backup og meta

အထာကျကျ Vape သောက်ကြမှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အထာကျကျ Vape သောက်ကြမှာလား

    အထာကျကျ Vape သောက်ကြမှာလား

    E – စီးကရက် လို့ခေါ်သလို Vape လို့လည်း အမည်ရတဲ့ စီးကရက် အစားထိုး ပစ္စည်းကလေးဟာ ပေါ်တာကြာလှပြီဖြစ်သလို မြန်မာပြည်မှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသလို ရောင်းတဲ့ ဆိုင်တွေကိုလည်း လက်ညှိုးထိုးမလွဲ မြင်နေရပါပြီ။Vape ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဆေးလိပ်ဖြတ်ချင်သူတွေအတွက် ရသေ့စိတ်ဖြေ သုံးစွဲနိုင်ဖို့ ဖြစ်ပေမယ့် ဒီခေတ်မှာတော့ ယောက်ျားလေး၊မိန်းကလေး အရွယ်မရွေး စတိုင်ထုတ်တဲ့ ဖက်ရှင်ပစ္စည်းတခု အဖြစ်ကိုပါ ကူးပြောင်းရောက်ရှိလို့ လာပါတယ်။

    ယနေ့ထိ ငြင်းခုန်နေကြဆဲ ကိစ္စရပ်တစ်ခု

    Vape တွေဟာ အဆုတ်ကို အန္တရာယ်ပေး၊ မပေး ဆိုတဲ့ အချက်ကို ယနေ့ထိ ငြင်းခုန်နေကြဆဲဖြစ်သည့်တိုင် သုံးစွဲနေသူတွေရဲ့ စိတ်ထဲမှာတော့ ဒါဟာ ဆေးလိပ်၊စီးကရက်နဲ့ ယှဉ်ရင် ဘာအန္တရာယ်မှ မရှိဘူးလို့ ထင်မြင်နေကြသူက အများစု ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Vape နဲ့ အဆုတ်ကင်ဆာကြား ဆက်စပ်မှုတွေကို ဗဟုသုတဖြစ်ဖွယ် သိရှိနိုင်စေဖို့ မျှဝေပေးသွားမှာပါ။

    Vape (ဝါ) E – စီးကရက်တွေထဲကို ဆေးရည်လေးတွေ ဖြည့်ပေးရပါတယ်။ အလွယ်ပြောရင် မီးခြစ်ဂက်စ်ဖြည့်သလိုပေါ့လေ။Vape သောက်ချင်တဲ့အခါ သူ့မှာပါတဲ့ ခလုတ်ကလေးကို နှိပ်ပေးခြင်းအားဖြင့် လျှပ်စစ်ဓါတ်ကို လွှတ်ပေးကာ ခုနင်က ဖြည့်တင်းထားတဲ့ ဆေးရည်တွေကို အငွေ့ဖြစ်သွားအောင် ပြုလုပ်ပြီး နစ်ကိုတင်း၊ဓါတုဗေဒပစ္စည်းတွေနဲ့ သင်နှစ်သက်ရာ ရွေးချယ်ထားသော အနံ့လေးတွေ ပါဝင်နေတဲ့ အငွေ့ကို ရှူရှိုက်ရခြင်း ဖြစ်ပါတယ်။Vape ဆေးရည်ရဲ့ နစ်ကိုတင်း ပါဝင်မှုပမာဏ အချိုးအဆ အမျိုးမျိုး ရှိသလို လျှပ်စစ်ဗို့အား ပမာဏလည်း အနည်းအများ အဖုံဖုံမို့ သင်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ကို ကင်ဆာရောဂါ ဖြစ်ပွားစေမယ့် အဓိက လက်သည်ကတော့ ဒီအငွေ့ပဲ ဖြစ်ပါတယ်။

    Formaldehyde,heavy metals တွေနဲ့ အခြားသော အမှုန်အမွှားတွေဟာ သင့်အဆုတ်ရဲ့ အနက်ရှိုင်းဆုံးသော နေရာတွေမှာ အနည်ထိုင်လာနိုင်လို့ပါ။

    ဒီနေရာမှာ မေးစရာ ပေါ်လာတာက စီးကရက်နဲ့စာရင် ဒီအငွေ့ထဲမှာ ပါဝင်လာတဲ့ ဓါတုဗေဒပစ္စည်းတွေ၊ အမှုန်တွေက ဘယ်လောက် ပိုနည်းသလဲ ဆိုတာပါပဲ။ ဒီအချက်က ပြောရခက်ပါတယ်။ တခုတည်းသော ပြောနိုင်တဲ့အချက်က Vape အငွေ့မှာပါတဲ့ အန္တရာယ်ရှိ ဓါတ်ပစ္စည်းတွေဟာ ပုံမှန်စီးကရက်ထက် ပမာဏအများကြီး ပိုနည်းတယ်ဆိုတဲ့ အချက်ပါပဲ။

    ဒါ့အပြင် အငွေ့ဖြစ်အောင် မီးရှို့ဖို့အတွက် သာမန်မီးကို မသုံးဘဲ ဘက်ထရီကထွက်တဲ့ လျှပ်စစ်ကို အသုံးပြုထားတာကြောင့် မီးခိုးငွေ့မထွက်တဲ့အပြင် Vape မှာ ကတ္တရာလည်း မပါဝင်ပါဘူး။ ဒါပေမယ့် အရွယ်အစားပိုမိုကြီးမားတဲ့ Vapeတွေ၊အနံ့အရသာပါဝင်တဲ့ E – စီးကရက်တွေဟာ ရိုးရိုး Vape တွေထက် Formaldehyde နဲ့ အဆိပ်အတောက်တွေ ပါဝင်ထွက်ရှိမှု ပိုများတယ်လို့လည်း လေ့လာမှုအချို့က ဆိုပါတယ်။ အဆိုပါ ဓါတ်ပစ္စည်းတွေဟာ အဆုတ်ဆဲလ်တွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူပေါ့လေ Vape ဟာ သင့်ကျန်းမာရေးအပေါ် ရေရှည်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ဂဃနဏ သိရှိနိုင်ဖို့အတွက် သုတေသနလေ့လာမှုတွေ အများကြီး ဆက်လုပ်ရဦးမှာပါ။

    ပေါက်ပေါက်ဆုပ် အဆုတ်

    အချို့သော Vapeတွေမှာ အနံ့အရသာအတွက် အသုံးပြုတဲ့ ဓါတုပစ္စည်းတမျိုး ပါဝင်ပြီး diacetyl ဓါတုပစ္စည်းလို့ ခေါ်ပါတယ်။ အဆိုပါ ဓါတုပစ္စည်းဟာ ဆေးပညာအခေါ်အဝေါ်နဲ့ ဆိုရင် bronchiolitis obliterans လို့ အမည်ရတဲ့ ပြင်းထန်ဆိုးရွားသော အဆုတ်ရောဂါတမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါကို ပေါက်ပေါက်ဆုပ်အဆုတ်လို့လည်း ခေါ်ပါသေးတယ်။

    ပေါက်ပေါက်ဆုပ် အဆုတ်ဆိုပြီး ဘာလို့ခေါ်ရသလဲဆိုတဲ့ ရာဇဝင်လည်း ရှိပါသေးတယ်။ တကယ်တော့ diacetyl ဟာ ပေါက်ပေါက်ဆုပ် ထုတ်လုပ်ရာမှာ အနံ့အရသာအတွက် ထည့်သွင်းအသုံးပြုရတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ပေါက်ပေါက်ဆုပ် စက်ရုံက အလုပ်သမားတွေဟာ ၎င်းဓါတုပစ္စည်းတွေကို ရှူသွင်းနေရတဲ့အတွက် bronchiolitis obliterans ရောဂါ ရတတ်လေ့ရှိတာကို အစွဲပြုပြီး ဒီရောဂါကို ပေါက်ပေါက်ဆုတ်အဆုတ်လို့ ခေါ်တွင်တာပါ။ လူငယ်လူရွယ်တွေ၊ဆယ်ကျော်သက်လေးတွေ ကြိုက်နှစ်သက်တတ်တဲ့ သကြားလုံးအနံ့အရသာ၊ယမကာ အနံ့အရသာ၊သစ်သီးအနံ့အရသာ စတာတွေပါဝင်တဲ့ E – စီးကရက်တွေမှာ diacetyl ကို ထည့်သွင်းပြုလုပ်ထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ ပေါက်ပေါက်ဆုပ်စက်ရုံ အလုပ်သမားတွေနည်းတူ ဒီရောဂါရရှိခံစားလာရနိုင်ချေ များပြားတာပဲ ဖြစ်ပါတယ်။

    Diacetyl ဟာ သင့်အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်လေးတွေကို ရောင်ရမ်းစေ၊အမာရွတ်ထင်စေတာကြောင့် အသက်ရှုလမ်းကြောင်းဟာ တဖြည်းဖြည်းနဲ့ ထူထဲ ကျဉ်းမြောင်းလာပါတော့တယ်။ နောက်ဆက်တွဲ လက္ခဏာတွေအနေနဲ့ နာတာရှည်ချောင်းဆိုးခြင်း၊အသက်ရှုမဝခြင်း၊အသက်ရှုလျှင် တရွှီရွှီအသံမြည်ခြင်း၊ခေါင်းကိုက်ခြင်းအပါအဝင် အခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

    Diacetyl နဲ့ အဆုတ်ရောဂါတို့အကြား ဆက်စပ်မှုကို တွေ့ရှိပြီးနောက်မှာ ပေါက်ပေါက်ဆုပ်ကုမ္ပဏီတွေအနေနဲ့ Diacetyl ကို ဆက်လက်သုံးစွဲခြင်း မပြုတော့ပေမယ့် Vapeဆေးရည်တွေမှာတော့ သုံးနေတုန်းပဲ ဖြစ်ပါတယ်။

    ပေါက်ပေါက်ဆုပ်အဆုတ်ရောဂါဟာ ကုရာနတ္ထိဆေးမရှိဖြစ်ပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရုံသာ ထိန်းချုပ်ထားနိုင်မှာပါ။

    ဖက်ရှင်အနေနဲ့ပဲ ဖြစ်ဖြစ်၊ဆေးလိပ်ဖြတ်ချင်လို့ပဲဖြစ်ဖြစ် တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်တဲ့ E – စီးကရက်တွေ (ဝါ) Vapeတွေဟာ ဆေးလိပ်စစ်စစ်လောက် ကျန်းမာရေးကို ထိခိုက်မှုမရှိတာ သေချာပေမယ့် ဆိုးကျိုးလုံးဝမရှိဘူးလို့ တထစ်ချမပြောနိုင်တဲ့အတွက် အသက်ကို ဉာဏ်စောင့်ဆိုသလို ချင့်ချင့်ချိန်ချိန် သုံးစွဲကြရင် အကောင်းဆုံးပဲ ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement