backup og meta

နဖူးပေါ်က အရေးအကြောင်းလေးတွေအတွက် အိမ်တွင်းကုထုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နဖူးပေါ်က အရေးအကြောင်းလေးတွေအတွက် အိမ်တွင်းကုထုံး

    ဇရာဆိုတာ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ လူ့သဘာဝနဲ့ လောကနိယာမပါပဲ။ လူမှန်ရင် အသက်ကြီးမယ်၊ အသက်ကြီးလာရင် အရေးအကြောင်း ဖြစ်မယ်၊ ပါးရေတွန့်မယ်၊ အားအင်ချိနဲ့မယ်။ တချို့တွေကျတော့လည်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ စိတ်ဖိစီးမှုတွေ၊ အသားအရေကို ဂရုမစိုက်ဘဲ ပစ်ထားတော့ နဖူးပေါ်မှာ အရေးအကြောင်းတွေ တွန့်နေရင် ကြည့်ရဆိုးတာပေါ့။ ဒီဆောင်းပါးလေးမှာတော့ နဖူးပေါ်မှာ ထင်းနေတဲ့ အရေးအကြောင်းလေးတွေကို ဘယ်လို သက်သာအောင် လုပ်လို့ ရမလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ၁။ ခရမ်းလွန်ရောင်ခြည်ကို အထင်မသေးလိုက်ပါနဲ့။

    ခရမ်းလွန်ရောင်ခြည်ဟာ နေပူကျဲတဲ မဟုတ်ဘဲ ကိုယ့်အိမ်ထဲမှာတောင် ရှိနေနိုင်ပါတယ်။ အထူးသဖြင့် လူလုပ်တဲ့ မီးသီး၊ မီးချောင်းကနေ ထွက်လာတဲ့ အလင်းရောင်တွေမှာ ခရမ်းလွန်ရောင်ခြည်တွေ ရှိနေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်သည် ကျွန်တော်တို့ရဲ့ အရေပြားကို အရောင်မှိန်သွားစေပြီး ဆဲလ်တွေကို သေစေတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပြီး အရေပြားကင်ဆာ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် အပြင်သွားတော့မယ်ဆိုရင် SPF 30 လောက် အနည်းဆုံးပါတဲ့ Sunscreen လိမ်းပြီးမှသာ အပြင်ထွက်ပါ။ အိမ်ထဲမှာ နေရင်လည်း SPF 15 ပါဝင်တဲ့ Sunscreen ကို လိမ်းပေးပါ။ အထူးသဖြင့် ကိုယ်က နဖူးမှာ အရေးအကြောင်းထင်နေတယ်ဆိုရင် နဖူးကို လိမ်းဖို့ မမေ့ပါနဲ့နော်။

    ၂။ စိတ်ဖိစီးမှုကို လျှော့ချပါ။

    စိတ်ဖိစီးလာရင် လူတော်တော်များများ လုပ်တတ်တဲ့ အကျင့်က မျက်မှောင်ကို အတင်း ကျုံ့ထားလိုက်တာပါပဲ။ အဲဒီလို မျက်မှောင်ကျုံ့ခြင်းဟာ အရေပြားကို တွန့်သွားစေတဲ့အတွက် စိတ်ဖိစီးမှု နေ့တိုင်း ကြုံနေရသူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းထင်တာတော့ မဆန်းပါဘူးနော်။ အဓိက စိတ်ဖိစီးမှုကို ပြေပျောက်စေဖို့ ကိုယ့်စိတ်ကို အေးချမ်းစေမယ့်၊ ပျော်ရွှင်စေမယ့် အရာတွေ ရွေးလုပ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ အစာအာဟာရ ဂရုစိုက်စားသုံးတာ၊ အိပ်ချိန်မှန်အောင် အိပ်စက်အနားယူတာ၊ ညအိပ်စဉ် တေးဂီတသံစဉ်ဖွင့်ပြီး နားထောင်တာ၊ စိတ်ကျန်းမာရေး တိုင်ပင်ခံနဲ့ ဆွေးနွေးတာ၊ ခရီးထွက်တာ စတဲ့ နည်းလမ်းတွေနဲ့ ထိန်းချုပ်လို့ ရပါတယ်။

    ၃။ ရေများများ သောက်ပါ။

    ရေဓာတ်ဟာ အရေပြားအတွက် ကောင်းကျိုးများစွာ ပေးနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ခန္ဓာကိုယ်အတွင်းပိုင်းကနေ အရေပြားအတွက် အာဟာရဓာတ် ဖြစ်စေသလို အရေပြားဆဲလ် အသစ်တွေ ပြန်ထုတ်လုပ်နှုန်းကိုလည်း မြှင့်တင်ပေးပါတယ်။ အရေးကြောင်း ရှိနေသူတွေမှာ အရေပြားကို တခြားသူတွေထက် ရေဓာတ်၊ အစိုဓာတ် ထိန်းဖို့ ပိုလိုတာကြောင့် ရေများများ သောက်ပေးနိုင်လေ ပိုကောင်းလေပါပဲ။

    ၄။ အသားအရေကို ပြန်ထိန်းသိမ်းပါ။

    များသောအားဖြင့် ငယ်ငယ်လေးနဲ့ နဖူး အရေးကြောင်းထင်တာဟာ ကိုယ့်အသားအရေကို သေချာဂရုမစိုက်ဘဲ ပစ်ထားလို့ ဖြစ်တာပါ။ ဒီအတွက်ကြောင့် အသားအရေ ထိန်းသိမ်းပြုပြင်တာ ပြန်လုပ်လိုက်ရင်တော့ အရေးအကြောင်းတွေ ပါးသွားပါလိမ့်မယ်။ အဓိက လုပ်ပေးရမှာတွေက

    • မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ဆပ်ပြာ အပျော့စားနဲ့ သေချာဆေးကြောပါ။

    • ရေချိုးပြီးတာနဲ့ ရေကို ခြောက်အောင် သုတ်ပါ။ ရေသုတ်တဲ့အခါ ပွတ်ဆွဲပြီး သုတ်တာထက် ဖွဖွလေး ဖိပြီး သုတ်ပါ။

    • အရေပြားကို အစိုဓာတ်ထိန်းခရင်မ် Moisturizer ပြန်လိမ်းပေးပါ။

    • ဗီတာမင် စီ သို့မဟုတ် ရှားစောင်းလက်ပပ် ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်တွေကို အဓိက ရွေးချယ်ပါ။

    • အိမ်ထဲမှာပဲ နေနေ၊ အပြင်ပဲ သွားသွား Sunscreen ကို ခပ်ပါးပါးလေးတော့ လိမ်းပါ။

    • တစ်ပတ်ကို ၂ကြိမ်လောက်တော့ Sheet Mask ကပ်ပေးပါ။ အစိုဓာတ်ထိန်း သို့မဟုတ် အာဟာရဖြည့် Sheet Mask အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူပါ။

    ၅။ အစာအာဟာရနဲ့ အိပ်ချိန်ကိုလည်း ဂရုစိုက်ပါ။

    တွေ့ကရာ စားတတ်တဲ့ အကျင့်နဲ့ အိပ်ချိန်မမှန်ခြင်းဟာလည်း လူကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်နော်။ ဒါကြောင့် အစာအာဟာရကို သင့်တင့်မျှတစွာ စားပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အသားအရေအတွက် အထူးကောင်းတဲ့ ဗီတာမင် စီ ပါဝင်မှုများတဲ့ ချဉ်သောအရသာ ရှိတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ဗီတာမင် အီးနဲ့ ငါးကြီးဆီ ပါဝင်တဲ့ အစေ့အဆန်တွေ၊ ငါးတွေ များများစားပေးပါ။ ညအိပ်ချိန်ကိုလည်း တစ်နေ့ ၇ နာရီမှ ၈ နာရီထိ ရအောင် အိပ်စက် အနားယူပေးပါ။

    ဒီအချက်တွေက နဖူးမှာ အရေးအကြောင်းထင်းနေသူတွေ ကိုယ့်အိမ်မှာ အလွယ်တကူ လုပ်ပေးလို့ ရမယ့် နည်းလမ်းတွေပါ။ အရေးအကြောင်း မရှိသေးတဲ့သူတွေလည်း ဒီအချက်တွေကို ပုံမှန်လိုက်နာခြင်းဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်မှာပါနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement