backup og meta

ပိန်ချင်တာကြောင့် အဆီကျဆေးတွေသောက်ဖို့ စဉ်းစားနေပြီလား


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိန်ချင်တာကြောင့် အဆီကျဆေးတွေသောက်ဖို့ စဉ်းစားနေပြီလား

    အထိုင်များလာတဲ့ ဘဝနေထိုင်မှုပုံစံ၊ များပြားလှတဲ့ အသင့်စားအစားအစာတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မပေးနိုင်လောက်အောင် များပြားလှတဲ့ နေစဉ်လုပ်ငန်းတာဝန်တွေကြောင့် မကြာသေးခင်နှစ်တွေအတွင်း အဝလွန်တဲ့သူဦးရေတွေသိသိသာသာများလာနေပါတယ်။ ဝမှလှတာဆိုပေမယ့် ဝရင်ခန္ဓါကိုယ်ကလေးလံထိုင်းမှိုင်းလာပြီး ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ခန္ဓါကိုယ်က ဝလာတဲ့အခါ လှလှပပ စမတ်ကျကျနေဖို့က နည်းနည်းတော့ အခက်တွေ့လာတာပေါ့။ ဒီလိုဖြစ်တဲ့အခါ အလွယ်လမ်းလိုက်တဲ့အနေနဲ့ အဆီကျဆေးသောက်ဖို့ရွေးချယ်တာတွေ၊ အဆီကျကော်ဖီဆိုတာတွေကိုသောက်ဖို့ရွေးချယ်မိတာများမယ်ထင်ပါတယ်။ ဒါတွေက တကယ်ရောကျန်းမာရေးနဲ့ သင့်တော်ပါ့မလား။

    အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးကဒွန်တွဲနေစမြဲပါ။ ဝတာက ကျန်းမာရေးကိုထိခိုက်စေနိုင်သလို အရမ်းပိန်နေတာမျိုးကျလည်းမကောင်းပြန်ပါဘူး။ အခုဆောင်းပါးလေးထဲမှာ နည်းစနစ်မှန်မှန်နဲ့ ကိုယ်အလေးချိန်ကျပြီး ကျန်းမာကျစ်လျစ်တဲ့ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။

    အလွယ်ကူဆုံးသော ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေက

    ဘော်ဒီအချိုးအစားကျနလှပချင်တဲ့ ကိုကို မမတွေစိတ်ဝင်စားမယ့် ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေကတော့ –

    ပရိုတင်းကြွယ်ဝတဲ့ မနက်စာစားပေးပါ – မနက်ခင်းမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တဲ့ မနက်စာကို စားသုံးတာက အစာစားချင်စိတ်ကိုလျော့ကျစေပြီး တစ်နေ့တာလုံး ကယ်လိုရီစားသုံးမှုပမာဏကိုလျော့နည်းစေနိုင်ပါတယ်။

    အချိုရည်တွေကိုရှောင်ပါ – အချိုရည်တွေက ခန္ဓါကိုယ်ကို ဝစေနိုင်တဲ့ အဓိကအကြောင်းရင်းခံတွေပါ။ ဒါကြောင့် အချိုရည်ကို နှစ်နှစ်သက်သက်သောက်နေတယ်ဆိုရင်တော့ မသောက်ပါနဲ့လို့ပြောပါရစေ။

    အစားမစားခင် နာရီဝက်အလိုမှာရေသောက်ပါ -လေ့လာမှုတစ်ရပ်အရ အစားအစာတစ်ခုခုမစားခင် နာရီဝက်အလိုမှာရေတစ်ခွက်လောက်သောက်ပေးတာကို ၃ လကျော်ကြာလုပ်ခဲ့ပြီးတဲ့နောက် ကိုယ်အလေးချိန် ၄၄ ရာခိုင်နှုန်းကျသွားတာကိုတွေ့ရှိရပါတယ်။

    အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးပါ -အမျှင်ဓါတ်ပါတဲ့ အစားအစာတွေက ခန္ဓါကိုယ် အထူးသဖြင့် ဝမ်းဗိုက် အဆီတွေကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေပါဝင်အောင်စားသုံးပေးပါ။

    ရေနွေးကြမ်းသောက်ပါ -ရေနွေးကြမ်းသောက်တတ်တဲ့သူဖြစ်မယ်ဆိုပါကရေနွေးကြမ်းသောက်ပေးပါ။ကော်ဖီကြိုက်နှစ်သက်တယ်ဆိုရင်လည်းကော်ဖီသောက်ပေးလို့ရပါတယ်။ ကဖင်းဓါတ်က ခန္ဓါကိုယ်တွင်းက ဇီဝဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

    အသင့်စား အစားအစာတွေမစားပါနဲ့ -ဖြစ်နိုင်ရင် အိမ်မှာပြင်ဆင်ပြုလုပ်တဲ့ အစားအစာတွေကိုပဲစားသုံးပေးပါ။ အသင့်စားအစားအစာတွေထဲမှာ အဆီနဲ့အငန်ဓါတ်တွေပါဝင်တာကြောင့် ခန္ဓါကိုယ်ကို ဝစေနိုင်ပါတယ်။

    အစားစားတဲ့အခါ ဖြည်းဖြည်းချင်းစားပေးပါ – အစားအသောက်ကိုမြန်မြန်စားတဲ့သူတွေက အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။ အစားအစာတွေကိုဖြည်းဖြည်းချင်းစားတာက ဗိုက်ပြည့်တယ်လို့ ခံစားရစေနိုင်ပြီး ခန္ဓါကိုယ်တွင်းက ကိုယ်အလေးချိန်ကျစေတဲ့ဟော်မုန်းတွေကိုတိုးစေနိုင်ပါတယ်။

    မနက်စာမစားဘဲ မနေပါနဲ့ – မနက်စာမစားဘဲနေတာက ကိုယ်အလေးချိန်ကို မကျစေနိုင်ပါဘူး။ မနက်စာမစားဘဲနေလိုက်ခြင်းက ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကို မစားမိတာမျိုးပဲဖြစ်သွားစေမှာပါ။ မနက်စာမစားမိတဲ့အခါနောက်ဆုံးရရှိလာမယ့် ရလဒ်က တစ်နေကုန် အဆာပြေစားစရာတွေကို တသွတ်သွတ်စားမိရင်း ကိုယ်အလေးချိန်တိုးလာတာပဲဖြစ်မှာပါ။

    အိပ်ရေးဝဝအိပ်ပါ – ညဘက်အိပ်ရေးမဝတာကလည်း ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ညတိုင်း အိပ်ရေးဝဝအိပ်ဖို့မမေ့ပါနဲ့။

    တစ်ခုခုစားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပေးပါ – အစားတစ်ခုခုစားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပေးတာက မလိုအပ်ဘဲနောက်ထပ်အစားမစားမိအောင် အထောက်အကူဖြစ်စေပါတယ်။ သွားတိုက်ပြီးပြီးချင်းမှာ အစားအစာတွေရဲ့ အရသာကိုသေချာမခံစားမိနိုင်တာကြောင့်လည်း မလိုအပ်ဘဲ အစားစားမိတာမျိုးမဖြစ်အောင်ကာကွယ်ပြီးသားဖြစ်သွားပါမယ်။

    ပန်းကန်အကြီးအစား အသေးလေးတွေအသုံးပြုပါ –လေ့လာမှုတွေအရ အစားအသောက်တစ်ခုခုကို စားတဲ့အခါ ပန်းကန်ခပ်ကြီးကြီးတွေအစား ခပ်သေးသေးပန်းကန်လေးတွေအသုံးပြုမယ်ဆိုရင် အစားများများမစားမိအောင်လုပ်ဆောင်ပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒီအချက်ကလည်း ကိုယ်အလေးချိန်ကျချင်သူတွေအတွက် အသုံးတည့်မယ့် အပန်းမကြီးတဲ့အချက်တစ်ရပ်ပါ။

    ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – ကိုယ်လက်လှုပ်ရှားမှုရှိတာက ကိုယ်အလေးချိန်ကျဖို့အတွက်တော်တော်လေးအထောက်အကူပြုနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူးနေ့စဉ် ကိုယ်လက်လှုပ်ရှားမှုကိုတော်သင့်ရုံပမာဏလောက် လုပ်ပေးမယ်ဆိုရင် ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကျန်းမာကျစ်လျစ်တဲ့ခန္ဓါကိုယ်လေးရရှိစေဖို့အတွက် ကြိုးပမ်းနေတယ်ဆိုရင်နေ့စဉ် ပုံမှန် ၁၅ မိနစ်ကနေ မိနစ် ၃၀လောက်အထိလေ့ကျင့်ခန်းလုပ်ပေးပါ။

    အဆီကျဆေးသောက်ဖို့ စဉ်းစားနေသူများအတွက်

    အလုပ်ခွင်လိုအပ်ချက်ကြောင့်ဖြစ်ဖြစ် ကိုယ်တိုင်ကိုက ကျစ်လျစ်တဲ့ခန္ဓါကိုယ်လေးကို ပိုင်ဆိုင်ချင်တာကြောင့်ဖြစ်ဖြစ်ကိုယ်အလေးချိန်ကျဖို့ ကြိုးစားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းနဲ့ပဲ ကိုယ်အလေးချိန်ကျအောင်လုပ်ဖို့ တိုက်တွန်းပါရစေ။ အခုနောက်ပိုင်းကာလတွေမှာဆိုရင် အဆီကျကော်ဖီ၊ အဆီကျသောက်ဆေးဆိုပြီးဆေးတွေအမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ရောင်းချနေတာကို အွန်လိုင်းမှာ အများအပြားတွေ့နေရပါတယ်။ ဒါတွေကကျန်းမာရေးနဲ့တကယ်ရောညီညွတ်ရဲ့လား။

    အဆီကျစေဖို့သောက်ရတဲ့ဆေးတွေနဲ့ အခြာသောအရာတွေထဲမှာ ကျန်းမာရေးကို အကျိုးမပြုတဲ့အရာတွေတော်တော်များများပါဝင်နေပါတယ်။ ဒီအရာတွေကမျှော်လင့်မထားတဲ့ဘေးထွက်ဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အဆီကျဆေးတွေသောက်သုံးမှုကြောင့် နှလုံးခုန်မြန်လာတာ၊သွေးတိုးတာ နဲ့လေဖြတ်တာတွေဖြစ်နိုင်သလို အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ FDA ရဲ့ခွင့်ပြုချက်ရထားတဲ့ ပိန်ဆေးက အနည်းငယ်သာရှိတာကြောင့် မဖြစ်မနေသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှသောက်သင့်ပါတယ်။

    ပိန်ဆေး၊အဆီကျဆေးတွေကြောင့် ဘာတွေဖြစ်နိုင်လဲ

    အဆီကျဆေးတွေကို မသောက်ကြဖို့ပြောရတဲ့ အဓိကအချက်က အဆီကျပိန်ဆေးတော်တော်များများက နိုင်ငံတိုင်းလိုလိုမှာ FDA ခွင့်ပြုချက်ရထားတာသိပ်မရှိပါဘူး။သောက်သုံးလို့ရတယ်ဆိုပေမယ့်တောင်ရေရှည်မှာ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။မြင်သာအောင်ပြောပြရရင်တော့ အဆီကျဆေးတော်တော်များများမှာ အဓိကပါဝင်နေတာက ဝမ်းနှုတ်ဆေးပါ။ ဝမ်းနှုတ်ဆေးက အလွန်အကျွံသောက်သုံးမယ်ဆိုရင် ခန္ဓါကိုယ်ထဲကelectrolyte ပမာဏမမျှတတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ပိန်ဆေးတွေထဲမှာပါတဲ့Guarana ဆိုတဲ့ အပင်တစ်မျိုးက ဆီးရွှင်စေနိုင်ပါတယ်။ ဒီအပင်က ကဖင်းဓါတ်ပါဝင်နေတဲ့ အပင်တစ်မျိုးဖြစ်ပြီးသွေးပေါင်ချိန်တက်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပါဘူး။ ခန္ဓါကိုယ်ထဲမှာ မအီမသာဖြစ်တာ၊ ညီးစီစီဖြစ်တာ နဲ့ စိတ်ဖိစီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

    ဒါတွေအပြင် ပိန်ဆေးတွေထဲမှာ ပါလေ့ရှိတဲ့juniper berries နဲ့ horse tail လိုမျိုး အပင်တွေကလည်းဆေးဖက်ဝင်အပင်တွေဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ ပမာဏအရမ်းများလာမယ်ဆိုရင်ကျောက်ကပ်ထိခိုက်တာနဲ့ ဦးနှောက်ထိခိုက်တာတွေအပါအဝင်ပြင်းထန်တဲ့ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ပါတယ်။

    ဆီးအရမ်းရွှင်စေတဲ့ ပိန်ဆေးတွေဆိုရင်ခေါင်းမူးတာ၊သွားဖုံးသွေးယိုတာ၊ဝမ်းမည်းမည်းတွေသွားတာ၊ စိတ်ရှုပ်ထွေးတာမျိုးတွေခံစားရနိုင်ပါတယ်။ sibutramine ပါဝင်နေတဲ့ အချို့ ပိန်ဆေးတွေဆိုရင် ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ခန္ဓါကိုယ် ကျန်းမာကျစ်လျစ်တဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုမမတွေအနေနဲ့ အပေါ်မှာပြောခဲ့တဲ့ နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး ကိုယ်အလေးချိန်ချကြပါလို့ တိုက်တွန်းပါရစေ။ ကျန်းမာကျစ်လျစ်ပြီး အချိုးအစားကျနလှပတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement