backup og meta

Scrub အလုပ်လွန်လို့ ထိခိုက်သွားတဲ့ အသားအရေ ဘယ်လိုကုစားမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Scrub အလုပ်လွန်လို့ ထိခိုက်သွားတဲ့ အသားအရေ ဘယ်လိုကုစားမလဲ

    အသားအရေ လေး လှချင်လို့ စကင်လေးကဲပါတယ်။ ဆဲလ်သေတွေ ဖယ်ရှားရမယ်၊ ချွေးပေါက် ပွင့်ရမယ် ဆိုလို့ Scrub တွေ သုံးမိတာပေါ့။ ဒါပေမယ့် တစ်ပတ် ကို တစ်ကြိမ်၊ အလွန်ဆုံး နှစ်ကြိမ်ပဲ သုံးသင့်တာပါ။

    တန်ဆေး၊ လွန်ဘေး ပါနော်။ ခဏခဏ Scrub လုပ်မိလို့ မျက်နှာအသားအရေ ထိခိုက်သွားရင် ဘယ်လိုလုပ်ပါ့မလဲ။

    အသားအရေ ထိခိုက်လာတာ ဘယ်လိုလုပ် သိမလဲ

    Scrub လုပ်ရင်တော့ အသားလေး ဖြူပြီး လင်းလာတတ်တာပေါ့။ ဒါပေမယ့် ချွေးပေါက်ပြန်ကျဉ်းအောင် Toner သုံးပေးရမယ်၊ အစိုဓာတ် ထိန်းဖို့ Moisturizer ပြန်သုံးပေးရမယ်။ ဒီလိုလေး ပြန်မထိန်းသိမ်းဘဲ Scrub ချည်း လုပ်နေမယ်ဆို ကြာလာရင် နဂိုအလှပါ ပျက်စေနိုင်ပါတယ်။

    ဘာတွေ ဖြစ်လာမလဲ ဆိုတော့ –

    • အသား ပိုခြောက်လာမယ်
    • အဆီ ပိုပြန်လာမယ်
    • အရေပြား ယားယံ၊ ဓာတ်မတည့် ဖြစ်လွယ်လာမယ်
    • ဝက်ခြံ ပိုထွက်လာမယ်
    • မျက်နှာပြောင်လာမယ် (မျက်နှာအသားအရေ မှန်လိုပြောင်လက်နေတာမျိုး)
    • ခြောက်သွေ့၊ အဖတ်ကွာတာတွေ ဖြစ်လာတယ်

    ဒီလို လက္ခဏာတွေ ဖြစ်လာတဲ့အခါ မျက်နှာ အသားအရေကို အမြန်ကယ်တင်နိုင်ဖို့ လုပ်ရပါမယ်။ မဟုတ်ရင် ပိုဆိုးလာပါမှ အရေပြားဆေးခန်း ပြေးရတဲ့အခါ ပြန်ကောင်းဖို့ ကြာမယ်၊ ပိုဂရုစိုက်ရမယ်၊ စရိတ် ပိုကုန်ရမယ့် အပြင် အသားအရေမှာ နောက်ဆက်တွဲဒဏ်တွေ ကျန်ခဲ့နိုင်ပါတယ်။

    ဒါဆို ဘာလုပ်ရမလဲ

    (၁) Scrub တွေ ရပ်ထားပါ

    Scrub တွေ အပါအဝင် ဆဲလ်သေ ဖယ်ရှားတဲ့ ပစ္စည်းတွေ အကုန် မသုံးဘဲ ရပ်ထားပါ။ အသားအရေ ကို ပွန်းစေ၊ စားစေမယ့် အရာ ဘာမှ မလုပ်မိပါစေနဲ့။

    (၂) အပျော့စား တွေပဲ သုံးပါ

    မျက်နှာသစ်ဆေး အပျော့စား ကိုပဲ သုံးပါ။ အသားဖြူဖို့၊ ဝက်ခြံပျောက်ဖို့၊ ဘာဖို့၊ ညာဖို့ အထူးအာနိသင်ပါတဲ့ အမျိုးအစားတွေ ရှောင်ပါ။

    ခုနေအချိန်မှာ အကောင်းဆုံးက ဆပ်ပြာ မပါ၊ ဓာတုပစ္စည်း နည်းတဲ့ သဘာဝပစ္စည်း အခြေခံတဲ့ မျက်နှာသစ်ဆေးမျိုး သုံးပါ။

    (၃) အစိုဓာတ် ထိန်းဖို့ Moisturizer သုံးပါ

    ထိခိုက်ပျက်စီးနေတဲ့ အသားအရေ မှာ အစိုဓာတ် ဆုံးရှုံးနေတာမို့ Moisturizer သုံးပေးဖို့က အခြေခံအချက်ပါ။ Soothing Gel လေးတွေ၊ နို့ရည်လေးတွေ သုံးပေးလည်း ရပါတယ်။

    (၄) ရေအေးဝတ် ကပ်ပေးပါ

    ဆဲလ်သေဖယ်ရှားတာ လွန်ကဲလို့ နီမြန်း၊ ရောင်ရမ်းလာတဲ့ အသားအရေကို အဝတ်သန့်သန့်လေး နဲ့ ရေအေးဝတ် ကပ်ပေးပါ။

    မျက်နှာပေါ်မှာ မိနစ်အနည်းငယ်လောက် ရေအေးဝတ် ကပ်ထားပေးပါ။ ရေခဲတုံး နဲ့ မလုပ်ရပါ၊ လုံးဝ မပွတ်ရပါဘူးနော်။

    (၅) နေပူ တိုက်ရိုက် မထိတွေ့အောင် ရှောင်ပါ

    Scrub လုပ်တာ လွန်ကဲသွားတဲ့အခါ ဆဲလ်သေတွေတင် မကဘဲ အရေပြားဆဲလ်အသစ်တွေပါ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအရေပြားမှာ နေလောင်ဒဏ် ပိုခံရတတ်ပါတယ်။

    ဒီလိုဖြစ်တဲ့အချိန် အသားအရေ ပိုမပျက်စီးချင်ရင် နေပူထဲ မထွက်မိအောင် ဂရုစိုက်ပါ။

    (၆) ဆရာဝန် ပြပါ

    ဒီတိုင်း မသက်သာနိုင်တော့ဘူး၊ လက္ခဏာတွေ တာရှည်နေတယ်၊ ပိုဆိုးလာတယ် ဆိုရင် အရေပြားဆရာဝန် အမြန်ဆုံးပြပြီး ကုသမှု ခံယူသင့်ပါတယ်။

    ဒါဖတ်ပြီးတော့ စကင်ကဲဖို့၊ Scrub သုံးဖို့လည်း ကြောက်မနေကြနဲ့ဦးနော်။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပဲ ကန့်သတ်ထားမယ်၊ Scrub လုပ်ပြီးတဲ့အခါ အသားအရေ ကို ဂရုစိုက် ထိန်းသိမ်းပေးမယ် ဆိုရင် ဒီလို လွန်ကဲမှု ပြဿနာတွေ ဖြစ်လာစရာ မရှိပါဘူး။ စိတ်မပူပါနဲ့လို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement