backup og meta

နဖူးမှာမှ ရွေးပေါက်တဲ့ ဝက်ခြံလေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နဖူးမှာမှ ရွေးပေါက်တဲ့ ဝက်ခြံလေးတွေ

    ဝက်ခြံတဲ့၊ နာမည်လည်း မလှသလို အမြင်လည်း မလှဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု မဲ့စေတယ်။ မတော်တဆ သွားထိမိလို့ ပွန်းပဲ့သွားခဲ့ရင်လည်း နောက်ထပ် ဝင်လာမယ့် အရေပြား ပြဿနာတွေက နည်းတာမဟုတ်။ အဲ့သလို စိတ်ညစ်စရာ ကောင်းတဲ့ ဝက်ခြံတွေဆိုတာလည်း လူပျို၊ အပျို ဘဝကတည်းက ပေါက်လာလိုက်တာ အသက် ၂၀၊ ၃၀ ရောက်တာတောင် ပေါက်နေတုန်းပဲနော်။

    ဝက်ခြံဆိုတိုင်း ညှစ်သင့်လား။

    တချို့တွေက ပြောတယ်၊ ဝက်ခြံပေါက်နေရင် ရုပ်ပိုဆိုးတာပေါ့၊ ညှစ်လိုက်မှ မြန်မြန်ပျောက်သွားမှာလေ ဆိုပြီး ကိုယ်တိုင်ညှစ်ရင်ညှစ်၊ မညှစ်ရင်လည်း တခြားသူတွေကို ညှစ်ဖို့ အကြံပေးတတ်ကြသေးတယ်နော်။ တကယ်တော့ ပေါက်နေတဲ့ ဝက်ခြံကို ညှစ်တယ်ဆိုတာ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုတော့ လုံးဝ မဟုတ်ပါဘူး။ ဒါ့အပြင် မသန့်ရှင်းတဲ့လက်နဲ့ ညှစ်မိလိုက်တဲ့အခါ လက်မှာရှိတဲ့ ရောဂါပိုးက အနာထဲကို ဝင်သွားပြီး ပိုးဝင်တယ်၊ ပြည်တည်တယ်၊ ရောင်လာမယ်၊ မခံမရပ်နိုင်အောင် ယားလာမှာပေါ့။ လက်သန့်သန့်နဲ့ ညှစ်လိုက်ပါပြီတဲ့၊ နောက်ပိုင်းမှာ ဝက်ခြံညှစ်ထားတဲ့ နေရာကို သေချာသန့်သန့်ရှင်းရှင်း မထားဘူးဆိုရင်လည်း အဲ့လိုပဲ ထပ်ပြီး ဖြစ်လာမှာပါပဲ။ ဒါကြောင့် ဝက်ခြံပေါက်ရင် လုံးဝ မညှစ်ဖို့၊ သူ့ဘာသာ အချိန်ကြာလာတော့မှ ပြားပြီး ချပ်သွားတဲ့အထိ စောင့်ပေးဖို့ အကြံပေးလိုက်ချင်ပါတယ်။

    ဘယ်လိုအရာတွေကြောင့် နဖူးမှာ ဝက်ခြံလာပေါက်တာလဲ။

    လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးသည် အရေပြားနဲ့ ဖုံးလွှမ်းထားတာ ဖြစ်တဲ့အတွက် ချွေးပေါက်တွေက ရှိနေနိုင်ပါတယ်။ ဒီလို ချွေးပေါက်ထဲကို အညစ်အကြေးများ၊ ဖုန်မှုန့်နဲ့ အဆီတွေ ပိတ်မိလာရင် ပိုးဝင်ပြီး ဝက်ခြံကို ဖြစ်စေပါတယ်။ နဖူးမှာ ပေါက်တဲ့ ဝက်ခြံအများစုရဲ့ နောက်ကြောင်း ရာဇဝင်ကို ပြန်ကောက်ရမယ်ဆိုရင်

    ၁။ လူပျို၊ အပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ ကမောက်ကမ ဖြစ်ပြီး ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။

    ၂။ ဒီလို ဆယ်ကျော်သက်ကာလ ပြီးဆုံးသွားပြီးနောက် အသက် ၂၀ မှ စလို့ နောက်ပိုင်း ပေါက်တဲ့ ဝက်ခြံတွေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းလို့ ပေါက်တာ ပိုများပါတယ်။

    ၃။ စိတ်ဖိစီးမှုတွေ အရမ်းများတဲ့ သူတွေမှာလည်း ခန္ဓာကိုယ်တွင်း မကောင်းတဲ့ ကော်တီစော ဟော်မုန်း (Cortisol) တွေ အများအပြား ထွက်တဲ့အတွက် ဝက်ခြံပေါက်နိုင်သလို အသားအရောင်ကလည်း ညစ်ထေးလာနိုင်ပါတယ်။

    ၄။ တချို့သော သောက်ဆေးတွေမှာ ဝက်ခြံပေါက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ အနည်းနဲ့ အများ ရှိတတ်ပါတယ်။ ဒီပြဿနာကြောင့် ဆိုရင်တော့ ဆရာဝန်အနေနဲ့ ဆေးကို ရပ်လိုက်တာ၊ သို့မဟုတ် တခြားဆေးတစ်မျိုး ပြောင်းပေးပါလိမ့်မယ်။

    ၅။ ရှေ့ဆံပင်ကို နဖူးဖုံးပြီး အရှေ့ချထားတဲ့သူတွေ၊ ဦးရေပြားနဲ့ ဆံသားက အဆီအရမ်း ပြန်တဲ့သူတွေ၊ ခေါင်းသိပ်မလျှော်တဲ့ သူတွေဆိုရင် ဆံသားမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်က နဖူးမှာ ရှိနေတဲ့ ချွေးပေါက်ထဲ ဝင်သွားပြီး ပိတ်ဆို့ခြင်းကြောင့် ဝက်ခြံ ပေါက်နိုင်ပါတယ်။

    ၆။ ရှားပါး ဓာတ်မတည့် ဖြစ်စဉ်တွေ ဖြစ်တဲ့ အဝတ်အစားကို ချုပ်ထားတဲ့ အသားနဲ့ ဓာတ်မတည့်တာမျိုး၊ မိတ်ကပ်နဲ့ ခေါင်းလျှော်ရည်မှာ ပါဝင်တဲ့ ဓာတ်ပစ္စည်း တချို့နဲ့ ဓာတ်မတည့်တဲ့အခါမှာ နဖူးအရေပြားပေါ်မှာ ဝက်ခြံပေါက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

    နဖူးမှာ ပေါက်တဲ့ ဝက်ခြံအတွက် ဘယ်လိုကုသနိုင်မလဲ။

    ၁။ အိမ်တွင်းနည်းလမ်းတွေဆိုရင် သဘာဝ ရှားစောင်းလက်ပပ်က ရတဲ့ အနှစ်ကို သုတ်လိမ်းပေးတာ၊ ဇင့်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် အီး အားဆေးတွေကို သောက်ပေးနိုင်ပါတယ်။

    ၂။ မျက်နှာကို Cleanser အပျော့စားနဲ့ တစ်နေ့ ၂ကြိမ် သစ်ပေးပါ။ မျက်နှာသစ်တဲ့အခါ ပွတ်ဆွဲတာမျိုး လုံးဝမလုပ်ပါနဲ့။ အထူးသဖြင့် ဝက်ခြံပေါက်နေတဲ့ နေရာတွေကို သတိထားပြီး ဆေးကြောပေးပါ။

    ၃။ ခေါင်းကို တစ်ရက်ခြား တစ်ကြိမ်လောက် ပုံမှန်လျှော်ပေးပါ။ နဖူးကို ဖုံးသွားလောက်တဲ့အထိ ရှေ့ဆံပင်ကို ရှည်လွန်းအောင် မထားပါနဲ့။ ညှပ်သင့်ရင် ညှပ်ပါ။ ဒါမှမဟုတ် ဆံပင်ကို ဘေးခွဲထားပါ။

    ၄။ လက်ကို လုံးဝမဆေးဘဲ မျက်နှာကိုင်တာ၊ ကုတ်တာ၊ ပွတ်သပ်တာမျိုး မလုပ်ပါနဲ့။ အပြင်မှာဆိုရင် wet tissue တွေနဲ့ ဖြည်းဖြည်းချင်း သုတ်ပေးပါ။ မျက်နှာကို အဆီတဝင်းဝင်း ဖြစ်အောင် မထားပါနဲ့။

    ၅။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးတွေ လျှောက်ဝယ်ပြီး မလိမ်းပါနဲ့။ အနာနဲ့ ဆေး မတည့်တဲ့အခါ ဆေးယဉ်ပါးမှု ဖြစ်စေနိုင်သလို အရေပြားကို ဝက်ခြံပေါက်ဖို့အတွက် တွန်းအားပေးလိုက်သလိုလည်း ဖြစ်စေနိုင်ပါတယ်။

    ၆။ ဝက်ခြံသည် များသောအားဖြင့် သန့်သန့်ရှင်းရှင်း ထားမယ်၊ လက်နဲ့ ကုတ်တာ၊ ညှစ်တာမျိုး မလုပ်ရင် သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။

    ၇။ ဘယ်လိုမှ မပျောက်ဘူး၊ ပိုဆိုးလာတယ်၊ ဒါမှမဟုတ် ဝက်ခြံပျောက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်ကို ဖျောက်ချင်တယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူတာက အကောင်းဆုံး ဖြစ်မှာပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement