မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ အများဆုံးကာလပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်နေတဲ့အခါ မိန်းကလေးတစ်ယောက်ရဲ့ ဟော်မုန်းမျှခြေဟာ တည်ငြိမ်ခြင်းမရှိသလို မဟော်မုန်းတွေကိုလည်း ခန္ဓာကိုယ်က အမြောက်အများ ထုတ်လုပ်ပေးနေတာကြောင့် ဖြစ်ပါတယ်။
တင်းတိပ်ဆိုတာ ဘာလဲ။
တင်းတိပ်ဆိုတာ အရေပြားရောင်ခြယ်ဆဲလ်လို့ ခေါ်တဲ့ မယ်လနင်ဓာတ်တွေကို ခန္ဓာကိုယ်က အလွန်အမင်းထုတ်လုပ်တဲ့အခါမှာ ဖြစ်တဲ့ အရေပြားပြဿနာတစ်ခုပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ မယ်လနင်ဓာတ်ကို ပိုမိုထုတ်လုပ်တဲ့အခါ ထိုလူရဲ့ အသားအရေဟာ ပုံမှန်ထက် နက်မှောင်တဲ့ဘက်ကို ရောက်သွားပါတယ်။ တချို့နေရာမှာပဲ ကွက်ပြီး မယ်လနင်ဓာတ် အများအပြားထုတ်လုပ်တဲ့အခါ တင်းတိပ်ကဲ့သို့ အမည်းကွက်၊ အညိုကွက် အကွက်များဖြစ်ပေါ်လာပါတယ်။
တင်းတိပ်က ဘယ်နေရာမှာ အဖြစ်များတာလဲ။
မျက်နှာတစ်ဝိုက် အထူးသဖြင့် နဖူး၊ ပါးပြင်၊ နှာခေါင်းပတ်လည်မှာ တင်းတိပ်အဖြစ်များပါတယ်။ လည်ပင်း၊ မေးစေ့တွေမှာလည်း တင်းတိပ်ပေါက်တတ်ပြီး ထိုမှတစ်ဆင့် အောက်ဘက် ခန္ဓာကိုယ်ထိ ပွားသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်အပြင် တခြားဘာကြောင့်ရော တင်းတိပ်ဖြစ်နိုင်လဲ။
၁။ အာရှလူမျိုးများရဲ့ အသားအရေသည် အနောက်နိုင်ငံသား (လူဖြူ) တွေထက် အသားအရောင်ပိုညိုပါတယ်။ အဓိက မယ်လနင်ဓာတ်ဟာ အပြင်က နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးသလို ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားကို အရောင်မှိန်လာစေပါတယ်။
၂။ ခရမ်းလွန်ရောင်ခြည်နဲ့ မကြာခဏ ထိတွေ့တဲ့အခါ ဒီဓာတ်ရောင်ခြည်တွေဟာ ခန္ဓာကိုယ်ရဲ့ မယ်လနင်ဓာတ်ထုတ်လုပ်နှုန်းကို အနှောင့်အယှက်ဖြစ်စေပြီး မယ်လနင်ဓာတ်ပိုထွက်လာကာ တင်းတိပ်များ ဖြစ်လာစေနိုင်ပါတယ်။
၃။ နေလောင်ကာခရင်မ်ကို သေချာမလိမ်းတဲ့အခါ၊ ၂နာရီခြားတစ်ခါ နေလောင်ကာခရင်မ် မလိမ်းပေးရင်လည်း ဖြစ်နိုင်သလို နေပူထဲ မကြာခဏသွားလာသူတွေမှာလည်း တင်းတိပ်ပိုဖြစ်နိုင်ပါတယ်။
၄။ မိန်းကလေးတွေမှာ ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ အပျိုဖော်ဝင်ချိန်၊ သွေးဆုံးချိန်လိုမျိုး ဟော်မုန်းမျှခြေ ပျက်ယွင်းတဲ့ ကာလတွေကြောင့် သွေးသားပြောင်းလဲမှုဖြစ်ပြီး ယာယီတင်းတိပ်ဖြစ်လာနိုင်ပါတယ်။
၅။ တားဆေးသောက်နေရတဲ့ မိန်းကလေးတွေ တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အရောင်မှိန်ပြီး တင်းတိပ်ပေါက်လာတာမျိုးလည်း ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ တင်းတိပ်ပေါက်ရင် ဘာလုပ်သင့်လဲ။
ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးမှာ တတ်နိုင်သလောက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို အသုံးမပြုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ Skin Care ပစ္စည်းတွေမှာ မိခင်ကျန်းမာရေးနဲ့ ဗိုက်ထဲက ကလေးကိုပါ ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ အများအပြား ပါဝင်နေလို့ပါပဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဉ် တင်းတိပ်ပေါက်လို့ဆိုပြီး အသားအရေကို အလွန်အကျွံ ထိန်းသိမ်းတာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး။ အဲဒီအစား နေထိုင်စားသောက်မှုပုံစံကို အနည်းငယ် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်လို့ ရပါတယ်။
ဘာတွေ လုပ်ပေးလို့ ရမလဲဆိုရင်
၁။ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေကို များများစားပေးပါ။
လိမ္မော်သီး၊ စပျစ်သီး၊ သံပရာသီး၊ ခရမ်းချဉ်သီးလိုမျိုး အချဉ်ဓာတ်များတဲ့ အသီးအနှံတွေကနေ ဗီတာမင်စီဓာတ်ကို လုံလောက်စွာရရှိနိုင်ပါတယ်။ ဗီတာမင် စီဓာတ်သည် အရေပြားကို ကျန်းမာလန်းဆန်းစေသလို အရေပြားဆဲလ် ထုတ်လုပ်နှုန်းကိုလည်း မြှင့်တင်ပေးလို့ အသားအရေကို ပြန်လည် ဖြူစင်ဝင်းပလာစေပါတယ်။
၂။ ရေများများ သောက်ပေးပါ။
ရေဓာတ်ဟာ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးဖို့ အလိုအပ်ဆုံး အာဟာရဓာတ်တွေထဲက တစ်ခုပါ။ ရေဓာတ်ပြည့်ဝမှသာ အရေပြားက လန်းဆန်းကျန်းမာပြီး တင်းတိပ်၊ ဝက်ခြံ စတဲ့ အရေပြားပြဿနာတွေကို လျော့နည်းသွားစေမှာပါ။
၃။ မျက်နှာကို သခွားသီးပါးပါးလှီး ကပ်ပေးပါ။
သခွားသီး အသားအရေအတွက် ရေဓာတ်ဖြည့်တင်းပေးသလို ဓာတုပစ္စည်းမပါဝင်တဲ့ အစိုဓာတ်ပါ ထိန်းပေးနိုင်ပါတယ်။ တင်းတိပ်ဆိုတာ အရေပြားအရောင်မှိန်လာတာကြောင့်၊ အပြင်က ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဖြစ်လာတဲ့ အရေပြားပြဿနာဖြစ်လို့ အသားအရေဖြူစင်ဝင်းပလာစေဖို့၊ ပြန်လည်ပြုပြင်ပေးဖို့ကို Skin Care ပစ္စစည်းတွေအစား ဒီလို အိမ်သုံးပစ္စည်းတွေနဲ့ ကုစားပေးလို့ ရပါတယ်။
၄။ အိပ်ချိန်ကို အမြဲဂရုစိုက်ပါ။
အပြင်ကနေ အသားအရေတွေ ထိန်းသိမ်းပေးပြီးရင် ခန္ဓာကိုယ်အတွက် အရေပြားဆဲလ်တွေကို အလိုအလျောက်ပြန်လည်ပြုပြင်ဖို့ အိပ်ချိန်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကောင်းစွာ အိပ်စက်အနားယူတဲ့အခါ မျက်နှာက လန်းလန်းဆန်းဆန်း ဖြစ်နေသလို အသားဖြူစင်ဝင်းပဖို့လည်း ပိုမြန်တဲ့အတွက် အရေပြားပေါ်က တင်းတိပ်တွေကို လျော့ပါးသွားအောင် ကူညီပေးနိုင်မှာပါ။
ကဲ ဒါဆိုရင် ကိုယ်ဝန်ဆောင်နေရလို့ ထွက်လာတဲ့ တင်းတိပ်ပြဿနာအတွက် စိတ်အေးရလောက်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်လို့ တင်းတိပ်ကြောင့် အလှပျက်တယ်ထင်ရင်လည်း မီးဖွားပြီးနောက်ပိုင်းမှသာ ကိုယ့်ရဲ့ အသားအရေထိန်းသိမ်းမှုအပိုင်းကို ပုံမှန်အတိုင်း ပြန်လုပ်ကြဖို့ အကြံပေးလိုက်ချင်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။