backup og meta

ခွဲစိတ်မှု မပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်း နှင့် ပတ်သက်ပြီး သင် သိထားသင့်သည်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခွဲစိတ်မှု မပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်း နှင့် ပတ်သက်ပြီး သင် သိထားသင့်သည်များ

    ခွဲစိတ်ပြုပြင်မှုမပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်းဆိုတာ ဘာလဲ။

    ခွဲစိတ်ပြုပြင်မှုမပါပဲ အလှအပဆိုင်ရာ ပြုပြင်ခြင်းဟာ သင့်ရဲ့ ပြင်ပပုံပန်းသွင်ပြင်ကို ခွဲစိတ်စရာမလိုပဲ ပိုပြီးလှပလာအောင် ပြုပြင်တဲ့နည်းလမ်းတွေကို ဆိုလိုပါတယ်။ သင့်ရဲ့ ပြင်ပပုံပန်းသွင်ပြင်ကို ပိုကြည့်ကောင်းလာအောင် ဒီလိုနည်းလမ်းတွေကို ရွေးချယ်ပြုပြင်ခြင်းဟာ သင့်ကျန်းမာရေးနှင့် မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ အသားအရေဆိုင်ရာ ချို့ယွင်းချက်တွေကို ပြုပြင်ကုသခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိခြင်းနှင့် မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် ကျေနပ်မှုရှိခြင်းမှာလည်း ပိုပြီးကောင်းမွန်လာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့အသားအရေဆိုင်ရာ အခြေအနေများ။ အသက်ကြီးလာခြင်း၊ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အသားအရေပျက်စီးခြင်း သို့မဟုတ် အသားအရေတွင် အနာတရဖြစ်ခြင်းများကြောင့် ဒီချို့ယွင်းချက်တွေဟာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ပြုပြင်မှုမဟုတ်ပဲ အလှအပဆိုင်ရာ ပြုပြင်ခြင်း နည်းလမ်းတွေဟာ ယနေ့ခေတ်မှာ အန္တရာယ်ကင်းပြီး ထိရောက်တဲ့အတွက် ၂၀၁၅မှ စပြီး လူကြိုက်အများဆုံး ဖြစ်လာပါတယ်။ ဒီနည်းလမ်းတွေကိုသုံးပြီး အရေးအကြောင်းဖျောက်ခြင်း၊ နှုတ်ခမ်းပြုပြင်ခြင်း၊ အမာရွတ်၊မှဲ့၊ အကြောပြတ်ရာ စတာတွေကို မှေးမှိန်အောင် လုပ်ကာ အသားအရေ ချောမောလာအောင် ပြုလုပ်ကြပါတယ်။

    သင့်ရဲ့ အသားအရေနှင့် နှုတ်ခမ်း စတဲ့နေရာတွေမှာ ပိုပြီး ကြည့်ကောင်းလာအောင် ဆေးထိုးပြီး ပြန်ဖြည့်ခြင်းများ၊ အရေးအကြောင်းနှင့် အမာရွတ်များကို လေဆာဖြင့် ကုသခြင်းများ၊ ခွဲစိတ်ကုသမှု မဟုတ်တဲ့ နည်းလမ်းများဖြင့် သင့်ခန္ဓါကိုယ်ကို ပိုပြီးကြည့်ကောင်းလာကာ အဆီဆဲလ်များ လျှော့ချပေးခြင်း စတဲ့ ခွဲစိတ်မှု မပါတဲ့ အလှပြုပြင်ခြင်းဆိုင်ရာ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ လူအချို့ဟာ ဒီနည်းလမ်းတွေကို သုံးပြီး မျက်နှာအသားအရေပင့်တင်ခြင်း၊ မျက်လုံး အရေးအကြောင်းများ ပျောက်ကင်းအောင် ပြုလုပ်ခြင်းအပြင် အဖုအထစ်များ၊ အသက်ကြီး၍ပေါ်လာသော အစက်အပြောက်များ နဲ့ အမာရွတ်များကို လေဆာဖြင့်ကုသနည်း အားဖြင့် ချောမွေ့လှပအောင်လည်း ပြုလုပ်ကြပါတယ်။ သို့သော် အချို့ကတော့ မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင် ပြုပြင်ခြင်း၊ မျက်ခွံတွဲကျခြင်းမဖြစ်အောင် နဲ့ မျက်လုံးမျက်ခွံအရေးအကြောင်းများကို တင်းရင်းအောင် ပြုပြင်ခြင်း စတာတွေကို ပလပ်စတစ်ဆာဂျရီနည်းသုံးပြီး ခွဲစိတ်ပြုပြင်ခြင်းဖြင့် ပိုသိသာအောင် ပြုလုပ်ကြပါတယ်။

    ဒီလိုခွဲစိတ်မှု မပါတဲ့ အလှပြုပြင်ခြင်းဆိုင်ရာ နည်းလမ်းတွေက သင့်ကို ဘယ်လိုကုသမှုတွေ ပေးနိုင်မှာလဲ။

    ဒီကုသမှု နည်းလမ်းတွေဟာ အရေးအကြောင်းတွေ၊ ဝက်ခြံ၊ ဝက်ခြံအမာရွတ်နှင့် နေရောင်ကြောင့် ပျက်စီးသွားတဲ့ အသားအရေတွေကို ကုသဖို့ရာ များသောအားဖြင့် အသုံးပြု လေ့ရှိကြပါတယ်။ ဒီနည်းလမ်းတွေဟာ အမျိုးမျိုးသော နည်းလမ်းပေါင်းစုံကနေ အရေပြားကို ထိရောက်အောင်ကုသပေးပါတယ်။ ဒီလိုကုသမှုမှာ အရေပြားရဲ့ ပျက်စီးနေတဲ့ အပြင်ဆုံးအလွှာကို ဖယ်ရှားပစ်လိုက်ပြီး နောက်ထပ် အရေပြား အလွှာသစ်တစ်ခု ထပ်ပြီး ဖွံ့ဖြိုးကြီးထွားလာအောင် လှုံ့ဆော်ပေးခြင်းအားဖြင့် သင့်ရဲ့ အရေးအကြောင်းများ၊ အသက်ကြီး၍ ထွက်လာသော အစက်အပြောက်များ သို့မဟုတ် အဆီပိုများ စတဲ့ ပြင်ပ သွင်ပြင်ဆိုင်ရာ ချို့ယွင်းချက်တွေကို ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ ဒီအခါမှာ ပိုပြီးကြည့်ကောင်းကာ ငယ်ရွယ်လှပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေပါတယ်။ အချို့နည်းလမ်းတွေကတော့ သင့်ရဲ့ အရေပြားဆိုင်ရာ ဖွဲ့စည်းမှု ပုံစံ ကို ပိုပြီး ထောက်ပံ့ပေးဖို့ရာအတွက် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။

    များသောအားဖြင့် ဒီကုသမှုတွေကို ပြုလုပ်စဉ်မှာ ပိုးဝင်ခြင်းမှ ကာကွယ်စေဖို့အတွက် သင့်ရဲ့ဆရာဝန်က ဂျယ်အနှစ်အမျိုးအစားတစ်ခုကို သင့်ကို လိမ်းပေးပါလိမ့်မယ်။ ဒီဂျယ်မှာဆိုရင် ဗီတာမင်ဓါတ်များ၊ သတ္တုဓါတ်များ ပါဝင်ပြီး အရေပြားရဲ့ အတွင်းလွှာကို ကုသဖို့အတွက် အသုံးပြုပါတယ်။

    ကုသမှုမလုပ်ခင် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်များအကြောင်းကို သိနားလည်ခြင်း

    ဘယ်သူတွေက ဒီလို ခွဲစိတ်မှု မပါတဲ့ အလှပြုပြင်ခြင်းများကို ပြုလုပ်နိုင်သလဲ။

    တကယ်လို့သင်ဟာ ကျန်းမာရေးကောင်းမွန်ပြီး သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပြုပြင်ပြောင်းလဲချင်တယ် ပိုကောင်းအောင် လုပ်ချင်တယ်ဆိုရင်တော့ ဒီလိုခွဲစိတ်မှု မပါတဲ့ အလှပြုပြင်မှု ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်မှုများကို မပြုလုပ်ချင်တဲ့ လူနာများအတွက်တော့ ဒီလိုကုသမှုတွေဟာ ပိုပြီး အန္တရာယ် ကင်းပါတယ်။ သို့သော် ဒီလိုကုသမှု နည်းလမ်းတွေဟာ သင့်ကို တစ်ချိန်တစ်ခါ လုပ်ရုံမျှနဲ့တော့ သင်လိုချင်တဲ့ ရလဒ်ကို ပေးနိုင်မှာမဟုတ်ပါဘူး။ သင်လိုချင်တဲ့ ပုံပန်းသွင်ပြင် ကို ရရှိဖို့ရာအတွက် အကြိမ်ကြိမ်အခါခါ ကုသမှုခံယူဖို့ရာ လိုအပ်ပါတယ်။ ဒီအလှပြုပြင်ခြင်း အပေါ် ထားရှိတဲ့ သင့် မျှော်လင့်ချက် တွေကို သေချာစွာ ထိန်းချုပ်စီမံဖို့နှင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်စေဖို့အတွက် သေချာဂရုစိုက်ပေးခြင်းဟာ အရမ်းအရေးကြီးပါတယ်။ တကယ်တမ်း ကုသမှုခံယူပြီးတဲ့အခါ ဖြစ်လာမယ့် အခြေအနေမှန်ကို လက်ခံနိုင်သူသာ ကုသမှုခံယူသင့်ပါတယ်။ ၎င်းကုသနည်းဟာ အကျိုးရှိတယ်လို့ ဆိုပေမယ့် ကုသမှု ရလဒ်ကတော့ လူတိုင်း မတူညီနိုင်ပါဘူး။ သင့်ရဲ့အသားအရေဟာ ပိုပြီးထိခိုက်လွယ်လာနိုင်ပြီး ပြန်ကောင်း လာစေဖို့အတွက် အချိန်လိုအပ်တယ် ဆိုတာကိုတော့ မျှော်လင့်ထားသင့်ပါတယ်။

    ဒါဟာ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ ခန္ဓါကိုယ်ဟာ မတူညီစွာ တုံ့ပြန်သောကြောင့် ဖြစ်ပါတယ်။ ကုသမှုတစ်ခုဟာ လူတစ်ယောက်နဲ့ ကိုက်ညီ အဆင်ပြေသော်လည်း အခြားသူအတွက်ကတော့ အဆင်ပြေချင်မှ ပြေမှာဖြစ်ပါတယ်။

    သင့်ရဲ့ ခွဲစိတ်မှုမပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်း နှင့်ပတ်သက်ပြီး စိုးရိမ်စရာများ သောကများ ရှိပါက အရေပြားကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါတယ်။ သင့်ရဲ့ အရေပြားကျွမ်းကျင် ပညာရှင်က ဒီနည်းစနစ်တွေ လုပ်ငန်းစဉ်တွေ နှင့် ပတ်သက်ပြီး သင်နဲ့ အသင့်လျော်ဆုံးဖြစ်မယ့် နည်းလမ်း ကိုဆုံးဖြတ်ပေးပါလိမ့်မယ်။

    တကယ်လို့ သင့်ရဲ့ မပြောပလောက်တဲ့ ချို့ယွင်းချက်လေးကို ပြုပြင်ချင်တာဆိုရင်တော့ ဒီလိုအလှပြုပြင်မှုမလုပ်ခင်မှာ ဆရာဝန်က သင့်ရဲ့ နေ့စဉ်လုပ်ဆောင်နေကျ အမူအကျင့်လေးတွေကို ပြောင်းလဲပေးရန် နဲ့ ပုံမှန်ဆေးကုသမှုကိုသာ လုပ်ရန် ညွှန်ကြားပါလိမ့်မယ်။ သို့သော် သင့်ရဲ့ ဝက်ခြံအမာရွတ်တွေ၊ အဆီပိုတွေဟာ သက်တောင့်သက်သာ မဖြစ်စေပဲ သင့်အတွက် ရှက်ရွံ့စရာ ဖြစ်လာမယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ ဘာလုပ်သင့်တယ်ဆိုတာကို တိုင်ပင် နိုင်ပါတယ်။

    ဘယ်သူတွေက ဒီလို ခွဲစိတ်မှု မပါတဲ့ အလှအပပြုပြင်ခြင်း ကို လုပ်လို့မရနိုင်ဘူးလဲ။

    သင်နဲ့ သင့်လျော်မှန်ကန်မှု မရှိတဲ့ အလှပြုပြင်မှုဆိုင်ရာ နည်းလမ်းတစ်ချို့လည်း ရှိပါတယ်။ တကယ်လို့ အောက်ဖော်ပြပါ အချက်တစ်ခုခု သင့်မှာ ရှိတယ်ဆိုရင် ၎င်းနည်းလမ်းကို ရှောင်ရှား သင့်ပါတယ်။

    • ကိုယ်ဝန်ရှိခြင်း သို့မဟုတ် နို့တိုက်မိခင်ဖြစ်ခြင်း။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေလျှင် သို့မဟုတ် နို့တိုက်မိခင်ဖြစ်နေလျှင် သင့်ရဲ့ ဟော်မုန်းတွေဟာ အမြဲတမ်းပြောင်လဲနေပြီး ဒီလိုကုသမှုတွေကို မပြုလုပ်ခင်မှာ သင့်ရဲ့ အရေပြား အခြေအနေကို အရင်ဆုံးထိန်းညှိနိုင်အောင် အရေပြားကျွမ်းကျင်ပညာရှင်က ဆန်းစစ်ဖို့ရာ လိုအပ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

    • အရမ်းဆိုးရွားသော ဝက်ခြံဆိုင်ရာ ပြည်ဖုများ ၊ အရည်အိတ်များ ရှိနေခြင်း။ တကယ်လို့ သင့်မှာ ဝက်ခြံ ပြည်ဖုများ၊ ဝက်ခြံ အရည်အိတ်များစတဲ့ ဝက်ခြံ အမျိုးအစားတွေဟာ အရမ်းဆိုးလာပြီး ပိုရောင်လာတဲ့အခါတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကုသမှု မခံယူခင်မှာ သင့်ရဲ့ ဝက်ခြံတွေ အနာကျက် သည်အထိ စောင့်ပေးသင့်ပါတယ်။ ရိုးရိုးအဆံရှိသော ဝက်ခြံတွေနှင့် ဆားဝက်ခြံတွေလိုမျိုး အမျိုးအစားတွေမှာတော့ ဒီလိုကုမှုခံယူ နိုင်ပါသေးတယ်။

    • လက်ရှိမှာ isotretinoin ဆေး သောက်နေတဲ့ သူဆိုရင် သူရဲ့အရေပြား အခြေအနေဟာ ပို၍ ထိရှလွယ် ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ ဒီဆေးကို လက်တလောမှာ သောက်နေတယ် ဆိုရင် ယခုကဲ့သို့ ကုသမှု မခံယူခင်အနည်းဆုံး ၆ လလောက် ဆေးရပ်ပြီးမှ ကုသမှု ဆက်လုပ်ဖို့ရာ ဆရာဝန်က သင့်ကို ပြောပါလိမ့်မယ်။

    • လတ်တလောမှာ သွေးကျဲဆေးတွေ သောက်နေခြင်း၊ Aspirin၊ NSAID နှင့် warfarin(Coumadina )ကဲ့သို့ ဆေးတွေဟာ သင့်ရဲ့ သွေးထွက်ချိန်ကို ပိုပြီးကြာစေနိုင်ပါတယ်။ ဒါဟာ သင့်အရေပြားရဲ့ အနာကျက် တဲ့ ဖြစ်စဉ်မှာ နှောင့်ယှက်နိုင်ပါတယ်။

    • အသားအလွန်မည်းသူများ။ ဒီလိုကုသမှု နည်းလမ်းတွေဟာ အသားအရေ အလယ်အလတ်နှင့် ဖြူတဲ့သူများအတွက်သာ ပိုပြီးထိရောက်ပါတယ်။ တကယ်လို့ သင်ဟာအလွန်မည်းသော အသားအရေရှိမယ် ဆိုရင် ရောင်ခြယ် နည်းသွားခြင်းကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်ချေ များပါတယ်။

    • တကယ်လို့ သင့်အရေပြားမှာ ပေါက်ပြဲတဲ့ ဒဏ်ရာရှိနေမယ်ဆိုရင် ဒီလိုကုသမှု ခံယူဖို့ရာ မသင့်တော်ပါဘူး။ ပိုးဝင်ခြင်းကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများကို ရှောင်ရှားနိုင်စေရန် ဘယ်လိုကုသမှုမျိုးမှ မခံယူခင်မှာ သင့်အရေပြားကို လုံးဝ အနာကျက် သွားတဲ့အထိ စောင့်ပေးရမှာဖြစ်ပါတယ်။

    • တကယ်လို့ သင့်အရေပြားဟာ ရောင်ရမ်းနေတဲ့အခြေအနေရှိခြင်း သို့မဟုတ် မကြာခဏ ပြန်ပြန်ဖြစ်တတ် သော အအေးမိခြင်း စတာတွေ ရှိမယ်ဆိုရင် ကုသမှု မခံယူခင်မှာ ကျန်းမာရေးကောင်းအောင် အရင်လုပ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လေဆာဖြင့် ကုသခြင်း သို့မဟုတ် ဓါတုပစ္စည်းအားဖြင့် ချေးချွတ်ခြင်း စတာတွေပြုလုပ်တဲ့ အခါမှာအရေပြားကို ပိုဆိုးသွားစေနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အရေပြားရောင်ရမ်းသည့် အခြေအနေဆိုတာကတော့ နှင်းခူ သို့မဟုတ် တစ်စုံတစ်ခုနှင့် ထိတွေ့ပြီး အရေပြားရောင်ရမ်းခြင်းများ ဖြစ်လေ့ရှိခြင်း စတဲ့ အခြေအနေတွေ ပါဝင်ပါတယ်။

    တကယ်လို့ သင့်ဟာ ခွဲစိတ်မပါတဲ့ အလှပြုပြင်ခြင်းဆိုင်ရာ ဘယ်လိုနည်းလမ်းကိုမဆို ဆက်ပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ သင့်ရဲ့ အရေပြားဆိုင်ရာကျွမ်းကျင် ပညာရှင်နှင့် သတင်းအချက်အလက်တွေကို ပိုပြီးသိရှိဖို့ရာ တိုင်ပင်သင့်ပါတယ်။

    ကုသမှုများအကြောင်းကို သိရှိခြင်း။

    ဒီလိုခွဲစိတ်မှု မပါတဲ့ အလှပြုပြင်ခြင်းမှာ တွေ့ရများတဲ့ ကုသမှုတွေက ဘာတွေလဲ။

    သင့်ရဲ့အသားအရေ အခြေအနေပေါ်မူတည်ပြီး ကုသမှု နည်းလမ်းတွေဟာလည်း အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ ကုသမှု တစ်ခုစီ တိုင်းဟာ လူတစ်ယောက်စီရဲ့ အရေပြားနှင့်လိုက်ပြီး အမျိုးမျိုးပြောင်းလဲနိုင်တဲ့အပြင် ပြန်ကောင်းတဲ့ အချိန်တွေဟာလည်း တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ကြပါဘူး။ လူကြိုက်အများဆုံး ကုသမှု နည်းလမ်းအချို့ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

    ၁။ Botox ထိုးခြင်း

    Botox လို့ ခေါ်တဲ့ botulinum toxin ထိုးပေးခြင်း၊ ဒီလို Botox ထိုးပေးခြင်းဟာ Clostridium လို့ခေါ်တဲ့ ဘက်တီးရီးယားက ထုတ်တဲ့ ပရိုတင်းတစ်မျိုးကို အသုံးပြုထားတာ ဖြစ်ပြီး ၎င်းဟာ မျက်နှာကြွက်သားတွေကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ကျွန်ုပ်တို့ ပြုံးရယ်တဲ့အခါ မျက်နှာကြွက်သားတွေဟာ အရေးအကြောင်းတွေ ထင် လာစေပါတယ်။ ဒီလို Botox ကို ထိုးလိုက်တဲ့ အခါမှာတော့ မျက်နှာကြွက်သားတွေဟာ အရေးအကြောင်းတွေ အတွန့်တွေကို မဖြစ်စေတော့ပါဘူး။

    အရေပြားမှာ အရေးအကြောင်းထင်ခြင်း၊ ချိုင့်ခြင်း စတဲ့ လိုအပ်တဲ့နေရာတွေ ကို ပြန်ဖြည့်ရန် အသုံးပြုတဲ့ filler ကို များသော အားဖြင့် နှုတ်ခမ်းလေးတွေ ဖူးဖူးတင်းတင်းလေး ဖြစ်စေဖို့ရာ အတွက် သုံးလေ့ ရှိပါတယ်။ မျက်နှာအရေးအကြောင်းမထင်ရန် ပင့်တင်ကုသခြင်းကဲ့သို့ ကုသမှု မပေါ်လာခင်တုန်းက ဒီနည်းကို အသုံးများကြပါတယ်။

    Botulinum toxin ထိုးခြင်းကို များသောအားဖြင့် မျက်နှာအရေးအကြောင်းများ လျော့ကျသက်သာစေဖို့ ထိုးပါတယ်။ ဒီနည်းလမ်းဟာ အရမ်းအသုံးဝင်ပါတယ်။ ဒီနည်းအားဖြင့် ခွဲစိတ်စရာမလိုပဲ မျက်လုံး အရေးအကြောင်းများ၊ မျက်အိတ်များ တင်းရင်းအောင် ပြုလုပ်လေ့ရှိပါတယ်။ လုပ်ပြီးတဲံ့အခါမှာလည်း မျက်လုံးနေရာဟာ ပိုနေသာထိုင်သာရှိသွားပြီး ပိုကျယ်လာကာ ပြန်ပြီး နုပျိုလှပသွားပါလိမ့်မယ်။

    Botulinum toxin ထိုးတဲ့အခါ မျက်ခွံတွဲကျစေတဲ့ ကြွက်သားကို တားဆီးပစ်လိုက်ကာ မျက်လုံးတစ်ဝိုက်က အရေပြားကို ချောမွေ့တင်းရင်းစေပြီး သဘာဝအတိုင်းရှိနေတဲ့ မျက်ရစ်ကို မြှင့်လိုက်ပါတယ်။ ဒီအခါ မျက်ဝန်းတွေဟာ ကျယ်သွားပြီး ပိုကြည့်ကောင်းသွားတာပဲ ဖြစ်ပါတယ်။

    ၂။ DermalFillers အရေပြားဖြည့်တင်းခြင်း

    Dermal filler ဆိုတာ နှုတ်ခမ်းလေးဖူးဖူး တင်းတင်းလေး ဖြစ်အောင် လုပ်ဖို့ပဲ အသုံးဝင်တဲ့ နည်းလို့ လူအများယုံကြည်ထားတာဟာ မမှန်ပါဘူး။ ၎င်းကိုကျယ်ကျယ်ပြန့်ပြန့်သုံးနေပြီး ခွဲစိတ်မှုမပါပဲ မျက်နှာအရေပြား တင်းရင်းအောင် ပင့်တင်ကုသခြင်းနဲ့ နှာခေါင်းပိုင်းဆိုင်ရာ ပြုပြင်ကုသခြင်း ပြုလုပ်တဲ့အခါ အရေးကြီးတဲ့ ကဏ္ဍကပါဝင်နေပါတယ်။

    derma fillers လို့ခေါ်တဲ့ အရေပြားဖြည့်တင်းတဲ့ ဒီကုသမှုမှာ hyaluronic acid ပါဝင်ပြီး ၎င်းဟာ အရေပြားမှာ ရှိတဲ့ ရေနှင့် ပေါင်းသွားပြီး အသားအရေကို ပိုပြီးလုံးဝန်း တောင့်တင်းလာစေပါတယ်။ ခွဲစိတ်မှုမပါပဲ မျက်အိတ်ပင့်တင် အရေးအကြောင်းဖျောက်တဲ့အခါ ဒီ filler တွေကို မျက်ဝန်းရဲ့ အောက်ရစ်တစ်လျှောက် ထိုးပြီး မျက်အိတ်ကြီးကာချိုင့် နေတဲ့ နေရာတွေနဲ့ သိသာလွန်းတဲ့ မျက်ရည်အိတ်နေရာတွေကို တင်းရင်းအောင် ဖြည့်လိုက်ပါတယ်။ ဒီလိုနည်းအားဖြင့် ပိုကြည့်ကောင်းလာစေပါတယ်။

    Dermal fillers တွေရဲ့ ကောင်းကျိုးကတော့ botulinum toxin ထိုးရင် ရလဒ်ဟာ ၃လကနေ ၄လကြားပဲခံပေမယ့် ၎င်းကတော့ ၆လမှ ၁၈လကြားထိ ရလဒ်ကို ကြာရှည်ခံစေပါတယ်။ ဒါ့အပြင် dermal filler နဲ့ ကုသပြီးပြီးချင်းမှာ ရလဒ်ကို ထင်ထင်ရှားရှားတွေ့ရသော်လည်း botulinum toxin ထိုးပြီးရင်တော့ များသောအားဖြင့် ၂ပတ်လောက်ကြာမှသာ ရလဒ်ကို တွေ့ရမှာ ဖြစ်ပါတယ်၊

    ၃။ လေဆာသုံးပြီး အမွေးချွတ်ခြင်း

    ၎င်းနည်းဟာ သင့်ခန္ဓါကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အမွေးအမျှင်တွေကို နောက်တစ်ခေါက် ပြန်မပေါက်လာအောင် သင့်ကို စိတ်အနှောင့် အယှက် မဖြစ်အောင် ပြုလုပ်တဲ့ နည်းတစ်ခုပဲ ဖြစ်ပါတယ်။ ၎င်းနည်းဟာ ကြာရှည်ခံပြီး ခက်ခဲတဲ့နေရာတွေမှာဖြစ်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှား နိုင်တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါတယ်။ စိတ်ဝင်စားစရာပါပဲ။ အမျိုးသားများဟာလည်း ဒီနည်းကို အသုံးများနေကြပါပြီ။

    လေဆာသုံးပြီး အမွေးချွတ်ခြင်းဟာ အရမ်းကို ခေတ်စားနေပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာလည်း ၎င်းနည်းကို တန်းစီပြီးလုပ် နေကြပါပြီ။ ၎င်းနည်းကို အမျိုးသားတွေပါ လက်ခံလာရတဲ့ အချက်ကတော့ ကြာရှည်ခံပြီး ကျောကုန်း နဲ့ ပခုံးလိုမျိုး နေရာတွေက ရိတ်ရခက်တဲ့ အမွေးအမျှင်တွေပါ ဖယ်ရှားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

    ၄။ Microdermabrasion (ပျက်စီးနေတဲ့ အပေါ်ယံအရေပြားဆဲလ်များ ဖယ်ရှားခြင်း) နှင့် ဓါတုပစ္စည်းသုံး ချေးချွတ်ခြင်း

    Microdermabrasion နှင့် ဓါတုပစ္စည်းသုံးပြီးချေး ချွတ်ခြင်း စတဲ့နည်း ၂ခုစလုံးဟာ နည်းလမ်းအတူတူပဲ ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပစ်ပြီး ပိုပြီး ကျန်းမာတဲ့ ဆဲလ်အသစ်တွေ ဖွံ့ဖြိုးကြီးထွားလာအောင် လှုံ့ဆော်ပေးတဲ့နည်း ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းလမ်းတွေဟာ ကုသမှု ပြီးတဲ့ အခါမှာ အရေပြားဟာ ပိုပြီး နီကိုင်း ရောင်ရဲလာနိုင်ပါတယ်။ ဒီလိုဖြစ်တာဟာ ကုသမှု ပြီးတဲ့နောက် ရက်အနည်းငယ်ပဲ သို့မဟုတ် ရက်သတ္တပါတ် အနည်းငယ်ပဲ ကြာတတ် ပါတယ်။

    Mesotherapy ဆိုတာကတော့ ဗီတာမင်ဓါတ်နှင့် အသားဓါတ်တွေကို သင့်ရဲ့ အရေပြားအောက်ကို ထိုးထည့်ပေးပြီး ထိထိရောက်ရောက်ကုသပေးခြင်းပဲ ဖြစ်ပါတယ်။ ခေတ်မီ နည်းပညာတွေကြောင့် ဒီလို mesotherapy ကုသခြင်းမှာ အပ်သုံးစရာမလိုတော့ပဲ လူနာများအတွက်လည်း နာကျင်မှု လျော့ကျ သွားစေပါတယ်။ ဒီလို ဆေးထိုး ကုသခြင်းကို ပိုထူးကဲအောင် ပြုလုပ်ပြီး အမျိုးမျိုးသော အသားအရေ ပြဿနာတွေ ဖြစ်တဲ့ အရေပြား အစိုဓါတ် ပြန်ဖြည့်ခြင်းနှင့် အရေပြား အရောင်ပြန်ညှိပေးခြင်း ၊ အဆီပိုများအဆီများ လျော့ချခြင်း စတဲ့ ကုသမှု အမျိုးမျိုးကိုလည်း ပြုလုပ် ရန် စဉ်းစားနေကြပါတယ်။

    နောက်ဆက်တွဲဆိုးကျိုးများကို သိနားလည်ခြင်း

    ခွဲစိတ်ကုသမှု မပါတဲ့ အလှအပဆိုင်ရာပြုပြင်ခြင်းများကို ပြုလုပ်တဲ့အခါ ရရှိမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။

    ဒီနည်းလမ်းတွေဟာ အန္တရာယ် မရှိတာတော့ မဟုတ်ပါဘူး။ microdermabrasion နဲ့ ဓါတုပစ္စည်းတွေနဲ့ ချေးချွတ်ခြင်းဟာ အရေပြားရဲ့ ပျက်စီးနေတဲ့ အပြင်ဆုံးအလွှာ (သို့) ခြောက်သွေ့နေတဲ့ ဆဲလ်အသေတွေရှိနေတဲ့ အလွှာကို ခွာချပစ်လိုက်ပြီး ပိုကျန်းမာပြီး နုပျိုစိုပြေတဲ့ အသားအရေကို ရရှိစေပါတယ်။

    ဒီကုသမှုတွေမှာလည်း ကုသမှု ခံယူထားတဲ့နေရာတွေမှာ ပိုးဝင်လွယ်နိုင်တဲ့ အခြေအနေတွေ ရှိတတ် ပါတယ်။ ကုသမှု ခံယူပြီး အရေပြားပြန်သက်သာလာတဲ့ အချိန်အတောအတွင်းမှာ သင့်ရဲ့ အသားအရေဟာ စိတ်ကျေနပ်စရာကောင်းလောက်အောင်တော့ ဖြစ်နေမှာ မဟုတ်ပါဘူး။ လက္ခဏာတွေဖြစ်တဲ့ နီရမ်းခြင်းနှင့် ရောင်ရမ်းခြင်း ဟာတော့ အဖြစ်များလေ့ရှိပါတယ်။ သို့သော် မှန်မှန်ကန်ကန် ဂရုစိုက်မယ်ဆိုရင်တော့ ဒီလက္ခဏာတွေဟာ ရက်ပိုင်းအနည်းငယ် ကြာပြီးတဲ့ အခါမှာပဲ သက်သာသွားနိုင်ပါတယ်။ သင့်ရဲ့ ကုသမှု နည်းလမ်းနှင့် အရေပြားပေါ်ကို ဘယ်လောက် နက်နက်နဲနဲ ကုသထားသည်ပေါ် မူတည်ပြီး ပြန်ကောင်းတဲ့ အချိန်ဟာလည်း ကြာနိုင်ပါတယ်။

    ဒီကုသမှုမှာ အသုံးပြုတဲ့ ဓါတုပစ္စည်း အချို့ဟာ ဓါတ်မတည့်မှု ဖြစ်လွယ်တဲ့ အသားအရေရှိတဲ့ သူတွေမှာဆိုရင် ဓါတ်မတည့်ခြင်းတွေ ဖြစ်လွယ်ပါတယ်။ ဓါတ်မတည့်တဲ့အခါဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကတော့ ယားယံ ခြင်း၊ နီမြန်းခြင်းနှင့် အရေပြားရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ အရေပြားပေါ်မှာ အနီကွက် သို့မဟုတ် အဖြူကွက်တွေ ပေါ်လာနိုင်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပြင်းထန်တဲ့ ဓါတ်ပြုမှု တွေကြောင့် သင့်ရဲ့ အရေပြားဟာ ရက်သတ္တပတ် အနည်းငယ်လောက် ယားယံ နိုင်ပြီး ဒီလိုအဖြူကွက်တွေ ပျောက်သွားဖို့ရာအတွက် အချိန်အနည်းငယ် ကြာနိုင်ပါတယ်။

    ကုသမှု ခံယူပြီးတဲ့နောက်မှာ ဂရုစိုက်ရမယ့် နည်းလမ်းတွေနှင့် စီမံ ခန့်ခွဲမှုတွေကို သေချာနားလည်ခြင်း

    ခွဲစိတ်မပါတဲ့ အလှပြုပြင် ကုသမှု ခံယူပြီးတဲ့ နောက်မှာ ကျွန်ုပ်ရဲ့ အသားအရေကို ဘယ်လိုဂရုစိုက်မလဲ။

    ကုသမှု ခံယူပြီးတဲ့ နောက်မှာ သင့်အသားအရေကို ဂရုစိုက်ခြင်းဟာ အရေးအကြီးဆုံး အပိုင်းကနေ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့သော ကုသမှုတွေဟာ အရေပြား ရဲ့ အပြင်ဆုံးအလွှာကို ချွတ်ပစ်လိုက်တာ ဖြစ်တဲ့အတွက် ဒဏ်ရာတစ်ခု ရသွားတယ်လို့ ဆိုနိုင်ကာ ၎င်းအတွက် သင့်လျော်တဲ့ ကုသမှု လိုအပ်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က ၎င်းဒဏ်ရာအတွက် အဆီ သို့မဟုတ် ခရင်မ်ကို လိမ်းပေးဖို့ ပြောတဲ့အခါမှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေချာစွာ လိုက်နာပေးဖို့ရာ အရေးကြီးပါတယ်။ ဒီလိုလိမ်းပေးပြီး အနာကို အစိုဓါတ်ပေးထားခြင်းအားဖြင့် အနာကျက် မြန်စေပြီး ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။

    တကယ်လို့သင်ဟာ ကုသမှု ခံယူပြီးတဲ့နောက်မှာ ရောင်ရမ်းလာမယ်ဆိုရင် ရေခဲဝတ် ကပ်ပေးနိုင်ပြီး aspirin သို့မဟုတ် ibuprofen ကဲ့သို့ NSAID လို့ခေါ်တဲ့ စတီးရွိက် မဟုတ်သော အကိုက်အခဲပျောက်ဆေးတွေ အရောင် သက်သာဆေးတွေကို သောက်ပေးခြင်းအားဖြင့် အရောင်ကျစေပါတယ်။ သင်ဟာတစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပေးသင့်ပြီး ဤသို့ ပြုလုပ်ပေးခြင်းဟာ ကုသမှု ခံယူထားတဲ့ နေရာတွေကို သန့်စင်စေပြီး အရေပြား အပေါ်ယံလွှာမှအညစ်အကြေးတွေကိုလည်း သန့်စင်သွားစေနိုင်ပါတယ်။ ကုသမှု ခံယူပြီး ၁ ရက် သို့်မဟုတ် ၂ရက် ကြာပြီးတဲ့အခါမှာ ဓါတုပစ္စည်းပါတဲ့ ဆပ်ပြာ သို့မဟုတ် မျက်နှာသစ် ပစ္စည်းတွေကို ရှောင်ရှားပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်အရေပြား အနာကျက်ခြင်းကို တားဆီးနိုင် တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သင့်ရဲ့ မျက်နှာကို ဆေလိုင်း (saline) လို့ခေါ်တဲ့ ဆေးဆိုင်တွေမှာ တွေ့ရတဲ့ ဆားရည် တစ်မျိုးနဲ့ မျက်နှာသစ်ပေးသင့်ပါတယ်။ ဒါမှသာ အနာကို ပိုးသတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီဆားရည်နဲ့ သစ်ပြီးမှသာ မျက်နှာကို ရေနွေးလေးနှင့် ပြန်လည်သန့်စင်ပေးသင့်ပါတယ်။ ဒီစေလှိုင်း အရည် တွေကို မျက်နှာပေါ်မှာ အကြာကြီး မထားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆားဟာ သင့်အရေပြားကို ခြောက်သွေ့စေနိုင်တဲ့ အတွက်ဖြစ်ပါတယ်။

    ကုသမှုခံယူပြီးတဲ့နောက်မှာ နေရောင်နှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် နေ တိုင်း နေရောင်ခံလိမ်းဆေးကို လိမ်းပေးရပါမယ်။ အသစ်ဖြစ်လာတဲ့ အရေပြားအလွှာဟာ နေရောင်ကို အရမ်းထိခိုက်လွယ်ပြီး အခြား အစိတ်အပိုင်းများ ထက်စာရင် ပိုပြီးလွယ်လွယ် ကူကူထိခိုက်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement