backup og meta

ကိုယ့်မျက်နှာအသားအရေက ဘယ်အမျိုးအစားထဲမှာ ပါလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်မျက်နှာအသားအရေက ဘယ်အမျိုးအစားထဲမှာ ပါလဲ

    ကျား၊ မ၊ အသက်အရွယ်မရွေး ကိုယ့်ရဲ့ မျက်နှာလေး ဖြူစင်ဝင်းပပြီး အပြစ်အနာအဆာတွေ ကင်းနေတာကိုပဲ မြင်ချင်ကြမှာပါ။ ဒါဆို အလှအပအတွက် အသားအရေပြုပြင်ထိန်းသိမ်းတာပဲဖြစ်စေ၊ အလှကုန်ပစ္စည်းရွေးဝယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ မျက်နှာက ဘယ်လိုအမျိုးအစားထဲမှာ ပါနေလဲဆိုတာ သိထားဖို့ လိုပါတယ်။ အဓိကအားဖြင့်

    ၁။ ပုံမှန် အသားအရေ (Normal Skin)

    ၂။ ခြောက်သွေ့ အသားအရေ (Dry Skin)

    ၃။ အဆီပြန် အသားအရေ (Oily Skin)

    ၄။ ပေါင်းစပ် အသားအရေ (Combination Skin)

    ၅။ ထိခိုက်လွယ် အသားအရေ (Sensitive Skin) ဆိုပြီး အသားအရေအမျိုးအစား ၅ မျိုး ရှိပါတယ်။

    ဒီနေ့ပြောပြပေးမယ့် ဆောင်းပါးလေးကတော့ မတူညီတဲ့ အသားအရေအမျိုးအစား ခွဲခြားပုံနဲ့ ဘယ်လိုအရေပြားပြဿနာတွေ ဖြစ်နိုင်လဲ၊ ဘယ်လို ဂရုစိုက်သင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးမယ်နော်။

    ၁။ ပုံမှန်အသားအရေ (Normal Skin)

    အဆီပြန်ြခင်း၊ ခြောက်သွေ့ခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖြစ်နေတဲ့ မျက်နှာအသားအရေပိုင်ရှင်မျိုးတွေ ဖြစ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် တစ်ခါတလေမှာ အဆီပြန်တာ၊ အသားခြောက်တာ ဖြစ်လာခဲ့ရင်တောင် အချိန်တိုလေးအတွင်းမှာ ကိုယ့်မျက်နှာကို သန့်စင်ပေးလိုက်တာနဲ့ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်စေတဲ့ အသားအရေမျိုးပေါ့။

    ပုံမှန်အသားအရေရှိသူတွေရဲ့ မျက်နှာပေါ်က ချွေးပေါက်တွေဟာ သေချာမမြင်နိုင်လောက်အောင် ကျဉ်းလွန်းပါတယ်။ တခြားအသားအရေ အမျိုးအစားနဲ့ ယှဉ်လိုက်တဲ့အခါ ဖြူဝင်းပြီး တောက်ပနေတာမျိုးလည်း မဟုတ်သလို ထိခိုက်ပျက်စီးဖို့လည်း မလွယ်ကူပါဘူး။ မျက်နှာပေါ်မှာ အရေးအကြောင်း အနည်းငယ် ထင်နေတတ်တယ်။ အသားအရောင်ဟာ ညီနေပြီး မှဲ့ခြောက် အစွန်းအထင်းတွေ သိပ်မပေါ်ပါဘူး။

    အရေပြားပြဿနာတွေ ရံဖန်ရံခါမှ ဖြစ်တတ်ပေမဲ့ ကိုယ့်အသားအရေကို သေချာဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင်တော့ ပျက်စီးနိုင်ခြေရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်နဲ့ အသက်အရွယ် ကြီးလာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေမှာ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။

    ပုံမှန်အသားအရေ ပိုင်ရှင်တွေအနေနဲ့ တခြားအသားအရေထက်စာရင် ပြုပြင်ထိန်းသိမ်းရလွယ်ကူပေမယ့် ဒီအတိုင်း ပစ်ထားလို့တော့ မရပါဘူး။ အသားအရေထိန်းသိမ်းဖို့ အလှကုန်ပစ္စည်းတွေ ဝယ်တဲ့အခါ အရေပြားကို အဆီရွှဲနေစေမယ့်၊ ခြောက်သွေ့သွားစေမယ့် ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။

    ၂။ ခြောက်သွေ့ အသားအရေ (Dry Skin)

    အသားအရေခြောက်တဲ့သူတွေမှာ အရေပြားကို လက်နဲ့ ထိမိချိန် တင်းနေသလို၊ ချောမွေ့မှုမရှိဘဲ အနည်းငယ် ကြမ်းရှနေသလို ခံစားရနိုင်ပါတယ်။ အဆီပြန်ခြင်း မရှိလို့ ဝက်ခြံ၊ အဆီဖုတွေ အထွက်နည်းတယ်။ မှဲ့ခြောက်တွေ၊ နှင်းခူတွေ အဖြစ်များတယ်။ ဆောင်းရာသီလို ရာသီဥတုအေးလွန်းတဲ့အချိန်မျိုးမှာ အသားအရေ ပပ်ကြားအက်တာ၊ အဖြူဖတ်တွေ မကြာခဏ ကွာကျတာ၊ အသားက ခြောက်ပြီး ကြမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    အရေပြားကို နူးညံ့ချောမွေ့သွားစေမယ့် သဘာဝအဆီ (Sebum) ကို အရေပြားတွင်းမှာရှိတဲ့ အဆီဂလန်းတွေက ထုတ်ပေးပါတယ်။ မျိုးရိုးဗီဇကြောင့် အရေပြားက သဘာဝအဆီတွေ ကောင်းစွာ မထုတ်ပေးနိုင်တဲ့အခါ အသားအရေ ခြောက်လာပါတယ်။ ပုံမှန်အသားအရေကို ရေဓါတ်၊ အစိုဓါတ် ဖြည့်တင်းမှုနည်းတာကြောင့် ကြာလာတာနဲ့အမျှ အသားအရေ ခြောက်လာတဲ့သူတွေလည်း ရှိပါတယ်။

    အသားခြောက်တဲ့သူတွေမှာ မကြာခဏဆိုသလို အရေပြား ယားယံတာ၊ အလှကုန်ပစ္စည်းတွေကြောင့် အရေပြားနဲ့ ဓါတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းတွေ ဝယ်မယ်ဆိုရင် ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိဖို့ အရင်လက်ပေါ်မှာ စမ်းသုံးကြည့်ဖို့ လိုအပ်ပါတယ်။

    အထူးသဖြင့် အရေပြားအတွင်းထဲထိ စိမ့်ဝင်သွားစေဖို့ အဆီပါဝင်မှုများတဲ့ အစိုဓါတ်ထိန်းခရင်မ် (Moisturizer) ကို မဖြစ်မနေ သုံးပေးဖို့ လိုအပ်ပါတယ်။ ပြင်းလွန်းတဲ့ မျက်နှာသန့်စင်ဆေးရည်တွေအစား သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး အသားအရေကို အတွင်းရော အပြင်ပါ အစိုဓါတ်ထိန်းပေးနိုင်မယ့် မျက်နှာသန့်စင်ဆေးရည်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

    ခန္ဓါကိုယ်တွင်း ရေဓါတ်ပြည့်ဝနေစေဖို့ ရေများများသောက်ပေးရပါမယ်။ ရေဓါတ်များတဲ့ အသီးအနှံတွေ၊ အရွက်တွေကို များများစားပေးရမယ်။ အသားအရေ ခြောက်သွေ့စေနိုင်တဲ့ အပြုအမူတွေ ဖြစ်တဲ့ ဆေးလိပ်နဲ့ အရက်သောက်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ပူလွန်းတဲ့ ရေနဲ့ ရေချိုးတာ၊ ရေစိမ်တာမျိုးကိုလည်း တတ်နိုင်သလောက် ရှောင်ပေးပါ။ ရေအေး သို့မဟုတ် ရေကျက်နွေးလေးနဲ့ ရေကို ၅မိနစ်လောက်ပဲ ချိုးပေးပါ။

    ၃။ အဆီပြန် အသားအရေ (Oily Skin)

    ပူလွန်းတဲ့ နိုင်ငံတွေမှာ တော်တော်လေးကို အတွေ့များတဲ့ အသားအရေအမျိုးအစားပါပဲ။ ဖုန်တလိမ်းလိမ်း၊ အဆီတဝင်းဝင်းနဲ့ ရုတ်တရက်ကြည့်လိုက်ရင် မျက်နှာက ပြောင်လက်နေတာပဲလို့တောင် ထင်ရက်စရာပါ။ ဒီလို အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အိပ်မက်ဆိုးကတော့ ဝက်ခြံတွေ မကြာခဏဆိုသလို ပေါက်တာပါပဲ။

    အသားအရေ အဆီပြန်ခြင်းဟာလည်း မျိုးရိုးဗီဇနဲ့ ကိုယ့်ရဲ့နေပုံထိုင်ပုံ၊ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လည်း အများကြီး သက်ဆိုင်မှု ရှိပါတယ်။ အသားခြောက်တဲ့သူတွေနဲ့ ကွာသွားတဲ့ တစ်ချက်ကတော့ အရေပြားတွင်း အဆီဂလန်းဟာ လိုတာထက် ပိုပြီး သဘာဝအဆီ (Sebum) တွေကို ထုတ်လုပ်ပေးနိုင်တာကြောင့် မျက်နှာက နူးညံ့ချောမွေ့တာထက် အဆီတွေ ရွှဲနေသလို ဖြစ်နေတတ်ပါတယ်။ ကောင်းတဲ့အချက်ကတော့ အဆီပြန်အသားအရေပိုင်ရှင်တွေမှာ အရေပြားထူတဲ့အတွက် ရေဓါတ်ခမ်းခြောက်တာ၊ အရေးအကြောင်း ထင်တာမျိုးတွေ သိပ်မဖြစ်စေပါဘူး။

    မျက်နှာမှာ အဆီတွေ ပြန်နေတဲ့အခါ အပြင်လေထုမှာ ပါလာတဲ့ ဖုန်မှုန့်တွေ ကပ်ဖို့ ပိုလွယ်ကူသွားပါတယ်။ နေပူနေတဲ့အချိန်မှာဆိုရင် ချွေးရော အဆီပါပြန်ပြီး ချွေးပေါက်တွေ ကျယ်လာတယ်။ မျက်နှာကို သေချာမသန့်စင်တဲ့အခါ ဖုန်တွေဟာ ချွေးပေါက်အတွင်းထဲထိ ပိတ်နေပြီး ဝက်ခြံဖြစ်ဖို့ လမ်းစဖော်ပေးလိုက်တာပါပဲ။ ရိုးရိုးဝက်ခြံတွေတင် မကဘဲ ဆားဝက်ခြံ၊ အဆီဖု၊ ပြည်ဖုတွေပါ ဖြစ်လာနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။

    အသားအရေကို ခြောက်သွေ့သွားစေမယ့် အာနိသင်ပါတဲ့ အလှကုန်ပစ္စည်းတွေ သုံးလိုက်တဲ့အခါ အကျိုးရှိမယ်လို့ ထင်ရပေမဲ့ တကယ်တမ်းက ကိုယ့်အရေပြားက အဆီတွေ ထပ်ပြီး ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးလိုက်သလိုပါပဲ။ ဒါကြောင့် အဆီပြန်တဲ့ အသားအရေအတွက် အရေးအကြီးဆုံးကတော့ မျက်နှာအသားအရေပေါ်က ပျက်စီးသွားတဲ့ ဆဲလ်အသေတွေကို ဖြည်းညင်းစွာ တိုက်ချွတ်ပေးခြင်း (Exfoliation) လုပ်ပေးတာပါပဲ။ ပြီးသွားရင် အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးနဲ့ မျက်နှာကို လိမ်းပေးပါ။

    မျက်နှာကို ခဏခဏ သစ်တာထက် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ သန့်စင်ဆေးရည်နဲ့ မျက်နှာကို တစ်နေ့ ၂ကြိမ် သန့်ရှင်းရေးလုပ်ပေးပါ။ မျက်နှာကို လက်နဲ့ မကြာခဏ ထိတာ၊ ဝက်ခြံရှိနေတဲ့အချိန်မှာ ကုတ်လိုက်တာမျိုး မလုပ်ပါနဲ့။ အပြင်က ပြန်ရောက်လာပြီဆိုရင် ခဏစောင့်ပြီး မျက်နှာသစ်၊ ရေချိုးပေးပါ။ ဝက်ခြံနဲ့ အဖုအပိမ့်တွေအတွက်ကို အရေပြားအထူးကု ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးကို သူ့အညွှန်းအတိုင်း သုံးပေးပါ။ အဆီများတဲ့ အစားအစာတွေ၊ အပူအစပ်တွေကို လျှော့စားပါ။ မိတ်ကပ်တွေကို အထူကြီး ဖုံးထားတာမျိုး မလုပ်ပါနဲ့။ မအိပ်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်တွေအကုန် ချွတ်ပြီးမှ အိပ်ပါ။

    ၄။ ပေါင်းစပ် အသားအရေ (Combination Skin)

    အဆီပြန်ခြင်း၊ အသားအရေခြောက်ခြင်း ၂မျိုးလုံး တွေ့ရတတ်တဲ့ အသားအရေ အမျိုးအစား ဖြစ်ပါတယ်။ လူတော်တော်များများက ပေါင်းစပ်အသားအရေနဲ့ အဆီပြန် အသားအရေကို အမှတ်မှားတတ်ကြပါတယ်။

    T-zone လို့ ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ ပါးပတ်လည်တစ်ဝိုက်မှာ အဆီပြန်နေပြီး ကျန်တဲ့ နေရာတွေမှာ အသားပပ်ပြီး ခြောက်နေတာကို ပေါင်းစပ် အသားအရေပိုင်ရှင်တွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒီလိုအသားအရေပိုင်ရှင်တွေမှာ အလှကုန်ပစ္စည်း ဝယ်တဲ့အခါ အသားအရေကို ယားယံခြင်း၊ ခြောက်သွေ့စေခြင်း၊ အဆီပြန်ခြင်း မဖြစ်စေတဲ့ အသားအရေ ၂မျိုးလုံးနဲ့ ကိုက်ညီမယ့် ပစ္စည်းကို ရွေးပြီး ဝယ်ရတာကြောင့် နည်းနည်းလေးတော့ အလုပ်ပိုရှုပ်စေပါတယ်။

    မျက်နှာအရေပြားကို ထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်း ပါဝင်တဲ့ အလှကုန်ပစ္စည်းေတွအစား သဘာဝအိမ်တွင်းပစ္စည်းတွေပါဝင်တဲ့ ပစ္စည်းလေးတွေကို အဓိကသုံးပေးပါ။ အမွှေးနံ့သာတွေ များစွာ ပါဝင်တဲ့ ပစ္စည်းတွေဟာ အသားကို ပိုပြီး ယားယံစေနိုင်လို့ တတ်နိုင်သလောက် အမွှေးနံ့ နည်းပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းမျိုးတွေကို ရွေးဝယ်သင့်ပါတယ်။

    အစိုဓါတ်ထိန်းခရင်မ်ကို ပေါင်းစပ် အသားအရေသီးသန့်ထုတ် ပစ္စည်းရှာဝယ်ရခက်မယ်ဆိုရင် အဆီပြန်တဲ့ နေရာတစ်ဝိုက်အတွက် တစ်မျိုး၊ ခြောက်သွေ့ပြီး အသားပပ်နေတဲ့ နေရာအတွက် တစ်မျိုး၊ ၂မျိုးစီ သုံးပေးလို့ ရပါတယ်။ ပေါင်းစပ် အသားအရေပိုင်ရှင်တွေမှာ ပျက်စီးနေတဲ့ အပေါ်ယံအရေပြားဆဲလ်အသေတွေ အများအပြား ရှိနေနိုင်တဲ့အတွက် တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက် ချေးချွတ်သန့်စင်ပေးဖို့လည်း အရေးကြီးပါတယ်။

    ၅။ ထိခိုက်လွယ် အသားအရေ (Sensitive Skin)

    အသားခြောက်တာ၊ အဆီပြန်တာ၊ ပေါင်းစပ် အသားအရေတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပြီး ဓါတုဗေဒပစ္စည်းတွေကို အသုံးပြုတဲ့အခါ အသားအရေ ပျက်စီးလွယ်တာ၊ နီရဲပြီး ယားယံလာတာမျိုး မကြာခဏ ဖြစ်တတ်ပါတယ်။ ကိုယ်သုံးလိုက်တဲ့ အလှကုန်တွေထဲမှာ ဓါတုဗေဒပစ္စည်း နည်းနည်းလေး ပြင်းတာ ပါလိုက်ပြီဆိုတာနဲ့ အသားက ပျက်စီးသွားတော့တာပါပဲ။

    ဒီလိုအသားအရေပိုင်ရှင်တွေအနေနဲ့ အလှကုန်ပစ္စည်း ဝယ်တဲ့အခါ၊ မျက်နှာအသားအရေ ထိန်းသိမ်းတဲ့အခါ တော်တော်လေးကို ဂရုစိုက်ဖို့ လိုပါတယ်။ နေပူထဲ သွားတဲ့အခါ နေလောင်ကာခရင်မ် ပါးပါးလေး လိမ်းသွားပေးပါ။ မိတ်ကပ်ကို ပါးပါးလေးသာ လိမ်းပါ။ ရေချိုးပြီးတဲ့အခါ အစိုဓါတ်ထိန်းခရင်မ် လိမ်းပေးပါ။ မျက်နှာပေါ်မှာ ဝက်ခြံ၊ အဆီဖု၊ အဖုအပိမ့်တွေ ပေါက်လာရင်လည်း လက်နဲ့ လုံးဝမထိပါနဲ့။ ပိုးဝင်သွားတဲ့အခါ ပိုဆိုးသွားစေနိုင်ပါတယ်။ မျက်နှာကို ထိတွေ့ကိုင်တယ်တဲ့အခါ နူးညံ့တဲ့ ဂွမ်းစလေးနဲ့သာဖြည်းဖြည်းချင်း ကိုင်တွယ်ပေးပါ။

    မျက်နှာပေါ်မှာ အသုံးပြုမယ့် ဘယ်ပစ္စည်းကိုမဆို သေချာစစ်ဆေးပြီးမှ ရွေးဝယ်ပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အဓိကထုတ်ထားတဲ့ ပစ္စည်းတွေဖြစ်စေ၊ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်စေ ဝယ်လို့ ရသလို ကိုယ်ပြသနေတဲ့ အရေပြားအထူးကုဆရာဝန် ညွှန်ကြားချက်အတိုင်း ရွေးဝယ်လို့လည်း ရပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement