backup og meta

ဆံပင်မြန်မြန်သန်ချင်ရင် ဒါတွေကို စားပေးဖို့ မမေ့ပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်မြန်မြန်သန်ချင်ရင် ဒါတွေကို စားပေးဖို့ မမေ့ပါနဲ့

    အသက်ကကြီးလာပြီဆိုရင် ဆံပင်တွေ ကျွတ်မယ်၊ ပါးရေတွေတွန့်မယ်၊ သဘာဝကိုတော့ လွန်ဆန်လို့မရဘူးဆိုပေမယ့် လူတိုင်းကတော့ အသက်ငယ်ငယ်လေးနဲ့ အဘိုးကြီးအဘွားကြီးလို ပုံစံမျိုး ဖြစ်ချင်ကြမယ်မထင်ပါဘူး။ ခုခေတ်မှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ဆံပင်ကို မျိုးစုံပုံသွင်းတာ၊ ဖြောင့်လိုက်၊ ကောက်လိုက်လုပ်တာ၊ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားတွေပျက်စီးပြီး ဆံပင်တွေ ခဏခဏကျွတ်လာတယ်နော်။ ကြာလာရင် ငယ်ငယ်လေးနဲ့ ထိပ်ကဆံပင်တွေပြောင်ပြီး လေယာဉ်ကွင်းလို့ အလှောင်မခံရအောင် ဆံပင်မြန်မြန်သန်ချင်ရင် ဒါတွေကို စားပေးဖို့ ပြောပြချင်ပါတယ်။

    ဆံပင်မြန်မြန်သန်ချင်ရင် ဒါတွေကို စားပေးဖို့ မမေ့ပါနဲ့

    ၁။ ကြက်ဥ

    ဆံပင်သန်စွမ်းစေဖို့ ပရိုတင်းနဲ့ ဘိုင်အိုတင်ဓာတ်တွေအပြင် ဆံသားအတွက် မရှိမဖြစ်အာဟာရဓာတ်တွေ ဖြစ်တဲ့ ဇင့်ဓာတ်၊ ဆယ်လီနီယမ်ဓာတ်တွေလည်း ပါဝင်ပါတယ်။

    ၂။ ဘယ်ရီသီး

    သစ်သီးအလုံးသေးသေးလေးတွေဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတွေလို အသီးအနှံတွေမှာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် ဗီတာမင် စီတွေလည်း ပါဝင်ပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ဆံသားမွေးညှင်းပေါက်ကို ထိခိုက်ပျက်စီးစေတဲ့ ဆဲလ်တွေကို တိုက်ထုတ်ပေးနိုင်လို့ ဆံပင်မကျွတ်အောင်၊ မပျက်စီးစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ ငါးကြီးဆီ

    ငါးကြီးဆီဆိုတာ သဘာဝငါးကနေ ရရှိတဲ့ အဆီအနှစ်တွေဖြစ်ပြီး ဆေးတောင့်ပုံစံအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။ အရေပြားကို ကျန်းမာစေတယ်။ ဖြူစင်ဝင်းပပြီး အသားအရေကြည်လင်စေတယ်။ ဦးနှောက်ဉာဏ်ရည်နဲ့ မျက်စိအာရုံကြောကိုလည်း အားကောင်းစေတယ်။

    ဒါ့အပြင် ဆံပင်အမြဲလိုလို ကျွတ်တတ်တဲ့သူတွေအတွက် အဖိုးတန်အာဟာရဓာတ်ဆိုလည်း မမှားဘူးနော်။

    ၄။ ဟင်းနုနွယ်ရွက်

    ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ဗီတာမင် အေ နဲ့ ဗီတာမင် စီ အစရှိတဲ့ အာဟာရဓာတ်တွေ စုံလင်စွာပါဝင်တဲ့ ဟင်းနုနွယ်ရွက်ကို ဆံပင်သန်အားဖြည့်စာအဖြစ်လည်း စားပေးလို့ရပါတယ်။

    သူ့မှာပါဝင်တဲ့ ဗီတာမင်တွေက ဦးရေပြားရဲ့ သဘာဝအဆီ (Sebum) ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ဆံသားခြောက်ပြီး ကျိုးပဲ့တာမျိုး မဖြစ်စေဘဲ နူးညံ့ချောမွေ့စေပါတယ်။ သံဓာတ်က သွေးအားကောင်းစေလို့ ဦးရေပြားတွင်း သွေးလည်ပတ်မှုနှုန်း မြန်စေပြီး ဆံပင်အမြန်ပြန်ပေါက်လာအောင် အားဖြည့်ပေးတယ်။

    ၅။ ကန်စွန်းဥ

    ဆံသားကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် အေ အများအပြားပါဝင်လို့ ဆံပင်သန်စွမ်းနှုန်းကို မြန်စေတယ်။ ဆံပင်မသန်တဲ့ သူတွေ၊ မကြာခဏဆိုသလို ဆံပင်ကျွတ်တတ်တယ်ဆိုရင်တော့ ကန်စွန်းဥကို တစ်နေ့တစ်လုံးလောက် စားပေးနိုင်ရင် လုံလောက်တယ်နော်။

    ၆။ ထောပတ်သီး

    အရသာလည်းရှိ၊ အာဟာရဓာတ်တွေလည်း များစွာပါဝင်တဲ့ အသီးအနှံတစ်မျိုးကို ပြောပါဆိုရင် ထောပတ်သီးက ထိပ်ဆုံးကပဲဖြစ်မှာပါ။ ကိုယ်ခန္ဓာအတွက်မရှိမဖြစ် အာဟာရဓာတ်တွေအပြင် အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် သဘာဝအဆီတွေ ပါဝင်ပါတယ်။

    ဗီတာမင် အီး ပါဝင်မှုကြောင့် ဆံသားကိုထိခိုက်ပျက်စီးစေတဲ့ မကောင်းတဲ့ဆဲလ်တွေကို တိုက်ထုတ်ပေးတယ်။ ဦးရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပြီး အာဟာရဓာတ်ဖြည့်တင်းပေးနိုင်တယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားကြမ်းပြီး ခြောက်တာ၊ ဆံပင်ပေါက်နှေးတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

    ၇။ အစေ့အဆန်တွေ

    ဗီတာမင် အီး အများဆုံးပါဝင်တဲ့ အစားအစာတွေထဲမှာ အစေ့အဆန်လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ဆံပင်သန်စွမ်းစေတဲ့ ဇင့်ဓာတ်နဲ့ ဆယ်လီနီယမ်ဓာတ်အပြင် ဗီတာမင် ဘီလည်း ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ – ၃ အဆီအနှစ်ကြောင့် ဦးရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။ တစ်နေ့တာအတွက် လက်တစ်ဆုပ်စာလောက် အစေ့အဆန်တွေ စားပေးနိုင်ရင် လုံလောက်ပါတယ်။

    ၈။ ငရုတ်ပွ

    ဟင်းအရသာရော အရောင်အဆင်းကိုပါ မြှင့်တင်ပေးနိုင်ပြီး စားတဲ့သူတွေရဲ့ စိတ်အာရုံကို လှည့်စားနိုင်လောက်တဲ့ ဟင်းသီးဟင်းရွက်အဖြစ် ငရုတ်ပွဟာ လူသိများပါတယ်။ ဒီလိုဟင်းချက်တဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ငရုတ်ပွမှာ ဆံသားသန်စွမ်းစေတဲ့ ကောင်းကျိုးများစွာ ပါဝင်နေတယ်နော်။ ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းကို နှေးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်တာမျိုးလည်း မဖြစ်စေပါဘူး။

    ၉။ ပဲအမျိုးမျိုး

    အသားဓာတ်အများဆုံးပါဝင်ပါတယ်။ ဆံသားကို ပြန်လည်ပြုပြင်ပေးပြီး ဆံပင်အမြန်ပြန်ပေါက်လာစေဖို့ ဇင့်ဓါတ်က ကူညီပေးနိုင်တယ်။ ဆံသားကျန်းမာရေးအတွက် မရှိမဖြစ် သံဓာတ်၊ ဘိုင်အိုတင်နဲ့ ဖောလစ်အက်ဆစ်တွေလည်း ပါဝင်တယ်ဆိုတော့ ဆံပင်အုံ ပါးတဲ့သူတွေအနေနဲ့ ပဲတွေကို နေ့တိုင်းစားပေးဖို့တော့ လိုမယ်နော်။

    ခုအပေါ်မှာ ပြောပြခဲ့တဲ့ အစားအစာ ၉ မျိုးက ဆံပင်ပေါက်နှေးတဲ့သူတွေ၊ မကြာခဏ ပြုပြင်နေလို့ ဆံသားကြမ်းပြီးခြောက်တဲ့သူတွေအတွက် အလွန်အသုံးဝင်တဲ့ ဓာတ်စာတွေပါပဲ။ ဇရာဆိုတာ တားလို့မရဘူးဆိုပေမယ့် ငယ်ငယ်လေးနဲ့ ဆံပင်တွေကျွတ်ပြီး ပါးနေတာ၊ ထိပ်ပြောင်နေရင်တော့ အရမ်းကြည့်ရဆိုးစေတာမို့ ဒါတွေကို နေ့တိုင်း သင့်တော်ရုံပမာဏလောက် စားပေးဖို့ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement