သင်ကဆေးလိပ်သောက်တာကို အလွန်စွဲလမ်းနေတဲ့ သူဆိုရင်အခုချက်ချင်းပဲ ဆေးလိပ်ဖြတ်လိုက်ဖို့နောက်မကျသေးပါဘူးနော်။ မြန်မြန်ဖြတ်နိုင်လေလေ ကင်ဆာရောဂါနဲ့ ဆေးလိပ် ကြောင့်ဖြစ်တဲ့ အခြားရောဂါတွေ ဖြစ်ပွားမှုနှုန်း လျော့နည်းလေဖြစ်ပါတယ်။ နောက်ဆုံး စီးကရက်ကို သောက်ပြီး ဆေးလိပ်ဖြတ်လိုက်ချိန်ကစပြီး မိနစ်ပိုင်းအတွင်းမှာပဲ သင့် ခန္ဓာကိုယ် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကြုံတွေ့နိုင်မှာပါ။ အချိန်နဲ့အမျှပြောင်းလဲမှုတွေကို ပြောပြပေးပါမယ်။
ဆေးလိပ်ဖြတ်ပြီးမိနစ် ၂၀ အကြာ။ ။သင့်ရဲ့နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကတက်မနေတော့ ဘဲကျသွားမှာပါ။ ပုံမှန်အခြေအနေကို ပြန်ရောက်သွားမယ်လို့ ဆိုလိုတာပါ။
ဆေးလိပ်ဖြတ်ပြီး ၁ နာရီအကြာ။ ။သင့်ရဲ့သွေးလည်ပတ်နှုန်းတိုးတက်လာပါပြီ
၁၂ နာရီအကြာ။ ။စီးကရက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ပါဝင်ပါတယ်။ ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ အလွန်အန္တရာယ်ရှိပါတယ်။ အဆုတ်ထဲကို အောက်ဆီဂျင်ဓါတ်ငွေ့ မဝင်နိုင်အောင် တားဆီးပါတယ်။ တစ်ချိန်တည်းမှာ ပမာဏအများကြီးရှုရှိုက်မိရင်တော့ အသက်ရှုမွန်းကျပ်ပြီး သေဆုံးတဲ့ထိတောင်ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၁၂ နာရီအကြာမှာတော့ ခန္ဓာကိုယ်ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရှင်းလင်းသန့်စင်လိုက်တာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏဟာ လျော့ကျသွားပြီး ကောင်းမွန်တဲ့အောက်ဆီဂျင် ပမာဏမြင့်တက်လာမှာပါ။
၁ ရက်အကြာ။ ။ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးကြော အတွင်းသွေးခဲခြင်းကိုဖြစ်ပွားစေနိုင်ပါတယ်။ သွေးခဲခြင်းကြောင့် လေဖြတ်ခြင်းကိုပါ နောက်ဆက် တွဲဖြစ်လာစေမှာပါ။ ဆေးလိပ်ဖြတ်ပြီးတစ်ရက်အကြာမှာတော့ သွေးပေါင်ချိန်နဲ့ အောက်ဆီဂျင် ပမာဏဟာ ပုံမှန်ပြန်ဖြစ်သွားတာကြောင့် နှလုံးသွေးကြောကျဉ်းခြင်းနဲ့ လေဖြတ်ခြင်းတို့ဖြစ်ပွား နှုန်းသိသိသာသာလျော့ကျသွားမှာပါ။
ဆေးလိပ်ဖြတ်ပြီး ၂ ရက်အကြာ။ ။ဆေးလိပ်ဟာအရသာနဲ့အနံ့တို့ကိုအာရုံခံစားနိုင်တဲ့အာရုံ ကြောတွေကိုပျက်စီးစေပါတယ်။ သင်ဆေးလိပ်မသောက်တော့ပဲ ၂ ရက်နေကြည့်ရင်တော့ အနံ့ခံ အာရုံ သာမ က အစားအသောက်ပါ အရသာရှိရှိပြန်လည်စားလာနိုင်တာကိုတွေ့ရမှာပါ။
၃ ရက်အကြာ။ ။ဆေးလိပ်ထဲမှာ နီကိုတင်းဆိုတဲ့ဓာတ်ပါပါတယ်။ ၃ ရက်အကြာမှာ နီကို တင်းဓာတ်ဟာရုတ်တရက်ပြတ်လပ်သွားတာကြောင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်တိုလွယ် ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ လူတိုင်းတော့မဟုတ်ပါဘူး။ အကျိုးကျေးဇူးက တော့သင့်ခန္ဓာကိုယ်ထဲမှာ နီကိုတင်းဓာတ်ကင်းစင်လေလေ သင်ကျန်းမာရေးကောင်းလေလေပါ။
ဆေးလိပ်ဖြတ်ပြီး ၁ လအကြာ။ ။အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေ သိသိသာသာတိုး တက်လာမှာပါ။ ချောင်းဆိုးတာမျိုး၊ အသက်ရှုကြပ်တာမျိုး၊ မောတာမျိုးတွေ သိပ်မရှိတော့ပါဘူး။ အားကစားသမားတွေဆိုရင် သက်လုံကောင်းလာပြီးအမောခံလာနိုင်မှာပါ။ ပြေးခြင်း၊ ခုန်ခြင်းတို့ မှာ ဆေးလိပ်စွဲနေတဲ့ ကာလလောက်မမောတော့ပါဘူး။
၃ လအကြာ။ ။ သင့်သွေးလည်ပတ်မှု စနစ်သိသိသာသာ တိုးတက်ကောင်းမွန်လာပါပြီ။
၁ နှစ်အကြာ။ ။ ၁ နှစ် အကြာဆေးလိပ်ဖြတ်တောက်သူနဲ့ ဆေးလိပ်ဆက်သောက်နေသူ (၂)ဦး ယှဉ်ရင်ဆေးလိပ် ဖြတ်ထားသူဟာနှင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြင်းထက် ဝက်ကျဆင်းနေတာတွေ့ရပါတယ်။
ဆေးလိပ်ဖြတ်ပြီး ၅ နှစ်အကြာ။ ။စီးကရက်ထဲမှာပါဝင်တဲ့ အဆိပ်အတောက်ဟာ သွေး ပြန်ကြောနဲ့ သွေးလွှတ်ကြောတွေကို ကျဉ်းမြောင်းစေပြီး သွေးခဲစေပါတယ်။ (၅)နှစ်အကြာ ဆေး လိပ်ဖြတ်အပြီးမှာတော့ သွေးကြောတွေဟာ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွားပြီး သွေးခဲ နှုန်းလျော့ကျသွားတာကြောင့် လေဖြတ်တာကို ကာကွယ်ပြီးသားဖြစ်သွားမှာပါ။
၁၀ နှစ်အကြာ။ ။ ၁၀ နှစ်အကြာမှာတော့အဆုတ်ကင်ဆာဖြစ်ပွားနှုန်းတစ်ဝက်တိတိလျော့ကျ
သွားပြီး ခံတွင်းကင်ဆာ၊ လည်မျိုကင်ဆာနဲ့ ပန်းကရိယာကင်ဆာဖြစ်ပွားနိုင်ခြေလည်း သိသိသာ သာလျော့ကျသွားမှာပါ။
၁၅ နှစ်အကြာ။ ။ဆေးလိပ်ဖြတ်ပြီး ၁၅ နှစ်အကြာပြောင်းလဲမှုဟာတော့ အံ့မခန်းပါပဲ။ အဆုတ်ကင်ဆာနဲ့ ပန်းကိရိယာကင်ဆာဖြစ်ပွားမှုရာခိုင်နှုန်းဟာ တစ်ခါမှဆေးလိပ်မသောက်ခဲ့ဖူး သူတွေနဲ့ နီးတူဖြစ်သွားပါတယ်။
ဆေးလိပ်ဖြတ်ပြီး နှစ် ၂၀ အကြာ။ ။သင့်ခန္ဓာကိုယ်ဟာဆေးလိပ်တစ်ခါမှမသောက်ခဲ့ဖူးသူတွေ လိုပြန်ဖြစ်သွားမှာပါ။ ကင်ဆာနဲ့ဆေးလိပ်ကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေဖြစ်ပွားနိုင်ခြေ တော်တော် လေးနည်းပါးသွားပါပြီး။
ဆေးလိပ်ဖြတ်လိုက်တာကြောင့် သွေးတိုး၊ ဆီချိုရောဂါဖြစ်ပွားနှုန်းလည်းလျော့ကျသွား နိုင်ပါတယ်။ ဆေးလိပ်သောက်သူဟာ ဆေးလိပ်မသောက်သုံးသူထက် အသက် ၁၀ နှစ်တိုပါ တယ်။ အသက် ၄၀ မတိုင်ခင် ဆေးလိပ်ဖြတ်ရင်တော့ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပွားနိုင်ချေ တော်တော်လေးနည်းပါးသွားပါပြီ။
အသက်ငယ်ငယ်နဲ့ ဆေးလိပ်ဖြတ်ရင် သင့်အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အရွယ်မှာဆေးလိပ်ဖြတ်ပါစေ ဆက်သောက်ခြင်း ထက်တော့ အသက်ရှည်မှာပါ။ ဆေးလိပ်ကိုလက်တွေ့ဖြတ်ကြည့်ပါ။
- သင်အစားစားရတာလည်း ပိုအရသာရှိလာမယ်
- သင့်ခံတွင်းရနံ့၊ ဆံပင်နဲ့ အဝတ်တွေရဲ့ အနံ့တွေဟာလည်း ဆေးလိပ်နံ့တွေ ကပ်ငြိမနေတော့ဘဲ ပြန်လည်ကောင်းမွန်လန်းဆန်းလာမယ်။
- သွားနဲ့လက်သည်းတွေဟာ ဝါမနေတော့ဘူး။
- သက်လုံကောင်းလာမယ် (ဥပမာ၊ ပုံမှန်လုပ်နေကျဖြစ်တဲ့ ပစ္စည်း မတာ၊ လှေကားတက်တာ တွေမှာမမောတော့ဘူး)
- ဆေးလိပ်သောက်တာဟာ နှုတ်ခမ်းပြာခြင်း၊ မည်းခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေကို ဖြစ်စေတဲ့အတွက် မြန်မြန်ဖြတ်လေလေ ပြန်လည်နုပျိုလာပြီး ကြည့်ကောင်းလာလေလေပါ။
- ဆေးလိပ်မသောက်ရ လို့သတ်မှတ်ထားတဲ့ နေရာတွေကိုလည်းရဲရဲဝံ့ဝံ့သွားလာနိုင်စေမှာပါနော်။
ရေးသားသူ – ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။