backup og meta

ဝက်ခြံကို ပိုဆိုးစေနိုင်မယ့် အလေ့အထ ၈ ခု


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံကို ပိုဆိုးစေနိုင်မယ့် အလေ့အထ ၈ ခု

    စိုပြေကျန်းမာပြီးအစက်အပြောက်ကင်းတဲ့အသားအရေကို လူတိုင်းလိုချင်မှာပါ။ ဒါပေမယ့်လည်း ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံနဲ့ မျိုးရိုးလိုက်တာကြောင့်ဖြစ်တဲ့ ဝက်ခြံတွေထွက်တာကို ကာကွယ်တားဆီးဖို့ဆိုတာကတော့ ခက်ပါတယ်။ သို့ပေမယ့် နေ့စဉ်လုပ်မိနေတဲ့ အလေ့အထတွေကိုပြောင်းလဲလိုက်မယ်ဆိုရင် အသားအရေပြောင်းလဲကောင်းမွန်လာပြီး ဝက်ခြံတွေကိုသက်သာစေမှာပါ။ ဝက်ခြံတွေမဖြစ်အောင်ကာကွယ်ပြီး ကြည်လင်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အသားအရေကိုထိခိုက်စေမယ့် အလေ့အထတွေကို မလုပ်မိအောင် သတိထားဖို့လိုပါလိမ့်မယ်။

    အရေပြားမွှေးညှင်းပေါက်လေးတွေထဲမှာ အဆီတွေ၊ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေပိတ်ဆို့တာကြောင့် ဝက်ခြံတွေဖြစ်လာရတာပါ။ အဆီပြန်တဲ့အသားအရေက ဝက်ခြံဖြစ်လွယ်တယ်။ မသိဘဲလုပ်နေမိတဲ့ အကျင့်ဆိုးတွေကလည်း ဝက်ခြံကို ပိုဆိုးစေတာပါ။

    ဝက်ခြံတွေ ပိုမဆိုးလာအောင်၊ အသစ်တွေအများကြီးထပ်မထွက်လာစေဘဲ ရှိပြီးသားဝက်ခြံတွေကိုလည်း သက်သာပျောက်ကင်းစေအောင်အောက်ပါအချက်အလက်တွေကိုရှောင်ကြဉ်သင့်ပါတယ်။

    ၁။ မျက်နှာကိုခဏခဏသစ်ခြင်း

    မျက်နှာကို ခဏခဏမသစ်ပါနဲ့။ အရေပြားသန့်ရှင်းနေဖို့က အရေးကြီးတယ်ဆိုပေမယ့် မျက်နှာခဏခဏသစ်တာကတော့ အရေပြားအတွက် မကောင်းပါဘူး။ ဝက်ခြံတွေကိုတောင် ပိုဆိုးစေပါဦးမယ်။ မနက်စာစော အိပ်ယာထချိန် တစ်ခါ ညအိပ်ခါနီးတစ်ခါ မျက်နှာသစ်ပေးတာက အကောင်းဆုံးပါပဲ။

    ၂။ အရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ခြင်း

    အရေပြားကိုကြမ်းကြမ်းတမ်းတမ်းမပွတ်တိုက်ပါနဲ့။ အရေပြားပေါ်က ဆဲလ်သေတွေကွာကျအောင်ရေချိုးခန်းသုံးချေးတွန်းတဲ့အစ၊ သပွတ်အူလိုမျိုးအရာတွေနဲ့ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ ဝက်ခြံတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဝက်ခြံမထွက်စေချင်ဘူးဆိုရင် မျက်နှာကို ကြက်သီးနွေးရေကိုသုံးပြီး ညင်ညင်သာသာသန့်စင်ပေးပါ။

    ၃။ချွေးတွေကို မသုတ်ဘဲထားခြင်း

    မျက်နှာပေါ်ကချွေးတွေကို သုတ်ပစ်ပါ။ ပင်ပင်ပန်းအလုပ်လုပ်ပြီးရင်ပဲဖြစ်ဖြစ်နေပူထဲထွက်ရင်ပဲဖြစ်ဖြစ် အရေပြားမှာချွေးထွက်တာမျိုးလူတိုင်းကြုံဖူးမှာပါ။ချွေးတွေကို မသုတ်ဘဲထားရင် အရေပြားပေါ်မှာချွေးကအလိုလိုခြောက်သွားတယ်ဆိုပေမယ့် အသားအရေအတွက် မကောင်းပါဘူး။ ဝက်ခြံတွေထွက်လာစေနိုင်သလို ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ချွေးထွက်လာရင် ချက်ချင်းသုတ်ပါ။

    ၄။ ဖုန်းကိုသန့်သန့်ရှင်းရှင်း မထားခြင်း

    ဖုန်းကို သန့်သန့်ရှင်းရှင်းထားပါ။ မျက်နှာမှာချွေးတွေနဲ့အဆီတွေထွက်တတ်ပါတယ်။ ဖုန်းပြောတဲ့အခါ မျက်နှာကချွေးတွေနဲ့ အဆီတွေက ဖုန်းမျက်နှာပြင်မှာပေကျံခဲ့နိုင်ပါတယ်။ ဖုန်းပြောပြီးတိုင်း ဖုန်းမျက်နှာပြင်ကို တစ်သျှူးနဲ့သုတ်ပေးတာဖြစ်ဖြစ်လုပ်ဆောင်ပေးပါ။

    ဖုန်းမျက်နှာပြင်ကိုမသန့်ရှင်းဘဲထားမယ်ဆိုရင်နောက်တစ်ကြိမ်ဖုန်းခေါ်တဲ့အခါ ဖုန်းမျက်နှာပြင်နဲ့ အရေပြားထပ်ပြီးထိတွေ့မိပြီး အရေပြားမှာ ဘက်တီးရီးယားကပ်ညှိစေမှာပါ။ ပါးပေါ်မှာ တစ်ချိန်လုံးဖုန်းကို ကပ်ပြီးစကားပြောတာက ဖုန်းရဲ့ အပူချိန်ကြောင့် အရေပြားထိခိုက်စေတာ မျိုးဖြစ်နိုင်ပါတယ်။ နားကြပ်တပ်ပြီးပြောတာဖြစ်ဖြစ် ဖုန်းစပီကာဖွင့်ပြီးပြောတာမျိုးဖြစ်ဖြစ်လုပ်ဆောင်ကြည့်ပါ။

    ၅။ ဆံပင်သုံးအလှပြင် ပစ္စည်းတွေကို မျက်နှာအရေပြားနဲ့ထိတွေ့မိခြင်း

    ဆံပင်သုံး အလှပြင်ပစ္စည်းတွေကို မျက်နှာအရေပြားနဲ့ မထိတွေ့ပါစေနဲ့။ ဆံပင်ကိုဖြောင့်စင်းလှပစေတဲ့ ဆံသားသုံးပစ္စည်းတွေကို သုံးတဲ့အခါ မျက်နှာအရေပြားကို မထိမိအောင်သတိထားပါ။ ဆံပင်သုံးတဲ့ပစ္စည်းတွေဖြစ်တဲ့ အုန်းဆီ၊ခေါင်းလိမ်းဆီ၊ ဆံပင်ဖျန်းတဲ့ စပရေးတွေက မျက်နှာအရေပြားပေါ်ရောက်သွားတဲ့ အခါ ဝက်ခြံတွေကို ပိုဆိုးစေမှာပါ။

    ၆။ ဝက်ခြံကုထုံးကို ခပ်မြန်မြန်လက်လျော့ခြင်း

    ဝက်ခြံပျောက်အောင်ကုသမှု ခံယူတာကို ခပ်မြန်မြန်လက်လျော့လိုက်တာ။ လူတိုင်းက ဒီနေ့ ဝက်ခြံကုထုံးခံယူပြီးနောက်နေ့ဝက်ခြံအရှင်းပျောက်ချင်ကြပါတယ်။ ဝက်ခြံတွေကို အမြစ်ပြတ်အောင်ကုသဖို့ဆိုရင် အချိန်တော့ပေးရပါတယ်။ ဝက်ခြံကုထုံးကို ခပ်မြန်မြန်လက်လျော့လိုက်တာက ဝက်ခြံတွေကို ပိုဆိုးစေတဲ့ အလေ့အထတစ်ခုပါပဲ။

    ၇။ အချို၊အအီ၊အဆိမ့်တွေ အလွန်အကျွံစားသုံးခြင်း

    အချို၊အဆီအအိမ့်တွေလျော့စားပါ။ ဘယ်အစားအသောက်တွေက ဝက်ခြံဖြစ်စေနိင်တယ်လို့ သက်သေမရှိပေမယ့် ဂျုံအဖြူနဲ့လုပ်ထားတဲ့ပေါင်မုန့်၊ အာလူးကြော်၊ကွတ်ကီးတွေနဲ့ ကိတ်မုန့်တွေက ဝက်ခြံဖြစ်စေပါတယ်။ အသင့်စားအစားအသောက်တွေကလည်း ဝက်ခြံထွက်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဝက်ခြံသက်သာချင်ရင်တော့ အချိုနဲ့ ကစီဓါတ်ပါတဲ့ အစားအစာ စားသုံးမှုကိုရှောင်ကြဉ်လိုက်ပါ။

    ၈။ ဝက်ခြံကိုဆိတ်ဆွခြင်း

    ဝက်ခြံတွေကို မဆိတ်ဆွပါနဲ့။ ဝက်ခြံထွက်လာရင် ဆိတ်ဆွတာကို လူတိုင်းနီးပါးလောက်လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါက ဝက်ခြံကို မသက်သာစေဘဲ ပိုလို့တောင်ဆိုးစေပါလိမ့်မယ်။ ဝက်ခြံအမာရွတ်တွေ ကျန်ခဲ့စေပါလိမ့်မယ်။ ဝက်ခြံတွေကို ညှစ်ထုတ်လိုက်ရင် သက်သာသွားမယ်လို့ထင်ကြပါလိမ့်မယ်။ ဒါက မမှန်ပါဘူး။ ပိုလို့တောင်ဆိုးသွားစေပြီး အမာရွတ်တွေထင်ကျန်ရစ်စေမှာပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement