သင်၏ကလေးကို သွေးပေါင်ချိန်မြင့်တက်မှုမှ ရှောင်ရှားနိုင်ရန် ကူညီပေးမည့် အချက်(၄)ချက်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

သွေးပေါင်ချိန်မြင့်တက်မှုမှ ရှောင်ရှားသည့် အချက်(၄)ချက်

ပုံမှန်သွေးပေါင်ချိန် (သို့မဟုတ်) သွေးဖိအားမှာ ၉၀/၆၀ မီလီမီတာ မာကျူရီနှင့် ၁၂၀/၈၀ မီလီမီတာ မာကျူရီကြားဖြစ်ပါသည်။ သွေးပေါင်ချိန် ၁၄၀/၉၀ မီလီမီတာ မာကျူရီနှင့် အထက်ဆိုပါက သွေးဖိအားမြင့်တက်နေပြီ ဟုဆိုနိုင်သည်။ သွေးဖိအားမြင့်တက်ခြင်းသည် အသက်အရွယ်ကြီးသူများနှင့် အသက်ကြီးပိုင်းတွင် ဖြစ်ပွားလေ့ရှိပါသည်။ သို့သော်လည်း ဆေးရုံနှင့် ကျန်းမာရေးဌာနမှ ဆေးပညာ စစ်တမ်းများအရ ကလေးငယ်များတွင် သွေးဖိအားများခြင်းကို ပို၍ပို၍ခံစားလာရကြောင်း သိရှိရသည်။ အောက်ပါတို့သည် သွေးပေါင်ချိန်မြင့်တတ်နေသော သင်၏ ကလေးငယ်ကို ကူညီပေးနိုင်သည့် နည်းလမ်း (၄)မျိုးဖြစ်သည်။

(၁) သင့်ကလေး၏သွေးဖိအားကိုမျက်ခြေမပြတ်စောင့်ကြည့်ပါ

သင့်ကလေး၏ သွေးဖိအားကို မကြာခဏစစ်ဆေးပေးပါ။ ဆေးခန်းတွင် သွေးပေါင်ချိန်ရန် အမြဲတမ်း အဆင်မပြေနိုင်သဖြင့် သင့်အနေဖြင့် သွေးဖိအားတိုင်းကိရိယာတစ်ခု ၀ယ်ထားသင့်သည်။ ယနေ့အခါတွင် သင့်တင့်သော ဈေးနှုန်းဖြင့် အသုံးပြုရ လွယ်ကူသော ကိန်းဂဏန်းပြ ဒစ်ဂျစ်တယ် သွေးဖိအားတိုင်း ကိရိယာများ ရနေနိုင်ပြီ ဖြစ်သည်။ ကလေး၏ သွေးဖိအားအဖြေများကို တိုင်းတာမှတ်သားထားပါ။ ထိုမှသာ ပုံမှန်မဟုတ်သော အပြောင်းအလဲဖြစ်ပါက ချက်ချင်းတစ်ခုခု လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။

(၂)သင့်ကလေးအတွက်ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံပြင်ဆင်ပေးပါ

ကလေး၏ အစားအစာထဲတွင် အဆီနှင့် အချိုဓာတ်ကိုလျှော့ပါ။ အသီးအနှံ ဟင်းသီးဟင်းရွက်နှင့် နှံစားတို့ကို ပိုမိုပါဝင်အောင်ထည့်ပါ။ ကလေး၏သွေးဖိအားသည် နောက်ပိုင်းတွင်မှ မသိမသာတက်လာခြင်းမျိုးဆိုလျှင် ဆားသုံးစွဲမှုကို ကန့်သတ်ပါ။ သင့်အနေဖြင့် အစားအစာပုံစံကို မသတ်မှတ်တတ်ပါက အာဟာရကျွမ်းကျင် ပညာရှင်နှင့် ဆွေးနွေး၍ မိသားစုဝင်တိုင်းအတွက် သင့်တော်မည့် အစားအသောက်ပုံစံကို ပြင်ဆင်ပေးပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများသည် အခြားမိသားစုဝင် အားလုံးကိုပါ အကျိုးရှိစေမည်ဖြစ်သည်။

(၃)ကလေးငယ်၏ကိုယ်အလေးချိန်ကိုပုံမှန်ဖြစ်အောင်ထိန်းပါ

အ၀လွန်ခြင်းသည် သွေးဖိအားများခြင်း၏ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်သည်။ သင့်ကလေးငယ်သည် ရှိသင့်သော ကိုယ်အလေးချိန်ထက် ပိုမိုများပြားနေလျှင် ပေါင်ချိန်လျှော့ချနိုင်အောင် ကူညီပေးပါ။ ညီညွတ်မျှတသော အစားအစာနှင့် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါက ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ကိုယ်အလေးချိန်လျှော့ချရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အစီအစဉ်ဆွဲလုပ်ဆောင်ပါ။

(၄)ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ နှလုံးနှင့် သွေးကြောများအပေါ်တွင် သက်ရောက်မှုရှိပြီး သွေးဖိအားကို မြင့်တက်စေနိုင်သည်။ အရေးအကြီးဆုံး အချက်တစ်ချက်မှာ သင့်ကလေးကို ဆေးလိပ်သောက်ခြင်းမှ လုံးဝ ရှောင်ကြဉ်စေရန် ဖြစ်သည်။ အခြားသူများ၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းသည်လည်း အန္တရာယ်ရှိရာ သင်ကိုယ်တိုင် ဆေးလိပ်သောက်တတ်ပါက သင့်ကလေး၏ ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်သင့်ပါသည်။

မိသားစုတွင် ဆေးလိပ်သောက် တတ်သူရှိပါကလည်း အပြင်သို့ ထွက်သောက်ရန် ပြောပြပါ။

သွေးပေါင်ကြာရှည်စွာ မြင့်တက်ခြင်းသည် မကုသဘဲ ထားပါက အသက်အန္တရာယ်ရှိသည် အထိဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်ကလေးငယ်၏ သွေးပေါင်ချိန်ကို အနီးကပ်စောင့်ကြည့်ရန် အရေးကြီးပါသည်။ စောစီးစွာရောဂါကို သိရှိခြင်းက အကောင်းဆုံးကုသမှုကို ကလေးငယ်အတွက် ရရှိစေနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ