backup og meta

ဝက်ခြံ ကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံ ကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

    ဝက်ခြံ ပြောတော့သာ ဘာမှမဟုတ်သလို သူပေးတဲ့ ဒုက္ခက မသေးဘူးရယ်။ ဝက်ခြံက မျက်နှာမှာ အဓိကထွက်တာဆိုပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ထွက်နိုင်ပါသေးတယ်နော်။ အဓိကကတော့ မျက်နှာမှာထွက်တဲ့ ဝက်ခြံတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတာတွေ၊ ကျဆင်းတာတွေဖြစ်ရတာပါ။ ဝက်ခြံထွက်နေရင် မိတ်ကပ်လူးရတာတောင်အဆင်မပြေဘူးနော်။ အလှကြိုက်တဲ့ လေဒီလေးတွေအတွက် ဝက်ခြံက ရန်သူတော်ကြီးပါပဲ။ ဒီရန်သူတော်ကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းမျိုးစုံကြိုးစားပေမယ့် အခုထိမအောင်မြင်သေးဘူးဆိုရင်တော့ အတူတူချေမှုန်းကြည့်မလား။

    ဝက်ခြံ တွေကို ဒီလိုချေမှုန်းပါ

    မျက်နှာမှာ ဝက်ခြံတစ်လုံး ပျောက်သွားတိုင်းဖြစ်တဲ့ ပီတိကတော်တော်လေး သဘောကျစရာပါနော်။ ဒီပီတိလေးကိုများ မခံစားချင်ဘူးလား။ ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်နော်။

    မျက်နှာပေါ်က အညစ်အကြေးတွေကို အတွင်းပိုင်းထိ သန့်စင်စေဖို့ မျက်နှာ မသစ်ခင်မှာ အရင်ဆုံး Micellar Water ကို ဂွမ်းစလေးမှာ ဆွတ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပါ။ ဒါကလည်း ဝက်ခြံဖြစ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်နော်။

    • မျက်နှာကို သန့်စင်ပါ

    အရေးကြီးဆုံးတွေထဲက တစ်ချက်ပေါ့။ ဝက်ခြံ ရှိသူတွေက အခြားသူတွေထက် မျက်နှာသစ်ဆေးကို သေချာရွေးချယ်ဖို့လိုပါမယ်နော်။ အရမ်းလည်းမပြင်းဘဲ pH ပမာဏမျှတတဲ့ မျက်နှာသစ်ဆေးက အဆင်ပြေဆုံးဖြစ်မှာပါ။ မျက်နှာကိုလည်း အကြိမ်ကြိမ်သစ်နေစရာမလိုဘဲ မျက်နှာကို သွေးလည်ပတ်မှုကောင်းအောင် ညင်ညင်သာသာလေးနှိပ်လို့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် မျက်နှာသစ်ရင်ကို လုံလောက်ပါပြီနော်။ Paraffin၊ mineral ပါဝင်မှုများတဲ့ မျက်နှာသစ်ဆေးတွေ၊ အမွှေးနံ့ပြင်းလွန်းတဲ့ မျက်နှာသစ်ဆေးတွေကို မရွေးပါနဲ့။ မျက်နှာသစ်တဲ့အခါ မေးရိုးတလျှောက်၊ လည်ပင်း၊ နားရွက်နောက်ပိုင်းတွေကိုပါမကျန် သန့်စင်ဖို့လိုပါမယ်နော်။ မျက်နှာမသစ်ခင် လက်အရင်ဆေးဖို့လည်း မမေ့ပါနဲ့နော်။ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းပွတ်တာမျိုး မလုပ်ပါနဲ့။

    ဝက်ခြံ ကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

    မျက်နှာကို သစ်ပြီးပေမယ့် ကျန်နေတဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားဖို့ တိုနာကိုအားကိုးရမှာပါ။ ဒါမှ အရေပြားပေါ်က အဆီတွေ၊ ဖုန်မှုန့်တွေကို ဖယ်ရှားပေးပြီး အသားအရေကိုရေဓာတ်ဖြည့်ပေးပြီး အမည်းစက်တွေ ဖြစ်ပေါ်မှုနဲ့ ဆားဝက်ခြံတွေဖြစ်ပေါ်မှုကို တားဆီးပေးနိုင်မှာပါ။ ဂွမ်းစလေးနဲ့ တိုနာကိုစုပ်ယူပြီး မျက်နှာအနှံ့နဲ့လည်ပင်းကိုပါသုံးပေးပါ။ လည်ပင်းအသားအရေက မျက်နှာအသားအရေလိုပဲ နူးညံ့ပါတယ်။ ဒါကြောင့် လည်ပင်းအသားအရေကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်နော်။

    မျက်နှာကို အပေါ်ကပြောတဲ့ အဆင့်လေးတွေအတိုင်းလုပ်ပြီးသွားပြီဆိုရင် ဝက်ခြံအတွက် ထုတ်ထားတဲ့ ခရင်မ်တစ်ခုခုလူးပေးပါ။ ဆရာဝန်နဲ့ ပြသကြည့်လို့ရသလို ဆေးဆိုင်တွေမှာလည်းမေးပြီး ဝယ်လို့ရပါတယ်။ အခုဆို အလှအပအတွက်ကောင်တာတွေမှာ အသားအရေအတွက် အလိုက်ဖက်ဆုံးဖြစ်မယ့် အရာတွေကိုရွေးချယ်ဝယ်ယူလို့ရနေပါပြီနော်။

    ပြီးရင်တော့ အရေပြားကို ရေဓာတ်ဖြည့်ပေးဖို့ အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။ ဒီအဆင့်က လုံးဝကျော်မသွားသင့်တဲ့ အဆင့်ပါနော်။ အသားအရေခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေကို သက်သာစေနိုင်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် အဆီမပါတဲ့ Moisturizer လိမ်းပေးပါ။
    ဝက်ခြံ ကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့
    နောက်တဆင့်ကတော့ ဝက်ခြံ သမားတွေအတွက် သီးသန့်ထုတ်ထားတဲ့နေလောင်ကာခရင်မ်ကိုလူးဖို့ပါ။ ဒါမှနေရောင်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာပါ။ Moisturizerတွေမှာ SPF ပါတတ်ပေမယ့် အသားအရေကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ဆိုရင် နေလောင်ကာခရင်မ် ထပ်လူးမှဖြစ်မှာပါ။ ခရမ်းလွန်ရောင်ခြည်က ဝက်ခြံအမာရွတ်တွေကို ပိုဆိုးစေနိုင်ပါတယနော်။

    ပြီးရင် မိတ်ကပ်လူးလို့ရပါပြီနော်။ နောက်သတိထားရမှာက တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် မျက်နှာပေါ်ကဆဲလ်သေတွေကို ဖယ်ရှားဖို့နဲ့ ညအိပ်ရာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်နဲ့ အဆီတွေကို michellar water လေးသုံးလို့ ဖယ်ရှားလိုက်ဖို့ပါနော်။ ဒီနည်းလေးတွေအတိုင်း ပုံမှန်လုပ်ပေးသွားရင် ဝက်ခြံကင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ရမှာ အသေအချာပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement