၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၁၀၆ ဦးအထိ ရှိလာပြီး ရောဂါပိုးတွေ့ရှိသူဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၄၅၉၁ ဦးရှိပြီဖြစ်တယ်လို့ သိရှိရပါတယ်။
ရောဂါပိုးပျံ့နှံ့နှုန်းဟာ အလွန်လျင်မြန်နေပြီး တစ်နေ့တည်းထဲမှာတင် ကူးစက်ခံရသူ ဦးရေဟာ ၆၅ ရာခိုင်နှုန်းခန့် မြင့်တက်လာနေပါတယ်။ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ နောက်ဆုံးထုတ်ပြန်ချက်အရ ၆ ဦးသေဆုံးပြီး ၁၄ ဦးခန့် ရောဂါပိုးကူးစက်ခံနေရပါတယ်။
တရုတ်နိုင်ငံရဲ့ အခြေအနေ
လက်ရှိမှာ ကုမ္ပဏီ၊ ကျောင်း၊ ဆိုင်ခန်းတွေအပြင် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေ ပိတ်ထားဆဲဖြစ်ပြီး မတ်လ ၃ရက်နေ့အထိ ပိတ်ထားဖို့ရှိတယ်လို့ တရုတ်နိုင်ငံမှ ပြောရေးဆိုခွင့်ရှိသူက ဆိုထားပါတယ်။ နိုင်ငံရပ်ခြားမှ တရုတ်နိုင်ငံတွင် လာရောက်နေထိုင်ကြသော လုပ်သားများ၊ အလည်အပတ်ရောက်ရှိနေကြသူများကိုတော့ ရောဂါပိုးရှိ၊ မရှိ သေချာစစ်ဆေးပြီး ပိုးကင်းစင်တယ်ဆိုမှသာ လေကြောင်းလမ်းဖြင့် မိမိမွေးရပ်နိုင်ငံသို့ လာမည့်ရက်သတ္တပတ်များအတွင်း ပြန်လည်ပို့ဆောင်ပေးမည်ဟုလည်း ပြောထားခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ကျောင်းသား အယောက် ၆၀ ကိုလည်း မကြာမီအချိန်အတွင်းမှာ ပြန်လည်ပို့ဆောင်ပေးဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
ဆေးပညာရှင်တို့ရဲ့ အခြေအနေ
တရုတ်နိုင်ငံအပြင် နိုင်ငံတကာက ဆေးပညာရှင်တွေအားလုံး ပူးပေါင်းပြီး ရောဂါထိန်းချုပ်ဖို့နဲ့ ကုသဖို့ နည်းလမ်းတွေ၊ ဆေးဝါးတွေကို အပြင်းအထန်ရှာဖွေနေကြဆဲ အခြေအနေပဲ ရှိပါသေးတယ်။ ဒါပေမယ့် လုံးဝကုသပျောက်ကင်းနိုင်မယ့် ဆေးဝါးကို ရှာဖွေတွေ့ရှိနိုင်ဖို့ဆိုတာ လနဲ့ချီပြီး ကြာမြင့်နိုင်တယ်လို့ ပညာရှင်တွေက ယူဆထားကြပြီး ပြည်သူအားလုံး ဆေးဝါးအကူအညီ ရယူနိုင်ဖို့ တစ်နှစ်နဲ့ အထက် အချိန်ပေးရနိုင်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ရောဂါပိုးကူးစက်ခံရသူများကို ကူညီပြုစုရန်အတွက် ကျန်းမာရေးစောင့်ရှောက်သူ ၁၈၀၀ ကျော်ကို ထားရှိပေးထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ချက်များ
လက်ရှိ လေကြောင်းလမ်းနဲ့ ဆက်စပ်နေတဲ့ လေဆိပ်တွေမှာ ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်ပစ္စည်းများ (Mask ၊ ပိုးသတ်လက်အိတ်၊ လက်သန့်စင်ဆေးရည်) ထားရှိပြီး တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသည်များအား ကိုယ်ခန္ဓာအပူချိန်တိုင်း ကိရိယာများဖြင့် စစ်ဆေးလျက်ရှိပါတယ်။ သြစတြေးလျနိုင်ငံမှာတော့ တရုတ်နိုင်ငံမှ ပြန်ရောက်လာတဲ့ ကျောင်းသားများကို စောင့်ကြည့်ထိန်းသိမ်းဆဲဖြစ်ပြီး နောက် ၁၄ ရက်နေ့အထိ ကျောင်း၊ အလုပ်ဆီကို မလာဖို့နဲ့၊ မိသားစုဝင်များကိုလည်း မကူးစက်စေဖို့ အကာအကွယ်ပစ္စည်းများ ထားရှိပေးထားတယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံအတွက် ဝူဟန်ရဲ့အနာဂတ်
မြန်မာနိုင်ငံဆီသို့ လက်ရှိအချိန်အထိ COVID-19 ဗိုင်းရပ်စ် ဝင်လာသေးခြင်း မရှိသေးသလို ကူးစက်ခံရတယ်လို့ သံသယရှိလူနာများလည်း မတွေ့ရသေးပါဘူး။ ဒီအတွက် အရမ်းစိုးရိမ်စရာမရှိဘူးဆိုပေမဲ့ လုံးဝမပေါ့ဆဘဲ ကိုယ့်ဘက်က လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ အကုန်ပြုလုပ်ထားဖို့ လိုပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း မကြာမီ ပြန်ရောက်လာတော့မယ့် မြန်မာလူမျိုး ကျောင်းသားတွေကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ရောဂါထိန်းချုပ်မှုတွေနဲ့ အကူအညီတွေကို လိုအပ်သလို ဖြည့်ဆည်းပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အဓိက ပြည်သူလူထုအနေနဲ့ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေသာ အကောင်းဆုံးမို့ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ။ လက်ကို အမြဲတမ်းဆေးပါ။ ရေများများသောက်ပါ။ အိပ်ချိန်ပြည့်ဝပါစေ။ လူထူထပ်တဲ့ နေရာသွားတော့မယ်ဆိုရင် Mask ကို စနစ်တကျ တပ်ဆင်သွားပါ။
CNN သတင်းဌာနမှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထွက် သတင်းကို တင်ပြပေးခြင်းဖြစ်ပါတယ်။
117,946
97,819
2,484
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။