backup og meta

ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ

    ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ။ ဝမ်းဗိုက်အောက်နား ဆီးစပ်မရောက်ခင်လေးမှာ ချက်ရှိတာကို အားလုံးလည်း သိကြမှာပါ။ ကလေးမွေးပြီးတဲ့အခါ မိခင်နဲ့ ချိတ်ဆက်ထားတဲ့ ချက်ကြိုးကို ဖြတ်ထုတ်ပစ်လိုက်ရပြီး အဲ့ဒီနေရာမှာ ချက်အဖြစ် ကျန်နေခဲ့ပါတယ်။

    ပုံမှန်အားဖြင့်တော့ ချက်ဟာ အနံ့ဆိုးတွေ မထွက်တတ်သလို ထွက်လာခဲ့ရင်လည်း နှာခေါင်းနဲ့ အလွန်ဝေးတဲ့နေရာမှာ ရှိနေတဲ့အတွက် တော်ရုံအနံ့မျိုးလောက်နဲ့တော့ သိနိုင်မှာမဟုတ်ပါဘူး။ အကယ်လို့ ကိုယ့်နှာခေါင်းထဲမှာ အနံ့တစ်ခုခု အမြဲရနေလို့ ချက်ကထွက်လာတယ်လို့ သံသယရှိရင် ဒီအချက်တွေကို သေချာစစ်ကြည့်သင့်ပါတယ်။

    ဘာတွေကို အရင်ဆုံးစစ်မလဲ။

    • ပုံမှန်မဟုတ်သော ပြည်ကဲ့သို့ အရည်များ စိမ့်ထွက်နေခြင်း (အဖြူရောင်၊ အဝါရောင်၊ စိမ်းဖန့်ဖန့်အရောင်)
    • ရောင်ရမ်းပြီး နီရဲနေခြင်း
    • ယားယံနေခြင်း
    • နာကျင်မှုရှိခြင်း
    • ပိုးကောင် တစ်ကောင်ကောင် ဖြတ်သွားနေသလို ခံစားရခြင်း
    • ဝမ်းဗိုက်မှာ အကျိတ်လုံးလို စမ်းမိခြင်း
    • အဖျားတက်ခြင်း စတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ပါ။

    ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ

    ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ။

    ၁။ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း

    ပုံမှန်အားဖြင့် ဒီအချက်ကြောင့် ဝမ်းဗိုက်ချက်ကနေ အနံ့ဆိုးထွက်လာတာ အဖြစ်များပါတယ်။ ရေချိုးတိုင်း ဝမ်းဗိုက်ချက်အတွင်းကို သန့်ရှင်းရေးလုပ်ဖို့ မေ့သွားရင်းကနေ ကြာလာတဲ့အခါ ချေးညှော်နဲ့ အညစ်အကြေးများ ပိတ်မိပြီး ရောဂါပိုးပွားများလာတတ်ပါတယ်။ ချက်ပေါက်က အတွင်းထဲထိ ချိုင့်ဝင်နေတဲ့သူတွေဆိုရင် ချေးပိတ်မိဖို့ အခွင့်အလမ်းပိုများပါတယ်။

    ချေးညှော်များ ပိတ်မိတဲ့နေရာမှာ ဘက်တီးရီးယားများ ခိုအောင်းနေတဲ့အတွက် ဒီနေရာကနေ အနံ့ဆိုးအပြင် တခြား အရေပြားဆိုင်ရာ ရောဂါများ၊ ချက်ပိုးဝင်ခြင်း၊ ပြည်များယိုစိမ့်ထွက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

    ၂။ ရောဂါပိုးဝင်ခြင်း

    ကန်ဒီဒါ (Candida) လို့ ခေါ်တဲ့ မှိုပိုးတစ်မျိုးဟာ ခန္ဓာကိုယ်ရဲ့ အရေပြားချင်းထိတွေ့မှုများပြီး စိုစွတ်တဲ့၊ ပူနွေးတဲ့ အစိတ်အပိုင်းတွေမှာ ပွားများလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် လိင်အင်္ဂါနဲ့ ချိုင်းကြားမှာ မှိုရောဂါစွဲကပ်တာ အဖြစ်များပေမယ့် ချက်ကိုလည်း လုံးဝသန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ ဒီမှိုပိုး ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ်များတဲ့ ဆီးချိုရောဂါရှင်တွေ၊ ကိုယ်ခံအားနည်းနေသူတွေ၊ လတ်တလော ဝမ်းဗိုက်ကို ခွဲစိတ်ကုသမှု ခံယူထားသူတွေမှာ ဒီပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ မှိုအပြင် ဘက်တီးရီးယားပိုးပါ ဝင်လာရင်တော့ အနံ့ဆိုးအပြင် ပြည်အရည်တွေပါ စိမ့်ထွက်ပြီး ချက်ပတ်ပတ်လည်မှာ နီရဲရောင်ရမ်းနေတတ်ပါတယ်။

    ၃။ အကျိတ်ဖြစ်နေခြင်း

    Epidermoid cyst လို အရေပြားရဲ့ အပေါ်ယံလွှာမှာ ဖြစ်တတ်တဲ့ အကျိတ်၊ Pilar Cyst လိုမျိုး ဆံသားမွေးညှင်းပေါက်နားတွင် ဖြစ်တတ်တဲ့ အကျိတ်၊ အဆီဂလင်း (Sebaceous Glands) မှာ ဖြစ်တတ်တဲ့ အကျိတ်တွေကြောင့်လည်း ချက်ကနေ အနံ့ဆိုးထွက်နိုင်ပါတယ်။

    ဒီအရေပြားအကျိတ်များ ရှိနေတဲ့အခါ ချက်ပတ်လည်ကို စမ်းကြည့်လိုက်ရင် အဖုလုံးလို ခံစားရနိုင်ပါတယ်။ များသောအားဖြင့် ချက်မှာဖြစ်တဲ့ အကျိတ်တွေက ကြီးလာပြီး ပေါက်သွားတဲ့အခါ အနာထဲကို ရောဂါပိုးဝင်ပြီး အနံ့ဆိုးထွက်နိုင်သလို ပြည်အရည်တွေကြောင့်လည်း အနံ့ဆိုးထွက်နိုင်ပါတယ်။

    ဘယ်လို ကုသမှုခံယူမလဲ။

    ၁။ တစ်ကိုယ်ရေသန့်ရှင်းမှုကြောင့် ဆိုရင်တော့ ကိုယ့်ဟာကို သန့်ရှင်းရေးကို သတိထားပြီး လုပ်ရမှာပါ။ ချက်ပတ်လည်ကို နေ့စဉ် ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးမယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အနံ့ဆိုးများ ပျောက်သွားနိုင်ပါတယ်။ အဓိက လုပ်ပေးဖို့ လိုအပ်တာတွေကတော့

    • အဝတ်သန့်သန့် တစ်ထည်ကို ဆပ်ပြာရည်နည်းနည်းစွတ်ပါ။
    • လက်ညှိုးထိပ်မှာ အဝတ်ပတ်ထားပြီး ချက်အတွင်းထဲသို့ ပွတ်သုတ်ပေးပါ။
    • အထဲထိ ထိုးထည့်တာမျိုး၊ ကုတ်ခြစ်တာမျိုး မလုပ်ပါနဲ့။
    • ပြီးသွားတဲ့အခါ ရေနဲ့ သေချာပြောင်စင်အောင် ဆေးကြောပါ။
    • ရေချိုးပြီးသွားရင် ရေခြောက်အောင် သုတ်ပြီးမှ အဝတ်အစားဝတ်ပါ။
    • မလိုအပ်ဘဲ ချက်နေရာကို လက်နဲ့ထိကိုင်တာ၊ ပွတ်တာမျိုးကို ရှောင်ပါ။

    ၂။ ရောဂါပိုးဝင်တဲ့ ပြဿနာမှာ အရင်ဆုံး အပေါ်မှာ ပြထားခဲ့တဲ့နည်းလမ်းအတိုင်း ချက်ကို နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပါ။ ချက်နေရာကို ခြောက်သွေ့နေအောင် ထားပေးပါ။ ကျပ်လွန်းတဲ့ အဝတ်တွေကို ဝတ်တာ ရှောင်ပါ။ တစ်ဆက်တည်းမှာပဲ ပိုမဆိုးလာအောင်  ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူပါ။

    ၃။ အကျိတ်က ပေါက်ပြီး ရောဂါပိုးဝင်သွားတဲ့အခါမျိုး၊ ခန္ဓာကိုယ်ထဲ ဖြစ်နေတဲ့ အကျိတ်ကြောင့် အလွန်စိုးရိမ်ပူပန်နေရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်အနေနဲ့ အကျိတ်ကို ဖယ်ရှားပေးဖို့ ဆေးထိုးတာ၊ ဆေးထိုးအပ်ဖြင့် စုပ်ယူတာ၊ အကျိတ်တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားတာမျိုး လုပ်ပေးနိုင်ပါတယ်။

    ချက်နေရာနဲ့ ပတ်သက်ပြီး လူတော်တော်များများက နေ့စဉ်သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ကြပါတယ်။ တကယ်တော့ အရေပြားဆိုတာ အမြဲတမ်း ချွေးထွက်ပြီး ဆဲလ်အသေတွေနဲ့ စုနေတဲ့အတွက် ရေကို ပုံမှန်ချိုးပေးဖို့လိုအပ်သလို အမြဲတမ်း သန့်ရှင်းအောင် ထားတတ်ဖို့လည်း အလွန်အရေးကြီးပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement