backup og meta

ချွေးပေါက်ကျယ်နေရတဲ့ အကြောင်းရင်းကို အဖြေရှာကြမယ်


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချွေးပေါက်ကျယ်နေရတဲ့ အကြောင်းရင်းကို အဖြေရှာကြမယ်

    အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်တွေဆိုတာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ကိုယ်ခန္ဓာထဲက မကောင်းတဲ့ချွေးပုပ်တွေနဲ့ အညစ်အကြေးတွေကို အပြင်ကို စွန့်ထုတ်ပေးဖို့အတွက် အဓိက ကူညီပေးနိုင်တာ သိထားကြမှာပါ။ ဒါပေမယ့် အလှအပအနေနဲ့ ကြည့်မယ်ဆိုရင် လိုတာထက် ပိုပြီး ချွေးပေါက်ကျယ်လွန်းတဲ့အခါ လူတစ်ယောက်ရဲ့ မျက်နှာက အစက်အပျောက်တွေနဲ့ အရမ်းကို ကြည့်ရဆိုးစေပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်။ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ပိတ်ဆို့ဖို့လည်း လွယ်ကူတာကြောင့် ဝက်ခြံ၊ အဆီဖု၊ ဆားဝက်ခြံအစရှိတဲ့ အရေပြားပြဿနာတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အလှအပနဲ့ ပတ်သက်ပြီး အရမ်းဂရုစိုက်တဲ့ ပျိုမေလေးတွေအတွက်ဆိုရင်တော့ ချွေးပေါက်ကျယ်တာ သိပ်ကို စိတ်ညစ်ဖို့ ကောင်းတဲ့ပြဿနာတစ်ခုလိုပါပဲ။

    ဒါဆို ဘာကြောင့် ချွေးပေါက်ကျယ်လာရတာလဲဆိုတာကို အရင်ဆုံးပြောပြပေးမယ်နော်။

    အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်နေတာ

    • အသက် ၃၀ နောက်ပိုင်း အရေပြားအိုမင်းရင့်ရော်လာခြင်း

    • အမျိုးသားများ လူပျိုဖြစ်ပြီးနောက်ပိုင်း ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း

    • အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ခြင်း

    • သွေးဆုံးပြီး ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း

    • နေပူထဲ နေလောင်ကာခရင်မ် (Sunscreen) မလိမ်းဘဲ အပြင်ထွက်ခြင်း

    • အသားအရေကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း

    • မကြာခဏ အပြင်ထွက်ရခြင်း

    • ချွေးအလွန်အကျွံ ထွက်ခြင်း

    • မိဘမျိုးရိုးလိုက်တာ

    • ပူနွေးစိုစွတ်တဲ့ အပူပိုင်းဒေသ၊ ဖုန်ထူပြီး လေထုညစ်ညမ်းတဲ့ နေရာတွေမှာ နေထိုင်ရခြင်း

    မျက်နှာကို သေချာမသစ်ခြင်း

    • မျက်နှာမသစ်ဘဲ အိပ်ခြင်း

    • ကိုယ့်မျက်နှာအသားအရေကို လုံးဝဂရုမစိုက်ခြင်း သို့မဟုတ် ဂရုစိုက်လွန်းခြင်း စတဲ့အကြောင်းရင်းတွေဟာ ကျွန်တော်တို့ကို ချွေးပေါက်ကျယ်စေတဲ့ အဓိကတရားခံတွေပါပဲ။

    ချွေးပေါက်ကျယ်ခြင်းဟာ အရေပြားပြဿနာတွေကို ပိုဖြစ်လွယ်စေဖို့ ဖွင့်ထားတဲ့တံခါးပေါက်တွေလိုပါပဲ။ ဒါကြောင့် ချွေးပေါက်ကျယ်တဲ့သူတိုင်း skincare လုပ်တဲ့အခါ တခြားသူတွေထက် နည်းနည်းပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အလှကုန်ပစ္စည်းတွေလည်း အများကြီးသုံးဖို့မလို၊ အိမ်မှာ အချိန်နည်းနည်းလေးပေးပြီး နေ့တိုင်း ဂရုတစိုက်လုပ်ပေးနေရုံနဲ့ ချွေးပေါက်ကျယ်တဲ့ ကိစ္စကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို အလှအပအရမ်းကြိုက်တဲ့ ပျိုမေတွေအတွက် ပြောပြပေးချင်ပါတယ်။

    ၁။ မျက်နှာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သေချာသစ်ရပါမယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်ဆိုရင် For Oily Skin ဆိုတဲ့ အညွှန်းပါတဲ့ မျက်နှာသစ်ဆေး (Cleanser) တွေက အသင့်လျော်ဆုံးပါပဲ။

    ၂။ မျက်နှာသစ်ပြီးသွားရင် မျက်နှာသုတ်ပဝါကို ပွတ်ဆွဲပြီး မသုတ်ပါနဲ့။ ဖွဖွလေး ဖိပြီး သုတ်ပေးဖို့ မမေ့နဲ့နော်။ အရေပြားကို ပွတ်ဆွဲပြီးသုံးခြင်းဟာ ချွေးပေါက်တွေကို ကျယ်စေတဲ့အပြင် အရေးအကြောင်းတွေကိုလည်း ထင်စေတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပြီး အသားအရေကို ရွတ်တွစေနိုင်ပါတယ်။

    ၃။ ရေခြောက်သွားပြီဆိုတာနဲ့ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ကို မြန်မြန်လေး လိမ်းပေးပါနော်။ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပြီးတဲ့အခါ အသားပေါ် ချွဲပြီးမကျန်စေမယ့်၊ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းပြီး အသားအရေကို အေးမြစေကာ အစိုဓာတ်ထိန်းပေးနိုင်မယ့် အလှကုန်ပစ္စည်းကို ရွေးချယ်သုံးစွဲပေးပါ။

    ၄။ နေပူထဲ မထွက်ခင် နာရီဝက်အလိုမှာ နေလောင်ကာခရင်မ် (Sunscreen) ကို နေရာအနှံ့ သေချာပွတ်လိမ်းပေးပါ။ အဓိက မျက်နှာကို လိမ်းပေးရမှာဖြစ်ပြီး လည်ပင်း၊ လက်၊ ခြေထောက်၊ ဝမ်းဗိုက်တွေကိုလည်း လိမ်းပေးသင့်ပါတယ်။ SPF 30 အနည်းဆုံးပါတဲ့ Sunscreen အမျိုးအစားကို ရွေးဝယ်ပါ။

    ၅။ ချွေးထွက်တဲ့အခါ၊ မျက်နှာအဆီပြန်တဲ့အခါ wet tissue နဲ့ သုတ်ပေးပါ။

    ၆။ ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်စေဖို့ ရေကို တစ်နေ့ ၃လီတာ အနည်းဆုံး သောက်ပေးပါ။

    ၇။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများစားပါ။ ဗီတာမင် စီဓာတ်ကြွယ်ဝပြီး အရည်လည်းရွှမ်းတဲ့ အသီးအနှံတွေ၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကစားပေးသင့်ပါတယ်။

    ၈။ ညကို မျက်နှာသစ်ပြီးမှ အိပ်ပါ။ တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်၊ ပေါင်ဒါမှုန့်တွေ သေချာဖျက်ပါ။

    ၉။ အိပ်ချိန်သည် အနည်းဆုံး ၇နာရီကနေ ၈နာရီထိ ရှိဖို့လိုအပ်ပါတယ်။ ညဉ့်နက်မှ အိပ်တဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီးချွေးပေါက်ကျယ်တတ်တယ်ဆိုတာကို သတိထားပေးပါ။

    ဇရာကို ဘယ်သူမှမလွန်ဆန်နိုင်ဘူးဆိုပေမယ့် ကိုယ့်အသားအရေ အလှအပက ကိုယ့်လက်ထဲမှာ ရှိတယ်ဆိုတာ ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ အရေပြားနဲ့ အလှအပကို ဂရုစိုက်တဲ့နေရာမှာလည်း နာမည်ကြီးတံဆိပ်တွေ ဈေးကြီးပေးဝယ်စရာမလိုပါဘူး။ ကိုယ့်အသားအရေအတွက် အသင့်တော်ဆုံးဖြစ်မှာကိုပဲ သေချာရွေးဝယ်ပြီး ဂရုစိုက်ကြမယ်ဆိုရင် ဝင်းမွတ်အိစက်ပြီး အရွယ်တင်တဲ့ အသားအရေမျိုးကို အမြန်ဆုံးရနိုင်တာကြောင့် ဒီနေ့ကစပြီး ကိုယ့်အသားအရေကို သေချာဂရုစိုက်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်နော်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement