backup og meta

အမျိုးသားကျန်းမာရေးအချိန်အခါ နိုဝင်ဘာ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားကျန်းမာရေးအချိန်အခါ နိုဝင်ဘာ

    နှစ်စဉ်နိုဝင်ဘာလမှာ ကျရောက်တဲ့ အမျိုးသားကျန်းမာရေးလှုပ်ရှားမှုအထိမ်းအမှတ်ပွဲ (Movember) အကြောင်းပြောပြပါ့မယ်။

    အမျိုးသားတွေရဲ့ကျန်းမာရေးအတွက်ကိုပဲရည်ရွယ်ပြီး သီးသန့်ပြုလုပ်တဲ့ပွဲဆိုလို့ တစ်နှစ်လုံးမှာ Movember ပွဲတစ်ခုပဲ ရှိပါတယ်။ ဒါဆို Movember ဆိုတဲ့ပွဲဘယ်ကစဖြစ်လာသလဲ၊ ဘာတွေလုပ်ကြသလဲ၊ ဘယ်လိုကျန်းမာရေး ကိစ္စတွေအတွက် ပြုလုပ်သလဲဆိုတာပြောပြမယ်နော်။

    Movember ဘယ်ကစသလဲ

    အခုလိုကြီးကျယ်တဲ့ Movember လှုပ်ရှားမှုတွေဟာ အမှတ်တမဲ့အဖြစ်အပျက်လေးတွေကစခဲ့တာပါ။ ၂၀၀၃ ခုနှစ်တုန်းက သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကလူငယ်တစ်စုက ၈၀ခုနှစ်တုန်းက အမျိုးသားတွေ ကြားခေတ်စားခဲ့တဲ့ ဖက်ရှင်တစ်ခုကိုပြန်အသက်သွင်းခဲ့ပါတယ်။ ဒါကတော့နှုတ်ခမ်းမွှေးအရှည်ထားတာပါ။ ဟိုးအရင်ခေတ်တွေတုန်းက နှုတ်ခမ်းမွှေးအရှည်သန့်သန့်ပြန့်ပြန့်ထားခြင်းက ယောင်္ကျားပီသမှုကိုဖော်ပြပြီး စတိုင်လည်းကျတယ်လို့ ယူဆကြပါတယ်။ အုပ်စုလိုက်ကြီးနှုတ်ခမ်းမွှေးအရှည်ထားရတာ ပျော်စရာ ကောင်းတယ်လို့ ယူဆပြီးနောက်နှစ် (၂၀၀၄ခုနှစ်) မှာလည်းအလားတူပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဒီတစ်ခေါက်မှာ တော့ ပျော်ဖို့အပြင် ပတ်ဝန်းကျင်ကလူတွေလည်းအကျိုးရှိအောင်ရည်ရွယ်ပြီး အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာအကြောင်းကို အသိပညာမျှဝေဖို့ပွဲကလေးတွေကျင်းပဲခဲ့ပါတယ်။လူပေါင်း ၄၀၀ ကျော်ပါဝင် ဆင်နွှဲခဲ့တဲ့ ဒီပွဲလေးက တဖြည်းဖြည်းကကျန်းမာရေးအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေရဲ့ အာရုံစိုက်မှုကို ရရှိသွားပြီး နှစ်စဉ်နိုဝင်ဘာလမှာ Movember အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ကျန်းမာရေး ကိစ္စတွေ

    Movember ဆိုတဲ့နာမည်ဘယ်လိုဖြစ်လာသလဲ

    နှုတ်ခမ်းမွှေး (Moustache) ရဲ့အစ စာလုံး “Mo” ကိုယူ၊ နိုဝင်ဘာလ (November) နဲ့ပေါင်းပြီး Movember လို့ခေါ်ဆိုတာပါ။

    Movember အထိမ်းအမှတ်အနေနဲ့ ဘာတွေလုပ်ကြသလဲ

    အမျိုးသားတွေကြုံတွေ့ခံစားနေရတဲ့ ရုပ်ပိုင်းဆိုင်ရာရောဂါတွေစိတ်ပိုင်းဆိုင်ရာပြဿနာတွေကို လူတွေပိုပြီး သိရှိလာအောင်နဲ့ နားလည်လက်ခံလာအောင်ရည်ရွယ်ပြီး ပွဲလေးတွေပြုလုပ်ကြပါတယ်။ အဓိကအသိပေးတဲ့ ပြဿနာတွေကတော့

    ဆီးကျိတ်ကင်ဆာ – အသက် ၅၀ ကျော်အမျိုးသားတွေမှာအဓိကဖြစ်ပွားတတ်တဲ့ ကင်ဆာရောဂါတစ်ခုပါ။ ဖြစ်ရတဲ့အကြောင်းရင်းကိုသေချာမသိရှိရသေးပေမဲ့ အဝလွန်တဲ့သူတွေနဲ့ မျိုးရိုးရှိတဲ့သူတွေမှာပိုဖြစ်ပွားတာကို တွေ့ရပါတယ်။ စောစောရှာဖွေသိရှိနိုင်ရင် ကုသပျောက်ကင်းနိုင်တဲ့ကင်ဆာရောဂါဖြစ်တဲ့အတွက် ကျန်းမာရေး မှန်မှန်စစ်ဆေးကြည့်ဖို့ နှိုးဆော်နေကြတာဖြစ်ပါတယ်။

    ဝှေးစေ့ကင်ဆာ – အသက် ၁၅ နှစ်ကနေ ၄၉ နှစ်ကြားယောင်္ကျားလေးတွေမှာပိုဖြစ်ပွားနိုင်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာဖြစ်ပွားနှုန်းတဖြည်းဖြည်းမြင့်တက်လာနေပါတယ်။ ကုသနိုင်တဲ့ကင်ဆာဖြစ်လို့ ရောဂါရှိမှန်းစောစောသိဖို့အရေးကြီးလှပါတယ်။

    စိတ်ကျန်းမာရေး – အမျိုးသားတွေရဲ့စိတ်ကျန်းမာရေးအခြေအနေက အခုနောက်ပိုင်းနှစ်တွေမှာပိုပြီးအာရုံစိုက်ခံ လာရပါတယ်။ အဓိကအကြောင်းကတော့ ပတ်ဝန်းကျင်သက်ရောက်မှုတွေနဲ့ ယဉ်ကျေးမှုအလေ့အထတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အမျိုးသားနဲ့ အမျိုးသမီးစိတ်ညစ်တာချင်းအတူတူဖြစ်ရင်တောင် (ယေဘုယျအားဖြင့်) လူတွေက အမျိုးသမီးတွေရဲ့ပြဿနာကိုပိုပြီးစိတ်ဝင်တစားရှိပြီးဖြေရှင်းပေးချင်တာကို တွေ့ရမှာပါ။

    အမျိုးသားတွေ စိတ်ညစ်ရင်၊စိတ်ဓာတ်ကျရင်၊နောက်ဆုံးဘယ်လိုမှအောင့်အီးမထားနိုင်တော့လို့ ငိုယိုရင်တောင် ပတ်ဝန်းကျင်မှာ ယောင်္ကျားကြီးဖြစ်ပြီးဒီလိုဖြစ်ရသလားဆိုပြီး မေးငေါ့မဲ့သူတွေပိုများတဲ့အတွက် အမျိုးသားအတော်များများက သူတို့စိတ်ညစ်တာကို ထုတ်ဖော်မပြတော့ပါဘူး။ စိတ်ညစ်မှု၊အားငယ်မှုတွေ ဆိုတာ အနုတ်စွမ်းအင် (Negative energy) တွေပါ။

    ရုပ်ပိုင်းဆိုင်ရာအပေါ်ကော စိတ်ပိုင်းဆိုင်ရာအပေါ်ကိုပါ အနုတ်စွမ်းအင်တွေရဲ့ သက်ရောက်မှုက သိပ်ကိုကြီးမားပါတယ်။ဘယ်သူ့ကိုမှရင်ဖွင့်ပြောလို့မရဘဲ မြိုသိပ်ထားတဲ့အကြောင်းတွေက ကြာလာရင် ကျန်းမာရေးအပေါ်ကိုပါ ဆိုးဆိုးဝါးဝါးထိခိုက်လာမှာပါ။ ကျန်းမာသန်စွမ်းပါတယ်ဆိုတဲ့လူတွေမှာတောင်စိတ်ညစ်ရတဲ့အခိုက်အတန့်တွေရှိပြီး လိုအပ်ချိန်မှာ ရင်ဖွင့်တိုင်ပင်စရာ လူတစ်ယောက်မရှိခဲ့တဲ့အတွက် ကိုယ့်ဘဝကိုအဆုံးသတ်လိုက်တဲ့သူတွေရှိနေပါတယ်။

    နှစ်တိုင်းကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုကြောင့် အမျိုးသားတွေသိန်းနဲ့ချီသေဆုံးနေရပြီး သေဆုံးသူအများစုကို ကြည့်ရင်အလုပ်လုပ်ဆဲလူငယ်လူရွယ်တွေဖြစ်နေတာ စိုးရိမ်စရာပါ။ ဒါတွေကြောင့် Movember အထိမ်းအမှတ် ပွဲတွေမှာ အမျိုးသားတွေရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြေရှင်းဖို့ဆွေးနွေးပွဲစကားဝိုင်းတွေ၊ ပညာပေးပွဲတွေ ပိုပြီးပြုလုပ်လာကြတာဖြစ်ပါတယ်။

    ဒီပြဿနာ (၃) ကို အမျိုးသားတွေ အထာကျကျဖြေရှင်းနိုင်အောင်လုပ်ရမဲ့အချက်လေးတွေကို တခါတည်း ပြောပြမယ်နော်၊ အရင်ဆုံးသိရမှာက

    –           ကျန်းမာရေးကအဓိကပါ၊ ကျန်းမာရေးမကောင်းရင်စိတ်သွားတိုင်းကိုယ်မပါနိုင်တာမို့ နေ့စဉ်နေ့တိုင်း ကျန်းမာရေးလိုက်စားတဲ့အမူအကျင့်လေးတွေလုပ်ဖို့မမေ့ပါနဲ့။

    –           အာဟာရပြည့်တဲ့အစားအသောက်တွေ စားပါ၊ ရေများများသောက်ပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊ ဆေးလိပ်/အရက်ဖြတ်ပါ (မဖြတ်နိုင်သေးရင်တောင် အလွန်အကျွံ မလုပ်ပါနဲ့)၊ ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်ပါ

    –           စိတ်ညစ်သိပ်မခံပါနဲ့။ လူတိုင်းအမြဲတမ်းတော့မပျော်နေနိုင်ပေမဲ့ တစ်သက်လုံးစိတ်ညစ်နေရမဲ့ကိစ္စ လည်းမရှိပါဘူး။ စိတ်ကျန်းမာရေးက ရုပ်ပိုင်းဆိုင်ရာအပေါ်အများကြီးသက်ရောက်တာဖြစ်လို့ ကိစ္စတိုင်းကိုလိုက်ခံစားတွေးတောပြီးစိတ်ညစ်မနေပါနဲ့။

    –           ကျန်းမာရေးစစ်ဆေးမှုမှန်မှန်လုပ်ပါ။ အထူးသဖြင့်သက်လတ်ပိုင်းအမျိုးသားတွေဆို တစ်နှစ် (ဒါမှမဟုတ်) နှစ်နှစ်တစ်ကြိမ်လောက်ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးသင့်ပါတယ်။ ကျန်းမာရေးစစ်ဆေး မှုလုပ်ဖို့တွေဝေနေခဲ့ရင် တကယ်ရောဂါဖြစ်လာတော့မှဆေးကုဖို့ကုန်မယ့်ပိုက်ဆံက ကျန်းမာရေးစစ်ဆေးလို့ ကုန်တဲ့ပိုက်ဆံထက်အဆပေါင်းများစွာပိုများတယ်ဆိုတာကို သတိရပါလေ။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement