backup og meta

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

    မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးအတွက် အစစအရာရာ စိတ်ပူတတ်ကြတာ သဘာဝပါပဲ။ သေးသေးမွှားမွှားလေးဆိုရင်တောင် ကိုယ့်ကလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်မကင်း ဖြစ်ရတာ ကလေး မမွေးခင်ကနေ ကြီးသွားတဲ့အထိတိုင်အောင်ပါပဲ။

    ခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာဆိုရင် ကလေးတွေ မကြာခဏ အဖြစ်များတာကတော့ အသားအရေခြောက်သွေ့တာပါပဲ။ ကျန်းမာရေးအရ ပြဿနာ ကြီးကြီးမားမား မရှိဘူးဆိုပေမယ့် သားသမီးအရေးဆို သေးသေးလေးကအစ စိုးရိမ်စရာဖြစ်နေတဲ့ မိဘတွေအတွက်တော့ ရင်အေးစရာ ကိစ္စတော့ မဟုတ်ဘူးပေါ့။

    ဒီဆောင်းပါးလေးမှာတော့ ကလေးတွေမှာ အဖြစ်များတဲ့ အသားအရေခြောက်တာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဆင်ပြေလွေယ်ကူတဲ့ နည်းလမ်း ၅ချက်ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလိုက်နာပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းကျန်းမာမာနဲ့ နွေရာသီရဲ့ အပူဒဏ်ကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာပါ။

    ၁။ ရေဓာတ် မခမ်းခြောက်အောင် ဂရုစိုက်ပေးပါ။

    ကလေးတွေ အသားအရေခြောက်စေရတဲ့ အဓိက တရားခံကတော့ ရေဓာတ်ခမ်းခြောက်တာပါ။ နွေရာသီဆိုတော့ အချိန်မရွေး ပူလောင်အိုက်စပ်နေမယ်။ ကလေးဆိုတာလည်း အမြဲလှုပ်ရှားကစားနေတဲ့ အရွယ်ဆိုတော့ အပြင်ထွက်ကစားပြီး ပြန်လာတိုင်း ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှာပေါ့။ ရေဓာတ်ဆုံးရှုံးတဲ့အခါ အသားအရေပျက်စီးမယ်၊ ကလေးက ခေါင်းမူးခေါင်းကိုက်ပြီး ကိုယ်လက်မအီမသာဖြစ်မယ်၊ အားမရှိသလို နုံးချိနေမယ်၊ အာခေါင်ခြောက်ပြီး အစာစားချင်စိတ် နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ အသားအရေခြောက်နေပြီဆိုရင် မိဘတွေအနေနဲ့ ရေများများတိုက်ပေးပါ။ အရည်ရွှမ်းပြီး ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို များများကျွေးပါ။

    ၂။ အစာအာဟာရကို စုံလင်စွာ ကျွေးပေးပါ။

    အသားအရေလှဖို့အတွက်တင် မကဘဲ ကျန်းမာရေးအတွက် ကလေးရဲ့ နေ့စဉ် အစာအာဟာရကို ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ ဗိုက်ဝရင်ပြီးရောဆိုပြီး စားချင်တာ ကျွေးလိုက်တာထက် အရေပြားနဲ့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို များများကျွေးပေးရပါမယ်။ တခြား အစာအာဟာရအနေနဲ့ အသား၊ ငါး၊ အစေ့အဆန်၊ နွားနို့၊ ကြက်ဥ၊ ပဲအမျိုးမျိုးကိုလည်း စုံလင်စွာ ကျွေးပေးရမယ်နော်။

    ၃။ အရေပြားပေါ်က ဆဲလ်အသေတွေကို တိုက်ချွတ်ပေးပါ။

    အပြင်က အပူချိန်ကြောင့် ဆဲလ်အသေတွေ ပျက်စီးပြီး အရေပြားပေါ်မှာ ဒီအတိုင်း ကျန်ခဲ့နိုင်ပါတယ်။ ဒီဆဲလ်အသေတွေက အရေပြားကို ပျက်စီးစေသလို မွဲခြောက်ခြောက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး ရေချိုးတိုင်း ဆပ်ပြာနိုင်နိုင်တိုက်ပြီး ကြေးသေချာတွန်းပေးဖို့ မမေ့ပါနဲ့။ ကြေးတွန်းတဲ့နေရာမှာ မပျော့မမာ ရေမြှုပ်လေးနဲ့ ကိုယ်ခန္ဓာအနှံ့ကို ဖြည်းဖြည်းချင်း တိုက်ပေးနိုင်ရင် ရပြီနော်။ ဒါကိုပဲ နေ့စဉ် ပုံမှန် ကြေးချွတ်ပြီး ရေချိုးသန့်စင်ပေးမယ်ဆိုရင်တော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အသားခြောက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

    ၄။ အစိုဓာတ် ပြန်ထိန်းပါ။

    ကလေးရဲ့ အသားအရေ ခြောက်တယ်ဆိုတာ ရေဓာတ်တင်မကဘဲ အရေပြားက အစိုဓာတ်နည်းလွန်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ ကလေးကို ရေချိုးပေးပြီးလို့ တစ်ကိုယ်လုံး ခြောက်အောင် သုတ်ပြီးသွားရင် အစိုဓာတ်ထိန်း Moisturizer ဒါမှမဟုတ် Lotion တွေ လိမ်းပေးပါ။ အများကြီး လိမ်းတာထက် ခန္ဓာကိုယ်တစ်ခုလုံးကို နှံ့နေအောင် လိမ်းပေးဖို့ပဲ လိုပါတယ်။

    ၅။ နေလောင်ကာခရင်မ်ကို မမေ့ပါနဲ့။

    မိသားစုလိုက် အပြင်ထွက်တော့မယ်ဆိုရင် နေလောင်ကာခရင်မ်ကို မဖြစ်မနေ လိမ်းပေးပါ။ ကလေးရဲ့ အသားအရေဟာ အလွန်နူးညံ့ပြီး ပျက်စီးလွယ်တဲ့အတွက် နေရောင်ထဲ ဘာမှမလိမ်းဘဲ ထွက်မယ်ဆိုရင် သေချာပေါက် အသားခြောက်ပြီး ကြမ်းလာတော့မှာပေါ့။ ဒါကြောင့် အပြင်မထွက်ခင် SPF 15 လောက် ပါဝင်တဲ့ နေလောင်ကာခရင်မ် တစ်မျိုးမျိုးကို သေချာလိမ်းပေးဖို့ မေမေတွေ မမေ့နဲ့နော်။

    ဒါဆိုရင် ကိုယ်သိပ်ချစ်ရတဲ့ ရင်သွေးလေး အသားခြောက်လို့ စိတ်ညစ်နေရတဲ့ မေမေတွေအတွက် ဒီနည်းလမ်းတွေက ကူညီပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီအချက် ၅ချက်ကို သေချာလိုက်လုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာ ကလေး အသားခြောက်တာကို ပျောက်ကင်းသက်သာသွားစေပြီး နဂိုအတိုင်း စိုပြေနူးညံ့ဖြူဖွေးလာမှာ အသေအချာပဲနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement