backup og meta

ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်နိုင်စေမယ့် အလေ့အထ ၆ ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်နိုင်စေမယ့် အလေ့အထ ၆ ခု

    ကိုယ့်ရဲ့ အသက်အရွယ်က ၁၅ နှစ်ပဲဖြစ်ဖြစ် ၆၅ နှစ်ပဲဖြစ်ဖြစ် အသားအရေကိုတော့ ဂရုစိုက်ဖို့လိုနေမှာပါပဲ။ အားတဲ့ရက်မို့ နေပူထဲလျှောက်သွားနေနေ၊အလုပ်သွားရင်းပဲဖြစ်ဖြစ် နေ့တိုင်းသွားလာနေရတဲ့ အလုပ်မျိုးကိုလုပ်နေရရင်ပဲဖြစ်ဖြစ် ဘယ်လိုအနေအထားမျိုးမှာပဲ ပဲဖြစ်နေ ဖြစ်နေ လူတိုင်းက အရင်ဆုံးသတိထားမိမှာက ကျွန်မတို့အသားအရေကိုပါ။ ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်ထားခြင်းကလည်း လူကိုယုံကြည်မှုပိုတိုးစေတဲ့အရာတစ်ခုပါပဲ။ ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင် ဖြစ်ချင်တဲ့ဆန္ဒ လူတိုင်းမှာရှိမယ်ထင်ပါတယ်။ ဒါပေမယ့် ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်ဖို့ဆိုတာက ဆန္ဒရှိရုံ နဲ့ဖြစ်လာမယ့်အရာတော့မဟုတ်ပါဘူး။ အလုပ်များတယ်ဆိုပေမယ့်လည်း ကျွန်မတို့မိန်းကလေးတွေရဲ့ အလှတရားပို ပိုမိုပြီးပြည့်စုံစေတဲ့ အသားအရေကောင်းခြင်းကိုရရှိဖို့အတွက် ဒီနေ့ကစပြီး အချိန်နည်းနည်းပေးကြည့်ကြရအောင်လား။

    အသားအရေကျန်းမာလှပစေဖို့က နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထတွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့လိုသလို အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုတယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။ အသားအရေကျန်းမာလှပအောင်လုပ်ရမယ့် အရာလေးတွေက ဘာတွေများဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်။

    အသားအရေကျန်းမာလှပစေမယ့် အလေ့အထများ

    ရေသောက်ပေးပါ။

    သိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ အသားအရေလှပစေဖို့ ရေလုံလောက်အောင်သောက်ပေးရမယ်ဆိုတဲ့အချက်ကို တော်တော်များများ ကြားဖူးမယ်ထင်ပါတယ်။ အသားအရေကျန်းမာလှပဖို့ဆိုတာက ခန္ဓါကိုယ်ကရေဓါတ် အလုံအလောက်ရရှိဖို့လိုသလို အဆိပ်အတောက်ကင်းစင်ဖို့လည်းလိုပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက် အထိသောက်သုံးပေးမယ်ဆိုရင် အရေပြားအစိုဓါတ်ကိုထိန်းထားနိုင်ပြီး အသားအရေကိုကျန်းမာလှပ စေတဲ့အပြင် ဝက်ခြံတွေနဲ့ အသားအရေမှာ အမဲစက်တွေဖြစ်ပေါ်တာကိုပါ သက်သာစေမှာဖြစ်ပါတယ်။ ခန္ဓါကိုယ် အတွက်လိုအပ်တဲ့ရေဓါတ်ပြည့်ဝစေဖို့ သွားလေရာကိုရေဗူးယူသွားပေးပါ။ အလုပ်ခွင်ထဲမှာဆိုလည်း အလုပ်စားပွဲပေါ်မှာ ရေဗူးထဲရေဖြည့်ပြီးထားထားပေးပါ။

    အိပ်ရေးဝပါစေ။

    တစ်နေ့တာလုံး ပင်ပန်းမှုတွေကြောင့် အသားအရေထိခိုက်မှုတွေ လျော့ပါးသက်သာစေဖို့ တစ်ညကို အနည်းဆုံး ၈ နာရီအိပ်စက်ပြီး ခန္ဓါကိုယ်ကို ထိခိုက်ပျက်စီးသွားတဲ့ အသားအရေတွေကို ပြင်ဆင်ခွင့်ပေးလိုက်ပါ။ ညအိပ်တဲ့အခါ ခန္ဓါကိုယ်က UV rays တွေ ညစ်ညမ်းတဲ့ မြို့ပြလေထုကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြုပြင်ပေးမယ့် melatonin ဆိုတဲ့ ဟော်မုန်းကိုထုတ်လွှတ်ပေးပါတယ်။ ညကိုအိပ်ရေးဝဝအိပ်ပါ။ အိပ်ရာစောစောဝင်ပါ။ ညအိပ်ချိန်မှာ ဖုန်းကို ခပ်ဝေးဝေးမှာထားပြီး ကောင်းမွန်စွာ အိပ်စက်အနားယူရင်း ကျန်းမာလှပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ဖို့လုပ်ကြရအောင်ပါ။

    အာဟာရမျှတအောင်စားသုံးပေးပါ။

    တစ်နေ့တာ လှုပ်ရှားသွားလာမှုတွေအတွင်းမှာ ဆေးလိပ်ငွေ့နဲ့ထိတွေ့မိတာ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ နဲ့ထိတွေ့မိတာနဲ့တင် အသားအရေက ထိခိုက်ပျက်စီးနေပါပြီ။ ဒါကြောင့် အစားအသောက်စားတဲ့အခါ အသားအရေ ကိုထိခိုက်စေနိုင်မယ့်အရာတွေဖြစ်တဲ့ ကဖင်း နဲ့ အယ်လ်ကိုဟောပါဝင်တာတွေကိုရှောင်ကြဉ်ပြီး အသားအရေ အတွက်ကောင်းတဲ့ အစားအစာမျိုးတွေကို စားသုံးပေးပါ။ အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝအောင်စားသုံးပေးပါ။

    ဒီတစ်ခါတော့ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေဘယ်လိုအသုံးပြုမလဲဆိုတာလေးပြောပြမယ်နော်။ အသားအရေလှပဖို့ဆိုတဲ့နေရာမှာ အလှအပထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုသေသေချာချာ အသုံးပြုတတ်ဖို့ကလည်း တစ်စိတ်တစ်ပိုင်းတော့အရေးပါပါတယ်။

    သင့်တော်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းကိုရွေးချယ်ပေးပါ။

    အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေကိုရွေးချယ်တဲ့အခါ အရေးကြီးဆုံးအချက်က ကိုယ်က ဘယ်လို အသားအရေပိုင်ရှင်လဲဆိုတာကို သိဖို့ပါ။ မျက်နှာသစ်ဆေးကစလို့ နောက်ဆုံး မိတ်ကပ်ရွေးချယ်တာမျိုးအထိ အသားအရေနဲ့လိုက်ဖက်နေဖို့ အင်မတန်မှ အရေးကြီးပါတယ်။

    အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားဖို့ မမေ့ပါနဲ့။

    အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားမှသာ အသားအရေက လိုအပ်တဲ့ အာဟာရဓါတ်တွေကို ထိထိမိမိ စုပ်ယူဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။ ချောမွေ့ကျန်းမာတဲ့ အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင် အသားအရေ ပေါ်ကဆဲလ်သေတွေကို ဖယ်ရှားတာက ကျော်သွားလို့မရတဲ့ အဆင့်တစ်ဆင့်ပါ။ နောက်ထပ်သိထားရမှာတစ်ခုက အပေါ်မှာပြောပြခဲ့သလို အသားအရေအစိုဓါတ်ထိန်းဖို့ပါ။ အသားအရေအစိုဓါတ်ထိန်းဖို့က ရေသောက်ရုံနဲ့ ပြီးရောလားဆိုတော့ မဟုတ်သေးပါဘူး။ မျက်နှာအသားအရေမှာ အစိုဓါတ်ထိန်းခရင်မ်ကိုလည်းလူးပေးဖို့လည်း လိုပါလိမ့်မယ်။ တစ်ပတ်တစ်ကြိမ်လောက် ဆဲလ်သတွေကိုဖယ်ရှားပေးမယ်ဆိုရင် ချွေးပေါက်တွေကိုပွင့်စေပြီး ဝက်ခြံတွေကို သက်သာစေမယ့်အပြင် ကျန်းမာတဲ့ အသားအရေကိုပါ ပိုင်ဆိုင်နိုင်မှာပါ။

    အိပ်ရာမဝင်ခင် မျက်နှာကိုသန့်စင်ပါ။

    တစ်နေ့တာလုံးပင်ပန်းလာတယ်ဆိုပေမယ့် ညမအိပ်ခင်မှာတော့ မျက်နှာကို သန့်စင်အောင်လုပ်ပါ။ မျက်နှာပေါ် ကတစ်နေ့တာလုံးလူးထားသမျှတွေကို ဖျက်ပစ်ပြီး မျက်နှာသစ်ဆေးသုံးပြီး မျက်နှာကိုသေချာသစ်ပေးပါ။ တစ်နေ့တာလုံး ပင်ပန်းထားတဲ့ အသားအရေကို လိုအပ်တဲ့အာဟာရဓါတ်လေးတွေပြည့်ဝစေဖို့ အသားအရေကိုရေဓါတ်ဖြည့်ပေးပြီး ချွေးပေါက်တွေနဲ့ မျက်နှာပေါ်က အမဲစက်တွေကို သက်သာစေတဲ့ ညလိမ်းခရင်မ်မျိုးကိုလူးပေးလို့ရပါတယ်။

    အသားအရေကျန်းမာလှပဖို့ဆိုတာက နေ့စဉ်လုပ်ဆောင်နေတဲ့ အလေ့အထတွေအပေါ်မှာအများကြီး တည်မှီနေတတ်တာကြောင့် မျက်နှာကို လက်ချောင်းတွေနဲ့ထိတွေ့တာ၊ ဝက်ခြံတွေကိုဆိတ်ဆွတာ၊ ချွေးတွေကို မသုတ်ဘဲထားတာ၊ အရမ်းကြာနေတဲ့မိတ်ကပ်တွေကို ဆက်သုံးနေတာမျိုး၊ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာ မျိုးတွေကို မလုပ်မိဖို့လည်း သတိထားဖို့လိုပါလိမ့်မယ်။ အသားအရေနဲ့လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုလည်းရွေးချယ်အသုံးပြုတာနဲ့ နေ့စဉ်လုပ်နေကျအလေ့အထတွေထဲက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အထတွေကို သတိထားဆင်ခြင်တာတွေကို ဟန်ချက်ညီအောင်လုပ်ဆောင်ရင်း အများကြားမှာ ထင်ပေါ်နေမယ့် ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement