backup og meta

အရေပြားမှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားမှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

    ပုံမှန်မျက်နှာမှာ ပေါက်နေကျ ဝက်ခြံအဖု အကြီးကြီးတွေလိုမဟုတ်ဘဲ သေးသေးလေးနဲ့ အနီစက်ဝက်ခြံလေးတွေ စုနေအောင် ပေါက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ သူ့ကို ဆေးပညာအရ Pityrosporum folliculitis လို့လည်း ခေါ်ပါတယ်။ yeast လို့ခေါ်တဲ့ အရေပြားမှိုပိုးက ချွေးပေါက်ထဲကနေတစ်ဆင့် အသားထဲဝင်ရောက်သွားတဲ့အခါ ဒီလိုမှိုဝက်ခြံတွေကို ဖြစ်ပွားစေပါတယ်။ စိုးရိမ်စရာပြဿနာကြီးကြီးမားမား မဟုတ်ပေမဲ့ ပုံမှန်ဝက်ခြံ သို့မဟုတ် ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံအဖြစ် မကြာခဏ မှားတတ်ပါတယ်။

    သူ့ရဲ့ လက္ခဏာက ဘယ်လိုမျိုးလဲ၊ ဘယ်နေရာမှာ အဖြစ်များလဲ။

    မှိုဝက်ခြံလို အနီဖုအစုအဝေးတွေကို မျက်နှာနဲ့ ဦးရေပြားမှာ အများဆုံးတွေ့ရပြီး ရင်ဘတ်၊ ကျောနဲ့ လက်မောင်းအပေါ်ဘက်တွေမှာလည်း ပေါက်တတ်ပါတယ်။ အဆီအရမ်းပြန်တဲ့ နေရာတွေမှာ ပေါက်နိုင်ခြေပိုများပါတယ်။ များသောအားဖြင့် ပုံမှန်ဝက်ခြံတွေလို ယားယံလွန်းပြီး နေရထိုင်ရခက်စေတာကြောင့် လက်နဲ့မကြာခဏ ကုတ်မိရင်း အနာကို ဘေးဘက်တွေထိပါ ပြန့်ပြီး အမြစ်ပြတ်ပျောက်ဖို့ ပိုကြာတတ်ပါတယ်။

    ဘာကြောင့် မှိုဝက်ခြံဖြစ်ပေါ်လာရတာလဲ။

    Yeast လို့ခေါ်တဲ့ မှိုဘက်တီးရီးယားတွေဟာ အရေပြားပေါ်မှာ အဆမတန် ပွားများလာပြီးနောက် ချွေးပေါက်၊ ဆံသားမွေးညှင်းပေါက်တွေထဲကို ဝင်ရောက်ပြီး အရေပြားကို အဖုအပိမ့်ဖြစ်စေပါတယ်။ Yeast မှိုဘက်တီးရီးယားတွေဟာ အရေပြားရဲ့ အဆီပြန်တဲ့နေရာမှာ အများဆုံးတွေ့ရတတ်ပြီး ဒီသဘာဝအဆီတွေကို စားသုံးကာ ပွားများလာကြတာဖြစ်ပါတယ်။ ပဋိဇီဝဆေးအပြင်းတွေ၊ သန္ဓေတားဆေး အသောက်များတာ၊ ဟော်မုန်းအပြောင်းအလဲ လျင်မြန်စွာ ဖြစ်နေတဲ့အချိန်မှာလည်း ဒီမှိုကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ ပေါက်ရန်ပိုမိုလွယ်ကူပါတယ်။

    မှိုဝက်ခြံကို ဘယ်လိုကုသမလဲ။

    အရေပြားပြဿနာတွေထဲမှာ သိပ်ပြီး စိုးရိမ်ဖို့မလိုတဲ့ ပြဿနာအဖြစ် သတ်မှတ်ထားကြပေမယ့် နေထိုင်မှုပုံစံ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်းကြောင့် တော်ရုံနဲ့ မပျောက်နိုင်ဘဲ မျက်နှာပေါ်မှာ ဒီအတိုင်းကျန်နေတတ်ပါတယ်။ ပုံမှန်ဝက်ခြံပေါက်ရင် လိမ်းနေကျဆေးတွေ လိမ်းရုံနဲ့ မသက်သာလာဘူးဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်မျက်နှာပေါ်မှာ ပေါက်နေတဲ့အဖုက ထွက်လာတဲ့အဆံကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်ရှုပြီး မှိုကြောင့် ဖြစ်တာ ဟုတ်၊ မဟုတ်ဆိုတာ ပြန်ပြောပြပေးမှာဖြစ်ပါတယ်။

    မှိုဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ သေချာသွားပြီဆိုရင်တော့ ရိုးရိုးအရေပြားလိမ်းဆေးလိမ်းလို့ ပျောက်မှာ မဟုတ်ပါဘူး။ မှိုကြောင့်ဖြစ်တဲ့ပြဿနာဖြစ်လို့ မှိုပိုးသတ်ဆေး (Antifungal Cream) တွေ၊ စတီးရွိုက်ခရင်မ်တွေ၊ သောက်ဆေးတွေပါ လိုအပ်ပါတယ်။ လိမ်းဆေးအတွက် Spectazole (Econazole) ပါဝင်တဲ့ လိမ်းဆေးတွေ၊ Itraconazole ပါဝင်တဲ့ သောက်ဆေးတွေဟာ မှိုဘက်တီးရီးယားကို အဓိကသတ်ပေးတဲ့ ဆေးဖြစ်တာကြောင့် ဆရာဝန်အနေနဲ့ ဒီဆေးဝါးတွေကို ဆေးအညွှန်းနဲ့ တကွ ပေးလိုက်မှာဖြစ်ပါတယ်။

    သောက်ဆေး၊ လိမ်းဆေးကတော့ မဖြစ်မနေပြုလုပ်ပေးရမှာဖြစ်ပြီး တခြားကုသနည်းအနေနဲ့ မှိုပိုးသတ်ပေးတဲ့ (Antifungal အမျိုးအစား) ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာတွေကို ဝက်ခြံမပျောက်မချင်း သုံးပေးသင့်ပါတယ်။ လက်ဖက်ပင်ကရတဲ့ အဆီအနှစ် (Tea Tree Oil) ပါဝင်တဲ့ အလှကုန်ပစ္စည်း၊ အသားအရေထိန်းသိမ်းပစ္စည်းတွေကို အဓိကသုံးစွဲပေးပါ။ ပင်လယ်ဆား (Sea Salt) နဲ့ ရေချိုးပေးမယ်ဆိုရင်လည်း အရေပြားပေါ်က အဆီတွေကို ဖယ်ရှားပေးပြီး မှိုဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

    အမြစ်ပြတ်ပျောက်ဖို့ ဘယ်လောက်ကြာနိုင်လဲ။

    လိမ်းဆေး၊ သောက်ဆေးတွေကို ဆရာဝန်ပေးလိုက်တဲ့အညွှန်းအတိုင်း မှီဝဲမယ်၊ ကိုယ့်အသားအရေကိုလည်း သေချာဂရုစိုက်မယ်ဆိုရင် ၃ပတ်ကနေ ၄ပတ်အတွင်း ပျောက်ကင်းသွားနိုင်ပါတယ်။ ပျောက်သွားပြီး တစ်ပတ်လောက်အထိကို ပြန်ပေါက်လာနိုင်ခြေရှိသေးတဲ့အတွက် ဆေးကိုတော့ လုံးဝရပ်ပစ်လိုက်လို့ မရပါဘူး။

    မှိုဝက်ခြံတွေ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။

    ၁။ မျက်နှာကို မသန့်ရှင်းတဲ့ လက်နဲ့ မကြာခဏပွတ်တာ၊ ကုတ်ဖဲတာတွေ လုံးဝမလုပ်ပါနဲ့။

    ၂။ မျက်နှာအဆီအရမ်းပြန်နေတယ်၊ အိမ်ကိုလည်း ပြန်မရောက်သေးဘူးဆိုရင် Wet Tissue နဲ့ဖြစ်ဖြစ် မျက်နှာကိုသုတ်ပေးပါ။

    ၃။ မှိုဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာတွေကို အသုံးပြုပေးပါ။

    ၄။ ဖုန်အရမ်းများတဲ့ နေရာတွေ သွားပြီးပြန်လာရင် မျက်နှာကို သေချာသစ်ပါ။

    ၅။ မျက်နှာသစ်ပြီးသွားရင် အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု လိမ်းပေးပါ။

    ၆။ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို များများစားပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement