backup og meta

သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ

    မိမိတို့ရဲ့ ဆံနွယ်တွေကို လှပပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာလေးတွေဖြစ်အောင် ထိမ်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် ဘယ်လို Hair Brush မျိုးတွေကို အသုံးပြုနေလဲဆိုတဲ့ အချက်က အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတတ်ပါတယ်။ ဒီတော့ သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    သင့်ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ

    ကိုယ့်ဆံပင်အမျိုးအစားနဲ့ မလိုက်ဖက်တဲ့ Hair Brush မျိုးတွေကို အသုံးပြုနေမိမယ်ဆိုရင် ဆံသားပျက်စီးတာ၊ ဆံပင်ကျွတ်တာ၊ ဘီးဖြီးရာမှာ နာကျင်တာနဲ့ ဦးရေပြားထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ကဲ … ဒီတော့ ဆံပင်နဲ့ ကိုက်ညီတဲ့ Hair Brush ကို ဘယ်လိုရွေးချယ်အသုံးပြုမလဲ ဆိုတာ ဆက်ပြောပြမယ်နော်။

    “ခေါင်းဖြီးတာပဲ၊ ဘီးတစ်ချောင်းရှိရင် ပြီးတာပဲ” လို့ လှေနံဓားထစ် ဆိုလို့မရပါဘူး။ ဒီဘက်ခေတ် မိန်းကလေးတွေအတွက်တော့ ဆံပင်အတွက် သုံးရတဲ့ ဘီးတွေ၊ အလှကုန်တွေနဲ့ Hair Products တွေဟာ ဆံပင်အမျိုးအစားအလိုက် ဦးရေပြား အခြေအနေအလိုက် အမျိုးအစား အမျိုးမျိုးထွက်ရှိနေပြီး ကိုယ်နဲ့ အကိုက်ညီဆုံး အလိုက်ဖက်ဆုံး အမျိုးအစားကို ရှာဖွေရွေးချယ်နိုင်မှ အလိုရှိသလို လှပတဲ့ ဆံသားလေးကို ရရှနိုင်မှာပါနော်။

    ဘီးတွေဆိုရင်လည်း ဘီးချင်းတူပေမယ့် အကုန်လုံးမှာ သူ့အားသာချက်နဲ့တူ မတူကွဲပြားမှုတွေရှိတယ်ဆိုတာ အမျိုးသမီးတွေ ပိုသိကြပါလိမ့်မယ်။ ဒါကြောင့် ဆံနွယ်လေးတွေ ကျန်းမာလှပအောင် ထိန်းသိမ်းဖို့အတွက် ဆံသားကိုလိုက်ပြီး ဘယ်လို Hair Brush မျိုးကို သုံးသင့်တယ်ဆိုတာကို လက်ဆင့်ကမ်းချင်ပါတယ်။

    ဘယ်ဆံပင်ကို ဘယ်ဘီးနဲ့ ဖြီးသင်မလဲ

    • (၁) ဆံပင်ထူသူတွေက အသွားစိတ်တဲ့ Hair Brush မျိုးရွေးသင့်ပါတယ်။ Brush မှာပါတဲ့ ဘီးသွားလေးတွေက စိပ်ပြီးခိုင်ခန့်မှ ခပ်ထူထူဆံပင်ကို ရှင်းလင်းသွားအောင်၊ ဆံပင်အုံထူထူကြီးကြားထဲမှာ ကျွတ်နေတဲ့ ဆံပင်တွေကို ဖယ်ထုတ်နိုင်အောင် ကူညီပေးနိုင်မှာပါ။
    • (၂) ဝက်မှင်ဘီးလို့ခေါ်တဲ့ နူးညံ့ခိုင်ခံ့တဲ့ အမွေးအမှင်လေးတွေနဲ့ ပြုလုပ်ထားတဲ့ Brush မျိုးကိုတော့ ရှုပ်ထွေးနေတဲ့ ဆံပင်တွေနဲ့ ရှင်းရခက်နေတဲ့အခြေအနေတွေမှာ သုံးနိုင်ပါတယ်။ ခြောက်သွေ့ပျက်စီးလို့ လုံးထွေးနေတဲ့ ဆံပင်တွေအတွက်အကောင်းဆုံးပါ။
    • (၃) ပုံမှန် ဘီးသွားအကျဲမျိုးနဲ့ နေ့စဉ်သုံး wide-tooth com မျိုးကတော့ ဆံပင် အမျိုးအစားတိုင်းတွက် အသုံးပြုလို့ရပါတယ်။ ဆံပင်ပုံသွင်းတဲ့အခါမျိုးမှာလည်း သုံးနိုင်သလို ဆံပင်ကို ထူထဲ လှပစေချင်သူတွေ သုံးပေးသင့်တဲ့ ဘီးမျိုးလည်းဖြစ်ပါတယ်။
    • (၄) Large round barrel brush အလုံးကတော့ ခပ်ကျဲကျဲဘီးသွားတွေထပ်ဆင်ထားတဲ့ ဘီးအလုံးကိုဆိုလိုတာပါ။ ဆံပင်ကိုသဘာဝကျကျပုံသွင်းဖို့ အဖျားလေးတွေ ကွေးဖို့အသုံးဝင်ပါတယ်။ အထူးသဖြင့် Dryer နဲ့ဆံပင် ပုံသွင်းနေချိန်မှာ သုံးဖို့သင့်တော်ပါတယ်။
    • (၅) ဘီးသွားခပ်စိတ်စိတ်နဲ့ နောက်မှာ အမြီးအချွန်ပါတဲ့ Fine tooth comb မျိုးကိုတော့ ဆံထုံးထုံးတဲ့နေရာ ကျစ်ဆံမြီးလေးတွေ ကျစ်တဲ့အချိန်မျိုးမှာ သုံးပါမယ်။ လက်ကိုင်အစွန်းက အမြီးအချွန်ဟာ ဆံပင်ထုံးဖွဲ့ရာမှာ အသုံးဝင်စေဖို့ သီးသန့်ဒီဇိုင်းပြုလုပ်ထားတာပါ။

    ဘာလို့ မှန်ကန်တဲ့ ဘီးနဲ့ ဖြီးသင်သင့်တာလဲ

    မှန်ကန်သင့်လျော်တဲ့ ဘီးကို အသုံးပြုပေးလို့ ရနိုင်တဲ့ အဓိက အကျိုးကျေးဇူးကတော့ ဆံပင်ပုံမှန်ကျွတ်တာကို ဖယ်ရှားပေးနိုင်တာနဲ့ ရှုပ်ထွေးမှုကို ရှင်းလင်းပေးနိုင်တာပါပဲ။

    ဒီလိုအထောက်အကူတွေကြောင့် ဦးရေပြားနဲ့ ဆံချောင်းလေးတွေဆီ အောက်ဆီဂျင်နဲ့ micro-nutrients တွေ ပိုမိုထောက်ပံ့နိုင်မှာဖြစ်ပြီး ဗောက်ထခြင်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

    ဒါ့အပြင် ဦးရေပြားမှာ သွေးစီးဆင်းလည်ပတ်မှုကိုလည်းကောင်းမွန်စေမှာဖြစ်တာမို့ ဦးရေပြားရဲ့ pH လယ်ဗယ်ကို အကောင်းဆုံးအခြေအနေမှာ ထိန်းသိမ်းပေးထားနိုင်မှာဖြစ်ပြီး အဆီဂလင်းတွေကနေ Sebum တွေ ထုတ်လုပ်နိုင်စေဖို့လည်း အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဦးရေပြားပေါ်က မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ရှားကာ ဆဲလ်စ်အသစ်တွေနဲ့ ပြန်လည်အစားထိုးနိုင်ဖို့ ထောက်ကူပါလိမ့်မယ်။

    မှန်ကန်သင့်လျော်တဲ့ ဘီးအမျိုးအစားနဲ့ ကိုယ့်ရဲ့ဆံနွယ်တွေကိုဖြီးသင်ပြီး ဦးရေပြားနဲ့ ဆံပင်ကျန်းမာအောင် စောင့်ရှောက်နိုင်ပါစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement