backup og meta

မိဘသက်ကြီးရွယ်အိုတို့အတွက် အစာကြေလွယ် စေမယ့်အစားအသောက်တွေ ဘယ်လိုပြင်ဆင်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘသက်ကြီးရွယ်အိုတို့အတွက် အစာကြေလွယ် စေမယ့်အစားအသောက်တွေ ဘယ်လိုပြင်ဆင်ပေးမလဲ

    အသက်ရလာပြီဖြစ်တဲ့ မိဘတွေအတွက်အစာကြေလွယ် အောင် အစားအသောက်တွေကိုဘယ်လိုပြင်ဆင်ပေးမလဲ

    အသက်အရွယ်ကြီးရင့်လာတဲ့အခါ စားသောက်မှုမှာအခက်အခဲကြုံတွေ့ရတာမျိုးတွေရှိလာတတ်ပါတယ်။ မိမိရဲ့မိဘတွေအတွက် အစာကြေလွယ် ပြီး စားသောက်ရလွယ်ကူတဲ့အစားအသောက်လေးတွေပြင်ဆင်နိုင်ဖို့ သိထားရင်အကျိုးရှိနိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

    • ဝါးရခက်ခဲတဲ့အခါ – သက်ကြီးရွယ်အိုတွေမှာ ဝါးရခက်ခဲတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ထိုကဲ့သို့ ဝါးရခက်ခဲတာမျိုးကြောင့် စားသောက်ရာမှာ အခက်ကြုံနေတဲ့ မိမိရဲ့မိဘတွေအတွက် လတ်ဆတ်တဲ့သစ်သီးတွေ၊ ဒိန်ချဉ်တွေနဲ့ ပရိုတင်းအမှုန့်တွေ ရောစပ်ပြီး သစ်သီးဖျော်ရည်တွေဖျော်ပေးတာမျိုးလုပ်ဆောင်ပေးနိုင်သလို ပြုတ်ထားတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်ကို ခပ်ပျော့ပျော့ချက်ထားတာကို တွဲဖက်စားသုံးစေနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ စွပ်ပြုတ်ရည်တွေကလည်း သက်ကြီးရွယ်အိုတွေအတွက် ကောင်းမွန်တဲ့စားသောက်ဖွယ်ရာတွေဖြစ်ပါတယ်။
    • ပါးစပ်ခြောက်တာကို ခံစားရတဲ့အခါ – အသက်ရလာတာနဲ့အမျှ ရေသောက်နည်းလာတတ်တာကြောင့် လူကြီးတွေမှာ ပါးစပ်ခြောက်တာမျိုးတွေ တွေ့ကြုံခံစားရနိုင်ပါတယ်။ လူကြီးမိဘတွေကို နေ့စဉ်ရေ ၈ ခွက်ကနေ ၁၀ ခွက်ထက် မနည်းသောက်သုံးမိစေဖို့ ဂရုစိုက်ပေးပါ။ သူတို့တွေရဲ့ ခန္ဓာကိုယ်ထဲမှာရေဓာတ်ရရှိနေစေဖို့ စားသုံးမယ့်အစားအစာတွေထဲမှာ ထည့်သွင်းပြင်ဆင်ပေးပါ။ အစားတစ်ခုခုစားပြီးတိုင်း ရေတိုက်ဖို့မမေ့ပါနဲ့။
    • ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို မကြိုက်တဲ့အခါ – မိမိရဲ့ မိဘတွေက ကျန်းမာရေးညီညွတ်တဲ့အစားအသောက် တွေကိုကြိုက်နှစ်သက်မှုမရှိဘူးဆိုရင် သူတို့စားမယ့်အစားအသောက်တွေကို ပြင်ဆင်ပေးတဲ့အခါတိုင်း သစ်သီးတစ်လုံး (သို့) ဟင်းသီးဟင်းရွက်တွေ ထည့်သွင်းပြင်ဆင်ပေးပါ။ ထမင်းဗူးလိုမျိုး ဗူးသေးသေးလေးတစ်ခုဝယ်ပြီး ဗူးထဲမှာ သစ်သီးတွေမျိုးစုံအောင် ပြင်ဆင်ပေးလိုက်ပါ။
    • ရေခဲသေတ္တာနဲ့ ကြောင်အိမ်ထဲမှာ အစားအသောက်တွေ ပြည့်ပြည့်စုံစုံ ထည့်ထားပေးပါ – အသင့်စားလို့ရတဲ့အစားအသောက်တွေ နဲ့ မိဘတွေအတွက်ပြင်ဆင်ထားတဲ့အစားအသောက်တွေ ဥပမာ – ကိတ်မုန့်တွေနဲ့ အသီးအရွက်တွေကို ရေခဲသေတ္တာထဲထည့်ပေးထားတာ၊ စွပ်ပြုတ်ဗူးတွေနဲ့ ဆီသွတ်ဗူးတွေကိုတော့ ကြောင်အိမ်ထဲထည့်ပေးထားတာမျိုးတွေလုပ်ဆောင်ပေးခြင်းဖြင့် လူကြီးမိဘတွေကို ဗိုက်ဆာတဲ့အခါ အလွယ်တကူစားသုံးနိုင်အောင်ပြင်ဆင်ပေးထားပါ။
    • အစားအသောက်တိုင်းကို လွယ်လင့်တကူ စားသုံးနိုင်အောင်ပြင်ဆင်ပေးထားပါ – ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တဲ့နေရာမှာ အစားအစာတွေကို အများကြီးပြင်ဆင်စားသောက်တာမျိုးလုပ်ဖို့ မလိုပါဘူး။ ရိုးရှင်းတဲ့အစားအစာတွေကိုရွေးချယ်ပြီးရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ။ ဒီလိုလုပ်ဆောင်ထားပေးတာက လူကြီးတွေကို အလွယ်တကူချက်စားလို့ရစေမှာဖြစ်ပါတယ်။
    • အဓိကဟင်းလျာအမည်တွေကို ပြင်ဆင်ထားပါ – ကြက်သား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ အမဲသားလိုမျိုး ချက်ပြုတ်လို့လွယ်ကူမယ့် အစားအသောက်တွေပြင်ဆင်ထားရှိပေးပါ။ ဒီဟင်းအမည်တွေကို စားသုံးတဲ့အခါ ဆော့စ် ဒါမှမဟုတ် အခြားတွဲဖက်စားလို့ရတဲ့ အစားအစာမျိုးတွေနဲ့ စားသုံးနိုင်အောင်ပြင်ဆင်ထားပေးပါ။
    • ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာတွေ ထားရှိပေးပါ – သစ်သီးခြောက်တွေ၊ cereal barတွေ၊ အစေ့အဆန်တွေ၊ အခွံမာသီးတွေ၊ တစ်ခါသောက်စာ အချိုရည်ဗူးလေးတွေနဲ့ အသင့်စားစွပ်ပြုတ်ဗူးလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေအစားအစာတွေထားရှိပေးပါ။
    • ရေခဲသေတ္တာထဲမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေထားရှိပေးပါ -ရေခဲသေတ္တာထဲမှာ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို ထားရှိပေးတာက မိဘတွေကို စားသုံးတဲ့အစားအသောက်တွေထဲမှာ အာဟာရပြည့်ဝစွာ ပါဝင်အောင်စားသုံးမိစေမှာဖြစ်ပါတယ်။
    • မိမိနေအိမ်မှာ လူကြီးမိဘတွေဖို့လိုအပ်တဲ့ ပစ္စည်းပစ္စယတွေရှိပါစေ – မိမိရဲ့ မိဘတွေက အစားအသောက်တွေ စားသုံးတဲ့အခါ အသက်ကြီးရင့်လာတာကြောင့် ဇွန်းတွေ၊ ခရင်းတွေနဲ့စားသောက်ရတာ အဆင်မပြေတဲ့အခါမျိုးမှာ လူကြီးတွေအတွက် ထုတ်ထားပေးတဲ့ ဇွန်းလိုမျိုးအရာတွေကို ဝယ်ယူထားရှိပေးပါ။ ရေနွေးထည့်ထားလို့ရတဲ့ အပူထိန်းဗူးငယ်လေးတွေက ရေနွေးခရားတွေထက် ပိုသင့်တော်ပါတယ်။ မိုက်ခရိုဝေ့ခ်တွေကတော့ အစားအသောက်တွေကို ပြင်ဆင်ဖို့အတွက်ကျန်းမာရေးနဲ့အညီညွတ်ဆုံးပါပဲ။
    • အစာကြေလွယ်စေမယ့်အရာတွေ ပါဝင်ပါစေ – ဥအမျိုးမျိုးပါဝင်အောင် ပြင်ဆင်ချက်ပြုတ်ပေးတာက ပရိုတင်းဓာတ်ကို ရရှိစေတာကြောင့် ကြက်ဥမွှေကြော်၊ ကြက်ဥပြုတ်နဲ့ မကျက်တကျက်ကို အသုပ်ထဲထည့်သုပ်တာလိုမျိုးပြင်ဆင်ပေးပါ။ အသားညှပ် ဘာဂါလိုမျိုး အရာတွေအစားနူးညံ့ပြီး နှလုံးကျန်းမာရေးအတွက်အထောက်အပံ့ဖြစ်စေမယ့် ငါးကိုပြောင်းလဲပြင်ဆင်ပေးပါ။ အသီးအရွက်တွေကိုလည်း အရွယ်တော်လေးတွေလှီးဖြတ်ပြီးပျော့ပျောင်းနေအောင် ဟင်းရည်ထဲထည့်ချက်ပေးတာမျိုး ဟင်းပွဲတွေထဲထည့်ချက်ပြင်ဆင်ပေးတာမျိုး လုပ်ဆောင်ပေးပါ။ ပျော့ပျောင်းတဲ့သစ်သီးတွေဖြစ်တဲ့ ဘယ်ရီသီးတွေ၊ ဖရဲသီးလိုမျိုး ဝါးစားရလွယ်တဲ့ သစ်သီးတွေကို ပြင်ဆင်ပေးပါ။
    • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါဝင်ပါစေ- အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက အစာချေဖျက်မှုကို အထောက်အပံ့ ဖြစ်စေပြီး ဝမ်းချုပ်တာကို လျှော့ချပေးနိုင်သလို အူမကြီးကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေက လေထတာ၊ လေပွတာနဲ့ ဝမ်းလျှောတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တာကြောင့် မိမိရဲ့မိဘတွေကို ပြင်ဆင်ကျွေးမွေးတဲ့အခါ အမျှင်ဓာတ်ကြွယ်ဝတဲ့ ကောက်နှံတစ်ခုလုံးပါတဲ့ အစားအစာတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ ထည့်သွင်းပြင်ဆင်ပေးပါ။
    • ဒိန်ချဉ်စားသုံးအောင်လုပ်ဆောင်ပေးပါ – ဒိန်ချဉ်က အကျိုးပြုဘက်တီးရီးယားတွေကိုရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်တစ်ရပ်ဖြစ်ပြီး အစာချေဖျက်မှုအတွက်အရေးပါတဲ့ အခြားအကျိုးပြုဘက်တီးရီးယားတွေလည်းပါဝင်နေတဲ့ အစားအစာတစ်ရပ်ဖြစ်ပါတယ်။ ဒိန်ချဉ်က ကူးစက်ရောဂါတွေကနေပြန်လည်ကောင်းမွန်စေတဲ့အစွမ်းသတ္တိရှိသလို ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်တာကြောင့် လူကြီးမိဘတွေကို အစားအစာတွေပြင်ဆင်ပေးတဲ့အခါ ဒိန်ချဉ်ကိုလည်း ထည့်သွင်းပြင်ဆင်ပေးဖို့မမေ့ပါနဲ့။
    • ချင်းပါဝင်ပါစေ – ချင်းက အစာချေဖျက်မှုကောင်းအောင်အထောက်အပံ့ပေးနိုင်တဲ့သတ္တိရှိပါတယ်။ ချင်းက အစာချေလမ်းကြောင်းတစ်လျှောက်မှာ အစာချေအင်ဇိုင်းတွေ ထွက်ပေါ်လာအောင်လှုံ့ဆော်ပေးတာကြောင့် အစာချေဖျက်မှုကိုကောင်းမွန်စေပြီး အစာမကြေတာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးပါတယ်။ ချင်းက အစာအိမ်ကြွက်သားကျုံ့မှုကို တိုးတက်စေသလို အူသိမ်အထက်ပိုင်းဆီကို အစားအစာတွေပို့ဆောင်ပေးမှုကိုလည်းမြန်ဆန်စေပါတယ်။
    • အဆီနည်းတဲ့အစားအသောက်တွေ ရွေးချယ်ကျွေးမွေးပါ –အဆီများတဲ့ အစားအသောက်တွေနဲ့ ဆီကြော်တွေက acid reflux နဲ့ ရင်ပူတာကိုဖြစ်စေနိုင် သလို အစာကြေခဲတာကြောင့် ဆီကြော်တွေနဲ့ အဆီများတဲ့အစားအသောက်တွေ မကျွေးပါနဲ့။ အဆီဓာတ်များတဲ့ ပြုပြင်ထားတဲ့အသားတွေ၊ အာလူးချောင်းကြော်တွေ၊ ရေခဲမုန့်၊ ထောပတ်နဲ့ ချိစ်တွေ သိပ်မကျွေးပါနဲ့။
    • အစပ်အရသာပြင်းလွန်းတဲ့ အစားအသောက်တွေ ရှောင်ပါ – အစပ်များတဲ့အစားအစာတွေက လည်ချောင်းတွေနဲ့ အစာရေမျိုတွေကို ကျိန်းစပ်စပ်ဖြစ်စေသလို acid reflux နဲ့ ရင်ပူတာတွေကို ဖြစ်ပေါ်ခံစားရတတ်စေပါတယ်။ အစပ်များတဲ့ အစားအသောက်တွေက အစာအိမ်အူလမ်းကြောင်းကို မအီမသာဖြစ်စေသလို အစာကြေညက်မှုကိုနှေးစေပြီး ဝမ်းလျှောတာနဲ့ အခြား အစာချေလမ်းကြောင်းဆိုင်ရာဝေဒနာတွေကို ခံစားရစေနိုင်တာကြောင့် အစပ်အရသာပြင်းတဲ့အစားအသောက်တွေကိုရှောင်ကြဉ်ပါ။
    • နို့ထွက်ပစ္စည်းတွေကို သိပ်မစားပါနဲ့ – နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ကလူ့ကျန်းမာရေးအတွက် အထောက်အကူပြုနိုင် တယ်ဆိုပေမယ့် အခြားနို့ထွက်ပစ္စည်းတွေက အစာကြေခဲတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ မိမိရဲ့မိဘတွေမှာ lactose နဲ့ ဓာတ်မတည့်တာမျိုးရှိရင်တော့ နို့ထွက်ပစ္စည်းတွေ မကျွေးမိစေဖို့သတိပြုပါ။ lactose နဲ့ ဓာတ်မတည့်တာကြောင့်လေပွတာ၊ အစာမကြေတာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
    • အနီရောင်အသားတွေ သိပ်မစားပါနဲ့ -အနီရောင် အသားတွေ ဝမ်းချုပ်စေနိုင်သလို အစာချေဖျက်ဖို့အတွက် လိုအပ်တဲ့ အူမကြီးရဲ့ ပုံမှန်လှုပ်ရှားမှုတွေကိုနှေးကွေးစေပါတယ်။ အနီရောင်အသားတွေက အစာချေဖျက်မှုလုပ်ငန်းစဉ်အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုရှိစေပါတယ်။

    အထက်မှာဖော်ပြထားတဲ့အကြောင်းအရင်းလေးတွေကိုဖတ်ကြည့်ပြီး မိမိရဲ့ မိဘတွေကို အာဟာရပြည့်ဝပြီး အစာကြေလွယ်တဲ့ အစားအစာလေးတွေပြင်ဆင်ပေးနိုင်ကြမှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement