backup og meta

ကျန်းမာလှပတဲ့အသားအရေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာလှပတဲ့အသားအရေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

    အလှအပကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ ကြည့်ရှုသူရဲ့ အမြင်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ တချို့တွေက ဖြူတာလေးမှလှတယ်ထင်တယ်၊ တချို့ကျတော့လည်း ညိုချောလေးမှ လှတယ်ထင်တယ်။ တစ်ခါ ဝါညက်တဲ့အသားအရေမှ လှတဲ့သူတွေလည်းအများကြီးပါ။ ကျွန်မတို့ဆီမှာတောင်နေရာဒေသပေါ်လိုက်ပြီး လှတယ်လို့ သတ်မှတ်ပုံချင်းကွာခြားကြပါတယ်။ အနီးစပ်ဆုံးပြောပြရရင် ရန်ကုန်သူလေးတွေကဖြူဖြူလေးနဲ့ချောကြပြီး မန္တလေးသူလေးတွေက ညိုစိမ့်စိမ့်လေးနဲ့လှကြတယ်လေ။ တိုင်းရင်းသူလေးတွေလည်း တစ်မျိုးစီချစ်စရာကောင်းကြတာပါပဲ။

    လှပတယ်ဆိုတဲ့နေရာမှာ အဓိကအရေးကြီးဆုံးက အသားအရေကောင်းဖို့ပါ။ အရေပြားကလူ့ခန္ဓါကိုယ်မှာအကြီးဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် အရေပြားကျန်းမာလှပမှလည်း အလှကပိုမိုပေါ်လွင်မှာပါ။ လူတွေရဲ့ အမြင်မှာ အလှအပဆိုတာက ကွဲပြားနိုင်ပေမယ့် ဘယ်လိုအသားရေမျိုးကိုမှ လှပတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုတယ်ဆိုတာကို သိနိုင်ဖို့အတွက် အချက်အလက်တွေရှိပါတယ်။

    ကျန်းမာတဲ့အသားအရေရဲ့ သွင်ပြင်လက္ခဏာတွေက

    • အသားအရေချောမွေ့တာ
    • အသားအရောင်ညီညာတာ
    • အရေးအကြောင်းကင်းပြီးတင်းတင်းရင်းရင်းရှိတာ
    • ရေဓါတ်ပြည့်ဝရမယ်
    • ချွေးပေါက်ကျဉ်းရမယ်
    • ဝက်ခြံကင်းရမယ်
    • သွေးလှည့်ပတ်မှုကောင်းရမယ် (ပန်းရောင်သန်းနေရမယ်)

    အဲဒီလိုအချက်အလက်တွေနဲ့ ပြည့်စုံနေမှ ကျန်းမာလှပတဲ့အသားအရေပိုင်ရှင်လို့ ပြောဆိုနိုင်ပါလိမ့်မယ်။

    အခုနောက်ပိုင်းကျတော့ အသားအရေကိုထိခိုက်စေနိုင်တဲ့အကြောင်းအရာတွေကလည်း များသားနော်။ တဖြည်းဖြည်းတိုးပူလာတဲ့ နေဒဏ်အပြင် ညစ်ညမ်းတဲ့လေထုဒဏ်ကိုရော၊ မသန့်ရှင်းတဲ့အစားအသောက်နဲ့ ဓါတုထုတ်ကုန်ပစ္စည်းတွေရဲ့ ဒဏ်တွေကိုပါ ခံစားကြရပါတယ်။ ဒီအတွက် လှပညက်ညောပြီး ကျန်းမာတဲ့အသားအရေရရှိနိုင်ဖို့အတွက်က ခက်ခဲလာပါတယ်။

    ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်ဖို့ ဒါလေးတွေရှောင်သင့်တယ်။

    • UV ဒဏ်ကို တိုက်ရိုက်ထိတွေ့တာ
    • ဆေးလိပ်ငွေ့မှာပါတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့တာ
    • အကာအကွယ်မပါဘဲနေရောင်ထဲမှာ အချိန်အကြာကြီးနေတာ
    • လုံလောက်တဲ့ အနားယူမှုမရှိတာ
    • ရေဓါတ်လုံလောက်အောင်သောက်သုံးမှုမရှိတာ
    • အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝအောင်မစားသုံးတာ

    အသားအရေလှပဖို့ ဘာတွေလိုအပ်လဲ။ ဘာတွေလုပ်သင့်သလဲ။

    အသားအရေလှပဖို့ကနေ့စဉ်လုပ်နေကျ အလေ့အထတွေထဲက အသားအရေကိုထိခိုက်စေနိုင်တဲ့ အလေ့အထတွေကိုရှောင်ကြဉ်ဖို့လိုအပ်သလို ကျန်းမာရေးကောင်းအောင် ဂရုစိုက်ဖို့လည်းလိုအပ်ပါတယ်။ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေသုံးဖို့လည်းလိုပါသေးတယ်။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကို အသုံးပြုတယ်ဆိုရာမှာလည်း ကိုယ့်အသားအရေအမျိုးအစားနဲ့လိုက်ဖက်တာကိုသေချာရွေးချယ်ဖို့ကလည်းမေ့ထားလို့မရတဲ့ အချက်တစ်ခုပါပဲ။ အသားအရေလှဖို့အတွက် တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်မျက်နှာသစ်ပေးပါ။တော်တော်များများတော့သိပြီးဖြစ်မှာပါ။ အလှအပကြိုက်တဲ့ပျိုမေတွေဆိုရင်တော့ အလှအပနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေအကြံပြုချက်တွေမှာအမြဲလိုလိုပါနေလို့ နားရည်တောင်ဝနေလောက်ပြီထင်ပါရဲ့။

    အဆီပြန်တတ်တဲ့အသားအရေကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မျက်နှာသစ်ပြီးရင် တိုနာပြန်သုံးပေးတာက အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။ တိုနာက မျက်နှာသစ်လိုက်ပေမယ့် မစင်ဘဲကျန်ခဲ့တဲ့ ဖုန်မှုန့်တွေနဲ့ ဆဲလ်သတွေကိုဖယ်ရှားပေးပါတယ်။ အသားအရေကို ကျန်းမာအောင် အထောက်အကူပြုပေးပါတယ်။ပြီးရင်တော့ အစိုဓါတ်ထိန်းခရင်လူးပေးပါ။ အသားအရေခြောက်သွေ့တယ်ဆိုရင်တော့ အစိုဓါတ်ထိန်းခရင်မ်ကို မဖြစ်မနေလူးပေးရမှာပါ။ မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားတာက အသားအရေကြည်လင်တောက်ပစေဖို့အတွက် အရေးပါဆုံးသောလုပ်ဆောင်မှုတစ်ရပ်ပါ။

    အသားအရေချွေးပေါက်ကျယ်နေတာ၊ အစက်အပြောက်တွေဖြစ်နေတာ၊ဝက်ခြံတွေထွက်နေတာ၊အသားအရေအရောင်မညီညာတာမျိုးဖြစ်နေမယ်၊ အရေပြားပြဿနာတစ်ခုခုဖြစ်နေမယ်ဆိုရင် အသားအရေကကျန်းမာတယ်၊လို့ပြောလို့မရပါဘူး။ အသားအရေအရောင်ကွာခြားပေမယ့် လှပတဲ့အသားအရေလို့သတ်မှတ်နိုင်ဖို့က အသားအရေကျန်းမာဖို့လိုတာချင်းတော့အတူတူပါပဲ။

    ပန်းရောင်သမ်းတဲ့အသားအရေ

    အမျိုးသမီးတွေဟာ ကလေးငယ်လေးတွေလို ပန်းရောင်သန်းတဲ့အသားအရေကိုနှစ်သက်ကြပါတယ်။ တကယ်လည်း ပန်းရောင်သန်းတဲ့အသားအရေက လှပမှုနဲ့ ကျန်းမာမှုကို ရည်ညွှန်းပြဆိုပါတယ်။ ပန်းရောင်သန်းနေတယ်ဆိုတာက အဲဒီအသားအရေ ပတ်ဝန်းကျင်မှာရှိတဲ့သွေးကြောလေးတွေဟာသွေးစီးဆင်းမှုကောင်းမွန်နေတယ်၊သွေးလှည့်ပတ်မှုကောင်းမွန်နေတယ်ဆိုတာကို ရည်ညွှန်းပေးနေတာပါ။

    ညအချိန်မှာ အသားအရေက အာဟာရဓါတ်တွေကိုစုပ်ယူမှုအကောင်းဆုံးဖြစ်တာကြောင့် ညမအိပ်ခင်မှာ မျက်နှာကိုသန့်စင်အောင်ဆေးကြောပြီး ညလိမ်းခရင်မ်တစ်မျိုးလိမ်းပေးဖို့လိုပါလိမ့်မယ်။ တစ်နေ့တာလုံးညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့်အသားအရေထိခိုက်ပျက်စီးမှုကိုပြုပြင်ပေးပြီးရေဓါတ်ကိုဖြည့်တင်းပေးတဲ့ ညလိမ်းခရင်မ်ကိုလူးပြီးအိပ်စက်အနားယူမယ်ဆိုရင် အိပ်စက်နေချိန်မှာ အသားအရေကိုပြုပြင်ပြီးသားဖြစ်နေစေမှာပါ။

    လှပမှုကိုပေးစွမ်းနိုင်တဲ့နောက်ထပ်တစ်ခုက စိတ်ပျော်ရွှင်ခြင်းပါပဲ။ စိတ်ကျန်းမာရင်လူကျန်းမာတယ်ဆိုတဲ့အတိုင်း စိတ်ဖိစီးမှုကင်းပြီး စိတ်ချမ်းသာနေတာကလည်းအသားအရေကို ကျန်းမာလှပစေနိုင်တဲ့အချက်တစ်ခုပါပဲ။ အသားအရေကျန်းမာလှပဖို့နောက်ထပ်မေ့မထားသင့်တာက ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓါကိုယ်ထဲကအဆိပ်အတောက်တွေကချွေးအဖြစ်နဲ့ ထွက်သွားတတ်တာကြောင့် အသားအရေကို ကျန်းမာလှပစေမှာဖြစ်ပါတယ်။

    ခန္ဓါကိုယ်လည်းကျန်းမာ စိတ်လည်းချမ်းသာအောင်နေထိုင်ရင်း အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေကို နည်းစနစ်မှန်မှန်အသုံးပြုပေးမယ်ဆိုရင်တော့ ပျိုမေတိုင်း ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement