backup og meta

မက်ကလောင်ခြစ်တတ်တဲ့သူတိုင်း သိထားသင့်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မက်ကလောင်ခြစ်တတ်တဲ့သူတိုင်း သိထားသင့်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။  ။

    မက်ကလောင် မက်ကလောင် ဒီနာမည်လေးက ကြားဖူးသလိုလိုရှိနေပေမယ့် ဘာကြီးလဲဆိုတာကို သိတဲ့သူ အင်မတန်နည်းပါတယ်။ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ လွှမ်းမိုးမှုအများဆုံးဖြစ်တဲ့ မန္တလေးတို့ ရှမ်းပြည်နယ်တို့မှာတော့ မက်ကလောင်ခြစ်တယ်ဆိုတာ ဓလေ့တစ်ခုကိုဖြစ်လို့။ ဒီတော့ ဒီ မက်ကလောင်ခြစ်တယ်ဆိုတာ ဘာလဲ။ ဘယ်လို ကောင်းကျိုးဆိုးကျိုးတွေရှိလဲဆိုတဲ့ အကြောင်းလေး ရေးဖို့ကြောင်းဖန်လာတော့တာပေါ့။

    မက်ကလောင် ခြစ်တယ်ဆိုတာဘာလဲ ။ ။

    မက်ကလောင်ခြစ်တယ်ဆိုတာ မက်ကလောင်ခြစ်တဲ့အတံလေးနဲ့ အရေပြားကို ခြစ်ပြီး သွေးလည်ပတ်မှု ကောင်းအောင်လို့ လုပ်ကြတယ်လို့ ဆိုပါတယ်။ ဒါက အရမ်းကို ရှေးကျတဲ့တရုတ်တိုင်းရင်းဆေးသမားတော်တို့ တီထွင်ခဲ့တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။

    မက်ကလောင် ခြစ်တာနဲ့ ပက်သက်တဲ့ အချက်ကလေး တစ်ချို့ ။ ။

  • မက်ကလောင်ကို ကျောဘက်၊ တင်ပါး၊ လည်ပင်း နဲ့ ခြေလက်တွေမှာ ခြစ်လေ့ရှိပါတယ်။
  • အဲဒီနေရာတွေမှာ အဆီတစ်ခုခုလိမ်းပြီး မက်ကလောင်ခြစ်တဲ့အတံလေးနဲ့ အရေပြားကို အောက်ဘက်ဆွဲပြီး ခြစ်တာပါ။
  • ယုံကြည်ကြတာက မက်ကလောင်ခြစ်ရင် ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ တရုတ်အခေါ်အဝေါ်အရ Chi လို့ခေါ်တဲ့ enzyme တစ်မျိုးကို ဖျက်ဆီးလိုက်တာဖြစ်လို့ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ရောင်ရမ်းခြင်းတွေ လျော့ကျသွားပြီး အနာကျက်မြန်တယ်လို့ဆိုကြပါတယ်။
  • ဒီလို မက်ကလောင်ခြစ်တာကို နေမကောင်းဖြစ်တဲ့အချိန်၊ ကိုယ်လက်ကိုက်ခဲနေတဲ့အချိန်၊ ခေါင်းကိုက်နေတဲ့ အချိန်မျိုးတွေမှာ လုပ်လေ့ရှိပါတယ်။ တချို့ဆို တစ်နေရာရာ နေထိုင်မကောင်းဖြစ်လာတာနဲ့ မက်ကလောင်တန်းခြစ်ကြတဲ့ သူတွေလည်း ရှိပါတယ်။
  • မြန်မာနိုင်ငံ အပေါ်ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်၊ ကချင်ပြည် နဲ့ ချင်းပြည်နယ်တို့မှာ မက်ကလောင်ခြစ်တဲ့ ဓလေ့က ပိုခေတ်စားပါတယ်။
  • မက်ကလောင်ခြစ်တော့ ခြစ်တတ်တယ်ဆိုပေမယ့် သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ သိဖို့လည်း လိုအပ်တာကြောင့် ဒီဆောင်ပါးလေးကို ဖတ်ကြည့်စေချင်တယ်နော်။ ။

    မက်ကလောင်ခြစ်တာကြောင့် ရနိုင်တဲ့ ကောင်းကျိုးလေးတွေ ။ ။

    တရုတ်ရိုးရာဆေးကျမ်းတွေအရ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် နာတာရှည် ရောင်ရမ်းတဲ့ ဝေဒနာတွေဖြစ်တဲ့ အဆစ်အမြစ်ကိုက်တာတို့ ၊ အရွတ်ရောင်တာတို့ဖြစ်ရင် မက်ကလောင် ခြစ်ကြပါတယ်။ ဒါ့အပြင် ဆေးကျမ်းတွေမှာ ဖော်ပြထားတာတွေကတော့

    • အသည်းရောင်အသားဝါ ဘီ ကြောင့် ရောင်နေတဲ့ အသည်းဟာ မက်ကလောင်ခြစ်လိုက်ရင် သက်သာတယ်လို့ ဆိုကြပါတယ်။
    • ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကို သက်သာစေတယ်လို့လည်း ဆိုကြပါတယ်။
    •  နို့တိုက် နေတဲ့ မိခင်တိုင်းကြုံတွေ့ရတတ်တဲ့ နို့အုံတင်းတဲ့ ပြဿနာကို မက်ကလောင်ခြစ်ပြီး ဖြေရှင်းနိုင်တယ်လို့ ဆိုကြပါတယ်။
    • ဇက်နာတာကိုလည်း သက်သာစေနိုင်ပါတယ်တဲ့။
    •  သွေးဆုံးခါနီး အမျိုးသမီးတိုင်းကြုံတွေ့ရတဲ့ ညညအိပ်မပျော်တာ၊ စိုးရိမ်ပူပန်မှုများတာ၊ မောပန်းလွယ်တာ၊ ရာသီသွေးမမှန်တာ၊ နဲ့ မီးယပ်ချမ်းထတဲ့ ဝေဒနာတွေဟာ မက်ကလောင်ခြစ်လိုက်ရင် တစ်ချို့အမျိုးသမီးတွေမှာ သက်သာသွားတယ်လို့ ဆိုကြပါတယ်။

    ဒါတွေအားလုံးက ရှေးဆေးကျမ်းတွေ အယူအဆသာဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာထားတာမျိုး မဟုတ်ပါဘူး။

    မက်ကလောင်ခြစ်တာမှာ ဆိုးကျိုးရောရှိလား ။ ။

    မက်ကလောင်ခြစ်တာမှာ ဆိုးကျိုးတွေလည်းရှိပါတယ်။

    • အရေပြားကို ပွန်းအောင် ခြစ်တယ်ဆိုမှတော့ နာကျင်တဲ့ ဝေဒနာက ရှောင်လွဲလို့မရဘူးနော့။
    • အရေပြားကိုခြစ်တာဖြစ်လို့ သွေးထွက်ပြီး အနာဖြစ်မှာကတော့ ကျိန်းသေတယ်လေ။ ဒီတော့ အနာကို သေချာ ဂရုမစိုက်ရင် ပိုးဝင်သွားတာတွေဖြစ်တတ်ပြီး အနာပိုဆိုးသွားတတ်ပါတယ်။ ဒီလို အနာပိုးဝင်သွားရင် အမာရွတ်ရုပ်ဆိုးဆိုး ကျန်ခဲ့မှာကတော့သေချာတယ်လေနော်။
    • ကိုယ့်အရေပြားကို ခြစ်မှာဖြစ်တဲ့အပြင် သွေးတွေလည်း ထွက်မှာ ဖြစ်တာကြောင့် သွေးကနေကူးစက်တတ်တဲ့ HIVပိုး၊ B ပိုး၊ C ပိုး တွေ ဟာ မက်ကလောင်ခြစ်တဲ့ အတံကို မျှဝေသုံးရင် တစ်ယောက်ဆီကနေ တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။
    • သွေးကျဲဆေးသောက်နေတဲ့သူတွေ၊ သွေးမတိတ်တတ်တဲ့သူတွေဆို မက်ကလောင် မခြစ်သင့်ပါဘူး။

    ဒါတွေကတော့ မက်ကလောင်ခြစ်တာကြောင့် ရနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးလေးတွေပါ။ တချို့တွေကလည်း မက်ကလောင်ခြစ်တာကို လက်ခံကြသလို တစ်ချို့ မကြိုက်ကြတဲ့သူတွေလည်းရှိပါတယ်။ လူတိုင်းက ကိုယ့်အတွေးနဲ့ကိုယ် ရှင်သန်နေကြတာဖြစ်တာကြောင့် မက်ကလောင်ခြစ်တာကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးလေးတွေကို သိထားတော့ ကောင်းတာပေါ့ ။ ။

    ရေးသားသူ- Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement