backup og meta

ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား

    တစ်နေ့ကို ရေချိုးတဲ့ အကြိမ်ရေနဲ့ ပတ်သက်ပြီး လူတွေ မကြာခဏဆိုသလို အငြင်းပွားတတ်ကြပါတယ်။ ယောက်ျားလေး တော်တော်များများကတော့ ရေချိုးရမှာလည်း ပျင်းသလို နေ့တိုင်း ရေချိုးဖို့ မလိုအပ်ဘူးလို့ ခံယူထားတတ်ကြသလိုပဲ၊ ရေများများချိုးမှ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိတယ်ဆိုပြီး ခံယူထားကြသူတွေလည်း အများကြီးပါပဲ။ ဒီတော့ ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား ဆိုတာကို ကြည့်လိုက်ရအောင်နော်။

    ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား

    ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား ဆိုတော့

    ရေကို ဘယ်နှစ်ကြိမ် ချိုးတာ အကောင်းဆုံးလဲ။

    တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ဖြစ်စေ၊ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ဖြစ်စေ တစ်နေ့ကို ပုံမှန် တစ်ကြိမ်လောက် ရေချိုးပေးနိုင်ရင်တော့ လုံလောက်ပါပြီ။ ကိုယ့်အသားအရေက ခြောက်တဲ့ အသားအရေဆိုရင် အကြိမ်ရေ နည်းလေ၊ ပိုကောင်းလေပါပဲ။ ချွေးထွက်များတဲ့သူဆိုရင်တော့ တစ်ကြိမ်ထက် ပိုချိုးပေးနိုင်ပါတယ်။ ဆဲလ်စေတွေနဲ့ ချွေးနဲ့ ရောပြီး ခန္ဓာကိုယ်မှာ ဘက်တီးရီးယားတွေ ပိုပြီးပွားများလာကာ အနံ့တွေ ပိုထွက်နိုင်လို့ပါ။

    တစ်ကြိမ်ထက် ရေချိုးလို့ရော မရဘူးလား။

    ဟုတ်ကဲ့ ရပါတယ်။ ရေကို တစ်နေ့ ဘယ်နှစ်ကြိမ် ချိုးရပါမယ်လို့ အတိအကျ စံနှုန်းသတ်မှတ်ထားတာ မရှိပါဘူး။ အကယ်လို့ နေအရမ်းပူလွန်းတဲ့နေ့၊ ကိုယ်ကလည်း ချွေးတွေ အများကြီး ထွက်ထားတယ် ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်တဲ့နေ့မျိုးတွေမှာ ရေကို တစ်ကြိမ်ထက် ပိုချိုးပေးသင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ တစ်ကြိမ်လောက် ချိုးပေးရင် လုံလောက်ပါပြီ။

    အလွန်အကျွံ ရေချိုးတဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။

    ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သက်ပြီး သူများထက် ပိုပြီး သန့်ချင်တာ၊ ကိုယ်ခန္ဓာကနေ အနံ့ထွက်ရင် မကြိုက်တာ၊ အရေပြား ပြဿနာတစ်ခုခု ဖြစ်မှာကို အလွန်ကြောက်တဲ့အခါ လိုတာထက် ပိုပြီး ရေချိုးသန့်စင်ခြင်းကို ပြုလုပ်တတ်ပါတယ်။ ဒီလိုလုပ်မိတဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေ ဆုံးရှုံးမှုဖြစ်ပြီး အရေပြားတွေ မွဲခြောက်ခြောက် ဖြစ်လာပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့

    • အရေပြားက အလွန်အမင်း ယားယံတာ
    • အရေပြားအဖက်လန်တာ
    • အရေပြား ထိခိုက်ပျက်စီးဖို့ ပိုလွယ်တာ
    • နေလောင်ဒဏ် ခံရနိုင်ခြေ ပိုများလာတာ
    • အရေပြားကို ခြောက်သွေ့တာ
    • တချို့အရေပြားပြဿနာတွေ ဖြစ်ဖို့ ပိုလွယ်ကူတာတွေ ဖြစ်လာနိုင်ပါတယ်။

    ရေလုံးဝ မချိုးတာရော ကောင်းသလား။

    ဒါကတော့ ရေချိုးပျင်းတဲ့ ကိုကိုတွေ၊ ရာသီဥတု အေးတာကို အကြောင်းပြပြီး ရေမချိုးချင်တဲ့သူတွေအတွက်ပါ။ တစ်လမှာ တစ်ရက်တလေ ရေချိုးပျက်တာ ဘာမှမဖြစ်ဘူးဆိုပေမယ့် နေ့တိုင်းလိုလို ရေမချိုးဘဲ နေရင်တော့ အရေပြားရောဂါ ဖြစ်နိုင်တယ်နော်။ ကျွန်တော်တို့ လူခန္ဓာကိုယ်က ဘယ်လောက်ပဲ အေးနေပါစေ၊ ချွေးထွက်နိုင်ပါတယ်။ ဒီလိုမျိုး ချွေးထွက်တဲ့ နေရာတွေမှာ ဘက်တီးရီးယားက အမြဲအောင်းနေတဲ့အတွက် ဒီရောဂါပိုးတွေကို ဖယ်ရှားပစ်ဖို့ ရေကို တစ်နေ့ တစ်ကြိမ်လောက်တော့ ပုံမှန်ချိုးသင့်ပါတယ်။ ရေမချိုးဘူးဆိုရင်တောင် ရေပတ်ဝတ် တိုက်ပေးတာမျိုး လုပ်ပေးရပါမယ်။

    ရေချိုးခြင်းအကြောင်း သောင်းပြောင်းထွေလာ

    အပေါ်မှာ ပြောတာနဲ့ ပတ်သက်ပြီး နည်းနည်းရှုပ်သွားတယ်ထင်ရင် အခု နည်းနည်း ပြန်ပြောပြပေးပါ့မယ်။

    ၁။ ရေကို တစ်နေ့တစ်ကြိမ်တော့ ပုံမှန် ချိုးပေးရပါမယ်။ ဒါဟာ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်ရော ကျန်းမာရေးအတွက်ပါ။

    ၂။ နေပူတဲ့နေ့၊ လေ့ကျင့်ခန်း လုပ်တဲ့နေ့၊ ချွေးအရမ်းထွက်တဲ့နေ့တွေဆိုရင် ရေ ၂ကြိမ်ချိုးသင့်ပါတယ်။ အကယ်လို့ ရေမချိုးဘဲ အပြင်ထွက်တာဆိုရင်တော့ အိမ်ပြန်ရောက်ရင် ချွေးတိတ်ပြီဆိုတာနဲ့ တစ်ကြိမ် ရေချိုးပေးရပါမယ်။

    ၃။ ရေချိုးတဲ့အခါ ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောပေးရပါမယ်။

    ၄။ ရေပူကို သုံးတာထက် ရေနွေး သို့မဟုတ် ရေအေးနဲ့ ချိုးတာ အကောင်းဆုံးပါပဲ။

    ၅။ ခေါင်းအစ ခြေအဆုံး သေချာဆေးကြောဖို့ လိုသလို ဘက်တီးရီးယားတွေ အများဆုံး ခိုအောင်းရာ နေရာတွေဖြစ်တဲ့ ချိုင်းကြား၊ ပေါင်ခြံတွေကို သေချာ ကြေးတွန်းပေးဖို့ လိုပါတယ်။

    ၆။ ရေကို ၁၀ မိနစ်ထက် ပိုပြီး မချိုးပါနဲ့။ ရေစိမ်တဲ့နေ့တွေမှာ ရေမချိုးလို့ ရပါတယ်။

    ၇။ ရေချိုးပြီးတာနဲ့ ခြောက်သွားအောင် အမြန်သုတ်ပါ။ ရေစိုအတိုင်း အဝတ်ဝတ်တာ၊ ဒီအတိုင်း လေသလပ်ထားတာမျိုး မလုပ်ပါနဲ့။

    ကဲ ဒါဆိုရင် ရေဘယ်နှစ်ကြိမ် ချိုးရမလဲ ဆိုတာနဲ့ပတ်သက်ပြီး သံသယအတွေးများနေတဲ့ သူတွေလည်း ဒီဆောင်းပါးကို ဖတ်ကြည့်ပြီး အဖြေရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement