backup og meta

သင့်ရဲ့ ဆယ်ကျော်သက်အရွယ်ကလေးကို ဝက်ခြံပျောက်ကင်းအောင် ကူညီခြင်း


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ ဆယ်ကျော်သက်အရွယ်ကလေးကို ဝက်ခြံပျောက်ကင်းအောင် ကူညီခြင်း

    ဝက်ခြံဟာ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ အိပ်မက်ဆိုးတစ်ခုပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်တစ်ယောက်ဟာ လူပျိုဖေါ်၊ အပျိုဖေါ် ဝင်လာချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေ၊ လူမှုနေထိုင်ပုံပြောင်းလဲမှုတွေကြောင့် ကြောက်စရာကောင်းတဲ့ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

    မိဘတစ်ယောက်အနေနဲ့ သင့်ရဲ့ ဆယ်ကျော်သက်ကို ဝက်ခြံပေါက်ခြင်းနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွားမဖြစ်ခင် ကူညီသင့်ပါတယ်။

    အိပ်ရာကို မကြာခဏ လျှော်ပြီး အသစ်လဲပါ။

    ဝက်ခြံထွက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်အတွက် အကြီးမားဆုံးအကြောင်းရင်းက အိပ်ရာခင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေဟာ ဝက်ခြံထွက်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

    တကယ်တမ်းတော့ ခေါင်းအုံးစွပ်တွေဟာ အရေပြားပေါ်က အဆီတွေ ဘက်တီးရီးယားပိုးတွေကို စုပ်ယူနိုင်ပါတယ်။ ဆယ်ကျော်သက်တစ်ယောက်ဟာ အိပ်စက်စဉ်မှာ တစ်ညလုံး ခေါင်းအုံးကို ဖိအိပ်မိတာကြောင့် ခေါင်းအုံးစွပ်က ဘက်တီးရီးယားတွေ အဆီတွေဟာ ဆယ်ကျော်သက်ရဲ့ အရေပြားမှာ ပိတ်မိနေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းကို ပုံမှန်လျှော်ဖွတ်ခြင်း၊ အသစ်လဲခြင်း၊ ညတိုင်းခေါင်းအုံးစွပ် အသစ်လဲခြင်းဟာ ဝက်ခြံပျောက်ဖို့ ကူညီပေးနိုင်ပါတယ်။

    သူတို့ကို ဆီပါတဲ့ ကပ်တတ်တဲ့ ဆံပင် ထုတ်ကုန်တွေကို ရှောင်ကျဉ်ဖို့ ပြောဆိုပါ။

    ဆီပါပြီး ကပ်တတ်တဲ့ ဆံပင်အတွက် ထုတ်ကုန်တွေဟာ သင့်ဆယ်ကျော်သက်ရဲ့ ဝက်ခြံထွက်ခြင်းနဲ့ ရှိနေပြီးသား ဝက်ခြံတွေကို ပိုဆိုးလာခြင်းတွေရဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။

    မျက်နှာနဲ့ မကြာခဏ ထိတွေ့မိတဲ့ ဆံပင်တွေဟာ အရေပြားကို ဆံပင်မှ အဆီတွေ၊ ထုတ်ကုန်တွေ ရောက်သွားစေပြီး ချွေးပေါက်ပိတ်ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဝက်ခြံထွက်တတ်တဲ့သူဟာ ဒီလို ဆံပင်ထုတ်ကုန်တွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ဖို့ လိုပါတယ်။

    တကယ်လို့ သူဟာ ဆံပင်ဖျန်းဆေးတွေအသုံးပြုတယ်ဆိုရင် မျက်နှာကို ကာဖို့၊ ဖျန်းဆေးတွေကို ချက်ချင်း ဆေးချဖို့ အကြံပေးသင့်ပါတယ်။

    သင့်ဆယ်ကျော်သက်ကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး သင်ပေးပါ။

    ဆယ်ကျော်သက်ဟာ ဝက်ခြံထွက်ခြင်းနဲ့ ပတ်သက်ပြီး အရေပြား ထိန်းသိမ်းခြင်းရဲ့ အရေးကြီးမှုကို နားမလည်သေးတာ ဖြစ်နိုင်ပေမယ့် သင်ကတော့ မတူပါဘူး။ သင်ကလည်း တစ်ချိန်က ဆယ်ကျော်သက်ဖြစ်ခဲ့ဖူးတာကြောင့် ဝက်ခြံတွေကို ဘယ်လိုရင်ဆိုင်ရမယ်၊ ဘာတွေလိုအပ်တယ် ဆိုတာ သိတာကြောင့် သင့်ကလေး နားလည်ဖို့အတွက် သင်က ပြောပြဖို့ လိုအပ်ပါတယ်။

    အချို့အခြေအနေတွေမှာ အရေပြားထိန်းသိမ်းမှုအကြောင်းပြောခြင်းဟာ ကလေးငယ်ကို အရှက်ရစေပါတယ်။ တကယ်လို့ သင်က အရေပြားသန့်ရှင်းမှုနဲ့ ပတ်သက်ပြီး ပြောနိုင်မယ်ဆိုရင် ဒါဟာ လွန်စွာ အထောက်အကူ ဖြစ်နိုင်ပါတယ်။

    ဒါကို ထုတ်ကုန်တွေ အတူတကွ သွားဝယ်ခြင်း၊ သူတို့ကို အရေပြားထိန်းသိမ်းမှုအတွက် အားပေးခြင်း၊ ကောင်းမွန်တဲ့ website တွေမှာ ဖတ်စေခြင်း၊ ဒါမှမဟုတ် ရေချိုးခန်းထဲမှာ သင့်လျော်တဲ့ ထုတ်ကုန်တွေ ထားပေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ပြီးရင်တော့ သင့်ကလေးငယ်ကို သူတို့ မမေးရင်တောင်မှ ဘယ်လိုသုံးရတယ်ဆိုတာ ပြောပြသင့်ပြီး ဆက်တိုက်သုံးဖို့ အားပေးသင့်ပါတယ်။

    အခြားတစ်ဖက်မှာတော့ သင့်ကလေးငယ်ကို ဝက်ခြံကို သွားတို့ဆိတ်ခြင်းဟာ ပိုဆိုးစေပြီး ရောင်ရမ်းမှု၊ နီရဲမှုနဲ့ အမာရွတ်ထင်မှုတွေကို ဖြစ်စေနိုင်တာကြောင့် မတို့ဆိတ်ဖို့ ပြောထားသင့်ပါတယ်။

    သင့်ကလေးစားတဲ့ အစားအသောက်ပုံစံကိုပြောင်းလဲပါ။

    Trans fat နဲ့ ပြည့်ဝဆီပါတဲ့ အစားအသောက်တွေကို စားသုံးခြင်းဟာ အရေပြားကို ဝက်ခြံပိုထွက်စေနိုင်ပါတယ်။ ကယ်လိုရီများတဲ့အစားအစာတွေ၊ အစာစားသုံးမှုများပြားခြင်းတွေဟာ ဟော်မုန်းကို ပိုထွက်စေတာမို့ ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။

    ဒါကြောင့် သင့်ကလေးကို ဝက်ခြံပျောက်စေချင်ရင် သူ့ရဲ့ စားသောက်ပုံကိုပြောင်းလဲပေးသင့်ပါတယ်။ သကြားဓါတ်မများတဲ့ (သို့) refined carbohydrates တွေမပါတဲ့ အစားသောက်တွေကို စီစဉ်ပေးခြင်း ပြုလုပ်သင့်ပါတယ်။ သူတို့ဟာ သကြားဓါတ်ကို သွေးအတွင်း ထည့်ပေးပြီး အဆီဂလင်းတွေကို ထူစေကာ အဆီတွေကို ပျစ်စေပါတယ်။

    သင့်ကလေးစားသောက်တဲ့ ပုံစံကိုပြောင်းလဲခြင်းဟာ ဟော်မုန်းကြောင့် ဖြစ်တဲ့ ဝက်ခြံထွက်ခြင်းကို သက်သာစေနိုင်ပြီး အဆီထွက်နှုန်းကို လျော့ကျစေကာ ဝက်ခြံထွက်ခြင်းကိုလည်း သက်သာစေပါတယ်။

    သင့်ဆယ်ကျော်သက်ကို စောစီးစွာ ကူညီပေးဖို့ စတင်ပါ။

    သင်က စောစီးစွာကူညီပေးလေလေ ဝက်ခြံကိုကောင်းကောင်း ကုသနိုင်လေလေပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်က သင့်ကို အကူအညီတောင်းဖို့ ရှက်နေနိုင်တာမို့ သင်က သေချာဝင်ရောက် မေးမြန်းကာ ကူညီပေးသင့်ပါတယ်။ ကုသမှု စောစောယူခြင်းကလည်း ဒီအခြေအနေကို ပိုဆိုးစေခြင်းက ကာကွယ်ပေးပါတယ်။

    ဝက်ခြံတွေဟာ အထူးသဖြင့် ဆိုးရွားတဲ့ ဝက်ခြံတွေဟာ သင့်ရဲ့ ဆယ်ကျော်သက်ကို သူတို့ရဲ့ အဆင့်၊ ကျောင်းပြင်ပ လှုပ်ရှားမှု၊ လူမှုရေးဘဝ တွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ အခြေအနေက ပြင်းထန်လာတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement