backup og meta

စတော်ဘယ်ရီသီး နှင့် အသားအရေလှပမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စတော်ဘယ်ရီသီး နှင့် အသားအရေလှပမှု

    အသားအရေလှပကြည်လင်အောင် စားသင့်တဲ့ အစားအစာတွေထဲမှာ အနီရောင်တောက်တောက်လေးရှိတဲ့ စတော်ဘယ်ရီသီး လှလှ လေးတွေဟာလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးဟာ သူ့ရဲ့ အရောင်အဆင်းနဲ့ ပုံစံကြောင့်ရော၊ အရသာကြောင့်ရော ကလေးရော၊ လူကြီးပါမကျန် အတော်များများကြိုက်နှစ်သက်ကြတဲ့ အသီးလေးဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီလို လူကြိုက်များတဲ့ စတော်ဘယ်ရီအသီးလေးဟာ အသားအရေအတွက် ဘယ်လို အထောက်အကူပြုနိုင်လဲဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားမှာပါ။

    စတော်ဘယ်ရီသီးလေးဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင်(အထူးသဖြင့် ဗီတာမင် C နဲ့ folic acid သို့ ဗီတာမင် B9) ၊ သတ္တုဓာတ်တွေ(potassium, magnesium, iron) ၊ အမျှင်ဓာတ်၊ ရေဓာတ်နဲ့ anti-oxidant တွေ ကြွယ်ဝတဲ့ သဘာဝသစ်သီးလေးပဲဖြစ်ပါတယ်။

    စတော်ဘယ်ရီသီး ဟာ အသားအရေအတွက် ဘယ်လို အထောက်အကူပြုနိုင်လဲ။

    (၁) အထူးသဖြင့် ဗီတာမင် C ကြွယ်ဝတာကြောင့် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ အသားအရေကို တောက်ပကြည်လင်စေပါတယ်။

    (၂) ဗီတာမင် C မှာ anti-inflammatory လို့ခေါ်တဲ့ ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ ဂုဏ်သတ္တိလည်းရှိတာကြောင့် ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေကိုလည်း သက်သာအောင် ကူညီပေးနိုင်ပါတယ်။

    (၃) အသားအရေ တင်းရင်းအောင် မရှိမဖြစ်လိုအပ်တဲ့ collagen ကိုလည်း ထုတ်ဖို့အတွက် လှုံဆော်ပေးနိုင်ပါတယ်။

    (၄) antioxidant ဂုဏ်သတ္တိရှိတဲ့အတွက် နေရာင်ခြည်မှာပါဝင်တဲ့ UV Light လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးတဲ့ အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

    အသားအရေအတွက် စတော်ဘယ်ရီသီးကို စားသင့်လား (သို့) စတော်ဘယ်ရီသီးနဲ့ ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို သုံးသင့်လား။

    စားမယ်ဆိုရင်တော့ စတော်ဘယ်ရီသီးမှာပါဝင်တဲ့ အာဟာရဓာတ်အားလုံးကို ရရှိနိုင်တာကြောင့် အသားအရေအတွက် ကောင်းစေရုံတင်မကဘဲ အောက်ပါ ကောင်းကျိုးတွေကိုလည်း ရရှိစေနိုင်ပါတယ်။

    ၁။ သွေးတွင်းအဆီဓာတ်တွေကို ထိန်းပေးနိုင်ခြင်း၊ ကိုလက်စထရောကို လျော့နည်းစေခြင်း။

    ၂။  ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့အတွက် ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်ခြင်း။

    ၃။ သွေးပေါင်ချိန်နဲ့ သွေးတွင်းအချိုဓာတ် ကို ထိန်းညှိပေးနိုင်ခြင်း။

    ၄။ စိတ်ကို ပျော်ရွှင်စေနိုင်တဲ့ ဟော်မုန်းလေးတစ်မျိုးဖြစ်တဲ့ serotonin ဟော်မုန်းကို အားပေးနိုင်ခြင်း။

    ၅။ အနာကျက်လွယ်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

    စတော်ဘယ်ရီသီးပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို လိမ်းတာနဲ့ ပတ်သတ်ပြီး အသားအရေကို အထောက်အကူဖြစ်၊ မဖြစ်ကိုတော့ တိကျသေချာတဲ့ လေ့လာတွေ့ရှိချက်အများကြီး မရှိသေးပေမယ့် ၂၀၁၉ မှာ တွေ့ရှိချက်တစ်ခုအရတော့ စတော်ဘယ်ရီသီးကထုတ်ယူရရှိထားတဲ့ ဗီတာမင် C နဲ့ ကုသတဲ့ ကုထုံးတွေမှာ အသားအရေအတွက် ရေဓာတ်ထိန်းပေးနိုင်ခြင်း၊ အသားအရေကို တင်းရင်း ကြည်လင်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိတယ်လို့ ဆိုထားပါတယ်။

    စတော်ဘယ်ရီသီး တွေကို စားမယ်ဆိုရင် ဘယ်လိုအသီးတွေကို ရွေးချယ်ဝယ်ယူသင့်သလဲ။

    စတော်ဘယ်ရီသီးလေးတွေကို စားသုံးဖို့ ဝယ်ယူတဲ့အခါမှာ ဘေးဥပါဒ်လည်း မဖြစ်အောင်၊ အသားအရေနဲ့ ကျန်းမာရေးအတွက်လည်း အကောင်းဆုံးဖြစ်အောင် လတ်ဆတ်တဲ့ အသီးတွေကို ရွေးချယ်ဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် နီနီရဲရဲ၊ တောက်တောက်ပြောင်ပြောင်နဲ့ တင်းတင်းရင်းရင်းရှိပြီး အသီးအပေါ်မှာ လတ်ဆတ်တဲ့ အရွက်စိမ်းစိမ်းလေး ရှိနေတဲ့ အသီးမျိုးကိုပဲ ရွေးချယ်စားသုံးသင့်ပါတယ်။

    ဒါ့ကြောင့် အရောင်အဆင်းရော အရသာပါပြည့်စုံပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအများကြီးပေးနိုင်တဲ့ လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးလေးတွေကို နေ့စဉ်စားသုံးပေးပြီး နုပျိုလှပတဲ့ အသားအရေကို ထိန်းသိမ်းကြဖို့ မမေ့ကြပါနဲ့နော်။

    ရေးသားသူ –  Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement