backup og meta

နှာခေါင်းမွေး တွေကို နှုတ်သင့်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 17/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်းမွေး တွေကို နှုတ်သင့်လား

    လူတိုင်းရဲ့ နှာခေါင်းထဲမှာ သဘာဝအရ အမွေးအမျှင်လေးတွေ ရှိကြပါတယ်။ အများအားဖြင့် နှာခေါင်းမွေး လေးတွေက စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ပေမယ့် တချို့တွေမှာ အဲဒီအမွေးအမျှင်တွေက အပြင်ကို အများကြီးရှည်ထွက်လာပြီး ကြည့်ရရုပ်ဆိုးစေတဲ့အပြင် တစ်ခါတလေမှာ စိတ်အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ တချို့ကတော့ စိတ်အနှောက်ယှက်ဖြစ်လာတဲ့အခါမှာ အဲဒီအမွေးအမျှင်လေးတွေကို လက်နဲ့ ဆွဲနှုတ်ပစ်လေ့ရှိပါတယ်။

    နှာခေါင်းမွေး တွေကို နှုတ်တော့မယ်ဆိုရင်

    နှာခေါင်းထဲမှာရှိတဲ့ အမွေးလေးတွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်စနစ်တွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နှာခေါင်းမွေးလေးတွေဟာ ကျွန်ုပ်တို့ ရှူသွင်းလိုက်မိတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်၊ အမှုန်အမွှားတွေ၊အညစ်အကြေးတွေနဲ့ ပိုးမွှားတွေကို အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ထဲကို မရောက်သွားအောင် ကာကွယ်ပေး၊ တားဆီးပေးပါတယ်။

    ဒါ့ကြောင့် နှာခေါင်းမွေးတွေကို နှုတ်လိုက်မယ်ဆိုရင် အမှုန်အမွှားတွေဝင်လာနိုင်ပြီး ပိုးဝင်ခြင်း၊ ယားယံခြင်း၊ ဓာတ်မတည့်ခြင်း စတဲ့ ပြသနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နှာခေါင်းမွေးလေးတွေကို ဆွဲနှုတ်လိုက်တဲ့အခါ နှာခေါင်းရဲ့ နူးညံ့တဲ့ အတွင်းသားလေးတွေကိုလည်း ဒဏ်ရာဖြစ်စေနိုင်ပါတယ်။

    နှာခေါင်းမွေးတွေကို နှုတ်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

    ၁။  Ingrown nose hair

    နှာခေါင်းမွေးတွေကို နှုတ်လိုက်တဲ့အခါ အဲဒီနှုတ်လိုက်တဲ့နေရာက အကြွင်းအကျန် အမွေးအမျှင်အစလေးတွေဟာ အရေပြားထဲကို ပြန်ဝင်သွားပြီး သူ့ရဲ့ ထွက်ရမယ့် follicle လို့ခေါ်တဲ့ နေရာလေးတွေကနေ မထွက်နိုင်တော့ပါဘူး။ ဒါ့ကြောင့် နှုတ်လိုက်တဲ့နေရာလေးတွေမှာ နီရဲလာတာ၊ အဖုလေးတွေဖြစ်တာ၊ ယားတာ၊ နာတာ စတဲ့ ပြသနာတွေ ဖြစ်လာစေပါတယ်။

    ၂။ ပိုးဝင်ခြင်း

    Nasal vestibulitis လို့ခေါ်တဲ့ နှာခေါင်းထဲမှာရှိတဲ့ nasal vestibule လို့ခေါ်တဲ့ နေရာပိုးဝင်ပြီး ရောင်ရမ်းခြင်းတွေ၊ nasal furunculosis လို့ခေါ်တဲ့ နှာခေါင်းမွေးလေးတွေထွက်တဲ့ follicle လေးတွေကို ပိုးဝင်ခြင်း တွေဖြစ်နိုင်ပါတယ်။

    ၃။ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေပိုများလာခြင်း

    အရှေ့မှာ ဖော်ပြခဲ့တဲ့အတိုင်း နှာခေါင်းအထဲမှာရှိတဲ့ အမွေးအမျှင်လေးတွေဟာ အမှုန်အမွှားတွေကို ကာကွယ်ဖို့အတွက် အရေးပါတဲ့အတွက် သူတို့မရှိတော့တဲ့အခါ ဖုန်နဲ့ ပိုးမွှား၊ အမှုန်အမွှားတွေကြောင့် ဓာတ်မတည့်ခြင်းတွေပိုဖြစ်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာတွေ (အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါ) ဖြစ်နိုင်ခြေတွေကို ပိုများလာစေပါတယ်။

    ဒါ့ကြောင့် နှာခေါင်းအထဲက အမွေးလေးတွေကို မနှုတ်ပစ်သင့်ပါဘူး။ ဒါပေမယ့် နှာခေါင်းမွေးတွေက ရှည်လာမယ်၊  ကြမ်းတမ်းပြီး စိတ်အနှောင့်ယှက်ဖြစ်လာမယ်၊ နေရထိုင်ရခက်ခဲပြီး ကြည့်မပျော်၊ ရှုမပျော်ဖြစ်လာမယ်ဆိုရင်တော့ နှုတ်တဲ့ နည်းလမ်းအစား ဘေးဥပါဒ်လည်းမဖြစ်စေဘဲ နှာခေါင်းမွေးတွေအပြင်ကိုလည်း မထွက်နေအောင် အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

    နှာခေါင်းမွေးတွေကို ဒီလိုရှင်းနိုင်ပါတယ်

    (၁)နှာခေါင်းမွေးတွေကို ညှပ်ပေးတဲ့ ကိရိယာ အသုံးပြုခြင်း

    Trimmer လို့ခေါ်တဲ့ ထိပ်မှာ နှာခေါင်းမွေးတွေကို ညှပ်ပေးနိုင်တဲ့ ကပ်ကြေးလေးတွေပါဝင်တဲ့ အထူးထုတ် ကိရိယာလေးတွေကို အသုံးပြုနိုင်ပါတယ်။ အဲဒီကိရိယာလေးတွေမှာ ပါတဲ့ ကပ်ကြေးလေးတွေဟာ အရေပြားနဲ့ နှာခေါင်းအတွင်းသားလေးတွေကိုလည်း မထိခိုက်၊ မနာကျင် စေဘဲ နှာခေါင်းမွေးလေးတွေကို သေသေသပ်သပ်နဲ့ ဝိုက်ဝိုက်ကလေး ဖြစ်အောင် ရှင်းလင်းပေးနိုင်ပါတယ်။ electric trimmer လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

    (၂) လေဆာဖြင့် ဖယ်ရှားခြင်း

    ဒီနည်းလမ်းကတော့ trimmer သုံးတာထက် အနည်းငယ်ပိုပြီး အကုန်အကျများနိုင်ပါတယ်။ ဒီနည်းလမ်းကလည်း နှာခေါင်းအတွင်းသားလေးတွေကို မထိခိုက်စေဘဲ နှာခေါင်းမွေးတွေကို ရှင်းလင်းစေပါတယ်။ ဒါပေမယ့် လေဆာနဲ့ ဖယ်ရှားတဲ့နည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်နဲ့ အလှအပပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်တွေနဲ့သာ တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်သင့်ပါတယ်။

    ဒါပေမယ့် အမွေးတွေကျွတ်အောင် အသုံးပြုတဲ့ hair removal cream တွေကိုတော့ နှာခေါင်းမွေးတွေအတွက် အသုံးမပြုသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ cream လိမ်းဆေးအများစုဟာ ပြင်းတဲ့အတွက် နူးညံ့တဲ့ နှာခေါင်းအတွင်းသားလေးတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။

    Hello ဆရာဝန်ပရိသတ်ကြီးလည်း နှာခေါင်းမွေးလေးတွေရဲ့ တန်ဖိုးကိုသိပြီး သိပ်ရှည်လာမယ်ဆိုရင်တောင် နှုတ်ပစ်တာမျိုးမလုပ်ဘဲ အန္တရာယ်မဖြစ်စေမယ့် နည်းလမ်းလေးတွေ အသုံးပြုကြဖို့ ဒီဆောင်းပါးလေးကနေ တိုက်တွန်းချင်ပါတယ်။

    ရေးသားသူ –  Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 17/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement