ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ကိုယ့်ဆံပင်က အနံ့ပြင်းပြင်းရှိနေတယ်ဆိုရင်တော်တော်လေးနေရခက်ကြပါတယ်။ ဆံပင်လှုပ်ရှားတိုင်းအနံ့ထွက်နေမှာပေါ့။ ဒါပေမယ့် ဒါကိုသတိထားမိတာက ကိုယ်တစ်ယောက်တည်းမဟုတ်လောက်ပါဘူး။ဘေးနားကသူငယ်ချင်းတွေ၊မိသားစု၊လုပ်ဖော်ကိုင်ဖက်တွေအပြင် လိုင်းကားအတူစီးသူတွေပါ သတိထားမိပြီဆိုရင်တော့ပြဿနာရှိလာပါပြီ။

ခေါင်းကနံနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းကျဆင်းပြီး လူတွေနားသွားတိုင်း ငါဆံပင်ကနံနေမလားဆိုပြီး မလုံမလဲဖြစ်ရပါတယ်။ခေါင်းလည်းပုံမှန်လျှော်နေလျက်နဲ့ ဒီလိုဘာကြောင့်နံနေရတာလဲ။ အရေးကြီးတဲ့အချက်ကတော့ ခေါင်းလျှော်ပြီးတာတောင်အနံ့ဆိုးကကျန်နေသေးတယ်ဆိုရင် ဆံပင်ကနံတာမဟုတ်ဘဲ ဦးရေပြားကအနံ့ထွက်စေတာဖြစ်ပါတယ်။ ဒါဆိုရင် ဆံပင်ကိုရော၊ဦးရေပြားကျန်းမာရေးကိုပါ ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ ခေါင်းချွေးနံရတဲ့ဖြစ်နိုင်ခြေအများဆုံးအကြောင်းရင်း(၈)ခုကိုဖော်ပြလိုက်ပါတယ်။

(၁)ခေါင်းမှန်မှန်မလျှော်ခြင်း

ခေါင်းမလျှော်ဘဲနေလေ ဦးရေပြားမှာအဆီတွေပိုပြန်လေဖြစ်ပါတယ်။ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် ဖြစ်လာတဲ့အဆီတွေကြောင့် ဦးရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ဘက်တီးရီးယားတွေသေဆုံးပြီး အနံ့ဆိုးတွေဖြစ်လာစေပါတယ်။

(၂) ခေါင်းခဏခဏလျှော်ခြင်း

ခေါင်းလျှော်တယ်ဆိုလည်း ခဏခဏလျှော်လွန်းတာကမကောင်းပါဘူး။ ဆံသားကိုပျက်စီးစေပြီးဦးရေပြားကိုခြောက်သွေ့သွားစေပါတယ်။ခေါင်းလျှော်လိုက်ရင် အနံ့ပျောက်စေတာမှန်ပေမယ့် ခဏခဏလျှော်ရင် ဆန့်ကျင်ဘက်ရလဒ်ဖြစ်လာစေနိုင်ပါတယ်။ တစ်ပတ်အတွင်းသုံးလေးကြိမ် ခေါင်းလျှော်တဲ့အခါ ဆံပင်မှာရှိတဲ့သဘာဝအဆီဓါတ်တွေခန်းခြောက်စေတာကြောင့် ဦးရေပြားကအဆီပိုပြန်လာပါလိမ့်မယ်။ ဆံပင်မှာအဆီတွေပိုပြန်လာမယ်၊ချွေးတွေပိုထွက်မယ်၊အနံပိုထွက်လာပါလိမ့်မယ်။

(၃) ဆံသားအလှကုန်တွေနဲ့ဓါတ်ပြုခြင်း

တချို့အလှကုန်တွေက သင့်ရဲ့သဘာဝအဆီတွေနဲ့မကောင်းတဲ့ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ ခေါင်းလျှော်ရည် သို့မဟုတ်ပေါင်းဆေး တစ်ခုခုကို သုံးလိုက်တဲ့နောက်ပိုင်း ဆံပင်ကအနံ့ဆိုးလာတာမျိုးုဖြစ်နိုင်ပါတယ်။

(၄) ဆံသားအနံ့ပြင်းလက္ခဏာ(SHS)

ဦးရေပြားမှာချွေးနဲ့အဆီဂလင်းတွေလုပ်ဆောင်ချက်လွန်ကဲတဲ့အခါSHS လက္ခဏာဖြစ်လာစေပါတယ်။ ဦးရေပြားက အဆီနဲ့ချွေးတွေထွက်တာများလွန်းရင် အနံ့ထွက်လွယ်ပါတယ်။ ဒါ့အပြင်ဟော်မုန်းမညီမျှမှုကြောင့်လည်း ဒီပြဿနာကိုဖြစ်စေပါတယ်။

(၅) မှိုပိုးဝင်ခြင်း

တစ်ခါတလေအဆီဂလင်းတွေမှာ မှိုပိုးဝင်တတ်ပြီး ဦးရေပြားကိုအနံ့ဆိုးထွက်စေနိုင်ပါတယ်။ ဒါကိုtinea capitis လို့ခေါ်ပြီး ကူးစက်လွယ်တာကြောင့် တစ်အိမ်တည်းအတူနေသူချင်းကူးစက်ပြန့်ပွားနိုင်ပါတယ်။

(၆)ချွေးဂလင်းရဲ့လုပ်ဆောင်ချက်

ဦးခေါင်းမှာရှိတဲ့apocrineချွေးဂလင်းတွေက အဆီပါတဲ့ချွေးတွေကိုထွက်ရှိစေတတ်ပါတယ်။ အဲဒီချွေးတွေက ဦးရေပြားပေါ်ကဘက်တီးရီးယားတွေကိုသေစေတဲ့အခါအနံ့ဆိုးထွက်စေပါတယ်။

(၇) စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆံသားနဲ့ဦးရေပြားမှာလည်းထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်တွေပါးလာတာ၊ ဆံပင်ကျွတ်တာတွေဖြစ်စေတတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့စိတ်လှုပ်ရှားမှုတွေကြောင့် ဦးရေပြားမှာအဆီပိုဖြစ်စေပြီး အနံ့ဆိုးထွက်စေပါတယ်။ အဆီပြန်တဲ့ဦးရေပြားမှာ အနံ့အသက်ပိုစွဲပြီး အနံ့ပိုပြင်းတတ်ပါတယ်။

(၈) အစားအသောက်ကြောင့်

ဦးရေပြားအနံ့အသက်ဆိုးခြင်းက သင့်ရဲ့အစားအသောက်နဲ့တိုက်ရိုက်ပတ်သက်ဆက်နွှယ်နေနိုင်ပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေက တိုက်ဆိုင်မှုမရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့စားသောက်ပုံအာဟာရကို ပြန်ဆန်းစစ်သင့်ပါတယ်။ ကိုယ်စားသုံးတဲ့အစာအာဟာရထဲမှာ တဆေးပါဝင်မှုလွန်ကဲနေနိုင်ပါတယ်။ တဆေးစားသုံးမိတာများရင် သိသိသာသာချဉ်စုပ်တဲ့အနံ့မျိုးထွက်နိုင်ပါတယ်။ တဆေးပါဝင်တဲ့အစားအစာ ဘယ်ပမာဏလောက်စားမိသလဲသတိထားကြည့်ပြီးလျှော့စားရင် အနံ့အသက်လျော့ပါးစေနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

အနံ့အသက်ထွက်နေတဲ့ဦးရေပြားနဲ့ဆံသားကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။

  • ခေါင်းလျှော်တဲ့ရက်ကို သတ်သတ်မှတ်မှတ်ထားပါ။လျှော်ဖို့မပျင်းပါနဲ့။ အလွန်အကျွံမလျှော်ပါနဲ့။
  • အမွှေးနံ့ကို အဓိကထုတ်လုပ်တဲ့ခေါင်းလျှော်ရည်ကိုရွေးပါ။ဗောက်ပျောက်ခေါင်းလျှော်ရည်လည်းသုံးနိုင်ပါတယ်။
  • ပန်းကန်လုံးတစ်လုံးထဲမှာ ပန်းသီးရှာလကာရည်နဲ့ရေကိုဆတူရောပြီးဆံသားမှာဆွတ်လိမ်းပါ။ခြောက်တဲ့အထိထားပြီးခေါင်းလျှော်ချပါ။
  • ရေတစ်ဖလားထဲကို မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ထားပါ။ ပုံမှန်အတိုင်းခေါင်းလျှော်လို့ပြီးတဲ့အခါမှ အဲဒီရေနဲ့လောင်းလျှော်ပါ။
  • ရို့စ်မေရီ သို့မဟုတ် သံလွင်ဆီ စတဲ့ အဆီတစ်မျိုးမျိုးထဲကို သံပရာရည်ညှစ်ထည့်ပြီး ဦးရေပြားမှာလိမ်းပေးပါ။ပြီးမှခေါင်းလျှော်ပါ။ သံပရာသီးကအနံ့အသက်ပျောက်ပြီး ပိုးသေစေပါတယ်။
  • ဆံပင်ပျော့ဆေးလုံးဝမသုံးသင့်ပါ။ အနံ့အသက်ထွက်နေတဲ့ဦးရေပြားမှာ ဆံပင်ပျော့ဆေးသုံးလိုက်တာက အဲဒီမှာရှိနေတဲ့အဏုဇီဝပိုးတွေကို အာဟာရကျွေးလိုက်သလိုဖြစ်စေနိုင်တာကြောင့် ပိုတောင်အနံ့ဆိုးစေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 24, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 24, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။