backup og meta

ဘိုးဘိုးဘွားဘွားအရွယ် အရိုးအဆစ် နာကျင်လွယ် တာ ဒါတွေကြောင့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘိုးဘိုးဘွားဘွားအရွယ် အရိုးအဆစ် နာကျင်လွယ် တာ ဒါတွေကြောင့်ပါ

    အသက်ကြီးလာတာ နဲ့အမျှ ဟိုနားက နာ၊ ဒီနားက နာ ဝေဒနာအမျိုးမျိုးကို ခံစားလာရတာ ပုံမှန်ပါပဲ။ ကျန်းမာရေး လိုက်စားလို့ အရွယ်နဲ့ မလိုက်အောင် နုပျိုသန်မာနေဆဲ အဘိုး အဘွားတွေတော့ ရှိပါတယ်။ ဒါပေမယ့် အနည်းနဲ့ အများတော့ အရိုးအဆစ် နာကျင်လွယ် တဲ့ ပြဿနာတွေ ရှိတတ်ကြပါတယ်။

    အဘိုးအဘွားတို့ အဖြစ်များတဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာများ

    • Osteoarthritis ( အရိုးအဆစ်မှာ ရှိတဲ့ အကာအကွယ် အရိုးနု ပျက်စီးသွားတဲ့ အခါ လက်၊ ဒူးခေါင်းနဲ့ တင်ပါးဆုံရိုးတို့မှာ နာကျင်ကိုက်ခဲစေတဲ့ဝေဒနာ ဖြစ်ပါတယ်။)
    • အကြောတင်ခြင်း၊ အဆစ်လွဲခြင်း
    • ခါးအောက်ပိုင်း နာကျင်ခြင်း
    • အဆစ်ရောင်နာ မဟုတ်တဲ့ အဆစ်အမြစ်နာကျင်မှု
    • ဇက်နာခြင်း
    • ဒူးနာခြင်း
    • အရိုးနု ပျက်စီးခြင်း (ကျောရိုးမကြီးရဲ့ ပုံမှန်တည်ဆောက်ပုံ အချိုးအစားနဲ့ လုပ်ဆောင်ချက် တဖြည်းဖြည်း ပျက်ယွင်းလာနိုင်ပါတယ်)
    • အရိုးအတက်ထွက်ခြင်း (လည်ဂုတ်၊ ပခုံး၊ ဒူးခေါင်း၊ ဖြေဖနောင့်တို့မှာ ဖြစ်လာတတ်ပြီး အရွတ်၊ အကြောနဲ့ အာရုံကြောတွေကို ဖိမိစေပါတယ်)

    ဘာကြောင့် အရိုးအဆစ် နာကျင်လွယ် တာ အဖြစ်များတာလဲ

    အဘိုးအဘွားတို့ မပြောနဲ့၊ အသက် ၅၀ ကျော်အရွယ် လူကြီးပိုင်းဝင်ကာစမှာတောင် နာကျင်ကိုက်ခဲမှုတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဒီအချက်တွေလည်း ပါဝင်ပါတယ်။

    (၁) Osteoarthritis

    အသက်အရွယ် ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေကြားက အမြဲပွတ်တိုက်လှုပ်ရှားနေရတဲ့ အရိုးနုက မာကျောလာပြီး ကျုံ့ဆန့်နိုင်စွမ်း မရှိတော့ဘဲ ထိခိုက်ပျက်စီးဖို့ လွယ်လာပါတယ်။ အရိုးနုတွေ ပျက်စီးသွား တာနဲ့ အရွတ်နဲ့ အကြောတွေ လျော့ရဲသွားပြီး နာကျင်မှုကို ခံစားရပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနီးပါးမှာ ဖြစ်လာတတ်ပြီး လက်ချောင်း၊ တင်ပါး၊ ဒူးခေါင်းနဲ့ ကျောရိုးမကြီးတို့မှာ အများဆုံး ဖြစ်တတ်ပါတယ်။

    (၂) လေးဘက်နာ အဆစ်ရောင်ရောဂါ (Rheumatoid Arthritis)

    ခန္ဓာကိုယ် အဆစ်အမြစ်တွေ ရောင်ရမ်းတာပဲ ဖြစ်ပေမယ့် ဘယ်ညာအစိတ်အပိုင်းအားလုံး တညီတည်း အချိုးညီညီ နာကျင်ကိုက်ခဲမှု ခံစားရတတ်တာကြောင့် တခြားအဆစ်ရောင်နာတွေနဲ့ မတူတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမယ့် အရိုးအဆစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ လက္ခဏာတွေကတော့ ဆင်တူပါတယ်။

    (၃) အရွတ်ကြောနာ (Fibromyalgia)

    ခန္ဓာကိုယ်အနှံ့က နေရာပေါင်းများစွာမှာ နာကျင်မှုနဲ့ အထိမခံနိုင် ကျိန်းစပ်မှု တွေဖြစ်လာပြီး ညဘက်တွေ အိပ်မရ၊ ပင်ပန်းနွမ်းလျမှု ဖြစ်စေတဲ့ နာတာရှည်ရောဂါ ဖြစ်ပါတယ်။

    (၄) စိတ်ကျဝေဒနာ

    စိတ်ကျဝေဒနာ ခံစားနေရတဲ့အချိန် စိတ်ကိုပဲ ထိခိုက်တာ မဟုတ်ပါဘူး။ အကြောင်းရင်း မည်မည်ရရမရှိဘဲ နာကျင်တာတွေ၊ ကိုက်ခဲတာတွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ဖြစ်လာတတ်ပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ဗိုက်အောင့်ခြင်း။

    (၅) အဝလွန်ခြင်း

    ကိုယ်အလေးချိန်တိုးလာခြင်း က ခန္ဓာကိုယ်အောက်ပိုင်းက အဆစ်အမြစ်တွေကို ဖိအားပိုများစေနိုင်တာကြောင့် osteoarthritis ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ အထူးသဖြင့် လူတစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းတွေက ထိခိုက်နိုင်ဖို့ ပိုအန္တရာယ်များပါတယ်။

    (၆) ထိခိုက်မှုဒဏ်၊ လှုပ်ရှားအားစိုက်မှု များလွန်းတဲ့ ဒဏ်

    အားကစားသမားတွေနဲ့ ကြိမ်ဖန်များစွာ ခန္ဓာကိုယ်လှုပ်ရှားနေရတဲ့ အလုပ် လုပ်ကိုင်သူတွေမှာ ထိခိုက်ဒဏ်ဖြစ်တာ နဲ့ အဆစ်တွေမှာ ဖိအားများစေတာကြောင့် osteoarthritis ဖြစ်နိုင်ခြေ မြင့်မားပါတယ်။ တစ်ရှူးပျော့မှာ ဒဏ်ဖြစ်တာက osteoarthritis ဖြစ်စေနိုင်သလို အရိုးကျိုးအက်ခြင်းနဲ့ ခွဲစိတ်ကုသမှု ခံယူရဖူးတဲ့ အဆစ်တွေမှာ ပိုဖြစ်တတ်ပါတယ်။

    (၇) ကြွက်သားအားနည်းခြင်း

    ဒူးနားတဝိုက်က ကြွက်သားတွေ အားနည်းတာက osteoarthritis နဲ့ ဆက်နွှယ်နေပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။

    ဘယ်လို ကုသမလဲ

    အရိုးအဆစ်နာခြင်း အတွက် ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး ဆေးဝါးသောက်သုံးတာကနေ ခွဲစိတ်ကုသမှုအထိ ကုသနည်းတွေရှိသလို ကိုယ်တိုင်ကြိုးစားကြည့်နိုင်တဲ့ ဆောင်ရန်ရှောင်ရန်တွေလည်း သိထားသင့်ပါတယ်။

    ကိုယ်အလေးချိန်လျှော့ဖို့ – ကိုယ်က ဝ နေသူဖြစ်ရင် အရင်ဆုံး အဆီပိုတွေ ချပစ်ဖို့ လိုပါတယ်။

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းစလုပ်ဖို့ – နောက်တစ်ချက်က ကိုယ်နဲ့ သင့်လျော်မယ့် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုကို အရိုးအဆစ်ဆရာဝန်နဲ့ တိုင်ပင်လုပ်ဆောင်ပါ။ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းနဲ့ တခြား အားသိပ်မသုံးရတဲ့လေ့ကျင့်ခန်းတွေ၊ အရိုးအဆစ်တွေအပေါ် ဖိအားမများစေတဲ့ လေ့ကျင့်ခန်းတွေကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

    ဘေးအကူအညီ  – တောင်ဝှေး သို့မဟုတ် လမ်းလျှောက်တုတ် တို့ကလည်း နာကျင်ကိုက်ခဲနေတဲ့ ခြေထောက်အတွက် လမ်းလျှောက်ရာမှာ အထောက်အကူပေးနိုင်ပါတယ်။

    ဆေးဝါး – AspirinIbuprofen နဲ့ Paracetamol တို့က ထိရောက်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်ပါတယ်။ အရောင်ကျဆေးတွေလိုမျိုး တခြားဆေးတွေကိုလည်း ဆရာဝန်က ညွှန်ကြားလာနိုင်ပါတယ်။

    အရိုးအဆစ်နာရောဂါက နွေးနွေးထွေးထွေး အနေအထားမှာ ပိုသက်သာတတ်တာကြောင့် အအေးသိပ်မခံဖို့ သတိထားသင့်ပါတယ်။ ရေနွေးပုလင်းကပ်တာ၊ ရေနွေးဝတ် ဒါမှမဟုတ် ရေနွေးအိတ် ကပ်ပေးတာက နာကျင်မှုနဲ့ တောင့်တင်းမှုကို သက်သာစေနိုင်ပါတယ်။ ဖြစ်ဖြစ်ချင်းဆိုရင်တော့ ရေခဲဝတ်ကပ်ပေးတာက နာကျင်မှု ပိုမဆိုးလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဒီဆောင်းပါးလေး ဖတ်ပြီးရင်လည်း ကိုယ့်အိမ်က ဘိုးဘိုး ဘွားဘွားတွေအတွက် သေချာဂရုစိုက်ပေးဖို့ မမေ့ကြနဲ့ဦးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement