လုံးတဝိုက်က မိတ်ကပ်အားလုံးကို ရေမလိုဘဲ၊ ပွတ်ဆွဲစရာမလိုဘဲ အလွယ်တကူဖျက်ပေးနိုင်ပါတယ်။

    ပိုပြီး သန့်စင်ချင်ရင်တော့ Micellar Water သုံးပြီး သင့်တော်ရာ မျက်နှာသစ်ဆေးနဲ့ ထပ်သစ်နိုင်ပါတယ်။ ဒါက မိတ်ကပ် အကြွင်းအကျန်တွေကို ပိုပြီး ဖယ်ရှားပေးနိုင်ပါတယ်။

    မျက်နှာသစ်ပြီးရင် ဘာကို အရင်ဆုံးသုံးသင့်သလဲ

    မျက်နှာသစ်ပြီးရင် –

    • day / night cream
    • toner
    • serum
    • moisturizer တို့အထဲက –

    Toner ကို အရင်သုံးရပါမယ်။ ပြီးမှ serum နဲ့ moisturizer သုံးရပါတယ်။ နောက်ဆုံးမှ day / night cream လိမ်းပေါ့။

    ဒီလောက်သိထားရင်ပဲ လေဒီတို့ အသားဖြူ ချင်ဇောနဲ့ အမှား မလုပ်မိလောက်ဘူးထင်ပါရဲ့နော်။ မှန်ကန်နဲ့ အသားအရေထိန်းသိမ်းမှုကို ပုံမှန်လုပ်ပေးရင်း အလှတရားအစစ် ကို ပိုင်ဆိုင်နိုင်ပါစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement