backup og meta

ဆေးလိပ်ဖြတ်ပြီးနောက် ဝလာခြင်း


Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်ပြီးနောက် ဝလာခြင်း

    ဆေးလိပ်ဖြတ်ပြီး ဝလာတာက အမြဲမဖြစ်တတ်ပေမယ့် အတွေ့ရတော့များပါတယ်။ သိပ်စိတ်ပျက်စရာ မလိုပါဘူး။ ဆေးလိပ်ဖြတ်လိုက်တာဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တာပါပဲ။ ဆေးလိပ်ဖြတ်လိုက်ရင် ဝလာတာနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ပိန်သွားတဲ့လူရှိသလို အနည်းစုကတော့ ပေါင် ၂၀ကျော်လောက်အထိ တက်လာတာမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ ဝလာတာက သင့်အတွက် ပြဿနာ ဖြစ်နေရင်တော့ အကူအညီရယူနိုင်ပါတယ်။

    ဘာကြောင့် အဲဒီလို ဝလာတာလဲ

    အကြောင်းရင်းတချို့ကြောင့် ဖြစ်တတ်ပါတယ်။

    • ဆေးလိပ်ဖြတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ဆုချတဲ့အနေနဲ့ အစားစားတာ၊ သွားရည်စာစားတာတွေ လုပ်မိတတ်ပါတယ်။

    • လက်နဲ့ပါးစပ်နဲ့ထိတွေ့ရတဲ့ ခံစားမှုကို အစားထိုးဖို့ အစားစားမိတတ်ကြပါတယ်။

    • နီကိုတင်းက ဇီဝဖြစ်စဉ်တွေကို မြန်ဆန်စေတာမို့ ဆေးလိပ်ဖြတ်လိုက်ပြိးနောက်မှာ ပုံမှန်ပြန်ဖြစ်လာပြီး ကိုယ်အလေးချိန်လည်း ပြန်တက်လာတတ်ပါတယ်။

    • နီကိုးတင်းက အစာစားချင်စိတ်ကို နည်းစေတာကြောင့် ဆေးလိပ်ဖြတ်စ ရက်အနည်းငယ်မှာ ပုံမှန်ထက် ပိုဆာနေတာမျိုး ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သက်သာသွားပါမယ်။

    • ဒါကြောင့်မို့ ဆေးလိပ်ဖြတ်ပြီးနောက် အစာစားချင်စိတ်နဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာနိုင်တာတွေအတွက် ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ကိုယ်အလေးချိန်တက်တာကို လျော့နည်းစေပါလိမ့်မယ်။

    ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းရင် ရမလဲ

    သင်စားမယ့်အစာတွေ၊ သွားရည်စာတွေကို ကြိုတင်ပြင်ဆင်ပါ။ အသီးအနှံ၊ အရွက်နဲ့ အခွံမာသီးတွေကို ရေခဲသေတ္တာထဲ အလွယ်တကူ စားလို့ရအောင် ထည့်ထားပါ။ ဘီစကွပ်၊ သကြားလုံးနဲ့ အချိုရည်တွေကို ရှောင်ပါ။ တတ်နိုင်သမျှ သွားရည်စာတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။

    လေ့ကျင့်ခန်းများများလုပ်ပါ။ကိုယ်အလေးချိန်ကျဖို့အတွက်တင်မကဘဲ ပြန်မသောက်မိအောင် အာရုံလွှဲဖို့အတွက်လည်း လုပ်သင့်ပါတယ်။ ပုံမှန်ထက် လမ်းနည်းနည်းမြန်မြန်လျှောက်ရင်ကို ကိုယ်အလေးချိန် ကျနိုင်ပါတယ်။

    တကယ်လို့ သင့်အနေနဲ့ သိပ်စိတ်ပူနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်တွေ ရယူနိုင်ပါတယ်။ သင်နဲ့ကိုက်ညီတဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတို့ကို အကြံပေးပါလိမ့်မယ်။

    အခုကို ကိုယ်အလေးချိန်တက်နေရင် ဘာလုပ်သင့်လဲ

    အခု ကိုယ်အလေးချိန်တက်နေရင် အကောင်းဆုံးကတော့ ဘယ်လောက်ဝလာပြီဆိုတာ တွေးမနေဘဲ ကိုယ်ဘယ်လိုခံစားရသလဲဆိုတာကိုသာ အာရုံစိုက်ဖို့ပါပဲ။ ဆေးလိပ်ဖြတ်ပြီး ပထမ၆လမှာ နည်းနည်းဝတတ်ပေမယ့် နောက်ပိုင်းမှာတော့ ဆေးလိပ်ဖြတ်ရတာ ပိုပြီး သက်သောင့်သက်သာ ဖြစ်လာတဲ့အခါ ကိုယ်အလေးချိန်ကို ပြန်လျှော့ချနိုင်ပါတယ်။

    နည်းနည်းလောက် ဝလာတာဟာ ဆေးလိပ်ဆက်သောက်နေတာနဲ့စာရင် ကျန်းမာရေးအတွက် ဘာမှမထိခိုက်စေတာမို့ စိုးရိမ်စရာ မလိုပါဘူး။ ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်သွားဖို့ပါပဲ။

    ဆေးလိပ်မသောက်တော့ဘူးဆိုရင် သင့်ရဲ့ကြံ့ခိုင်မှု၊ စွမ်းအင်နဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တက်လာပြီး လေ့ကျင့်ခန်းတွေ ပိုလုပ်လာနိုင်မှာမို့ ကိုယ်အလေးချိန်မကျမှာ စိတ်ပူစရာ မလိုပါဘူး။

    ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက် သိကောင်းစရာများ

    • ဆေးလိပ်ဖြတ်လိုက်ခြင်းကြောင့် ပိုလျှံလာတဲ့ ငွေနဲ့ အချိန်ကို သုံးပြီး၊ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို ချက်ပြုတ်ပါ။

    • အစားရှောင်တာမျိုး မလုပ်ပါနဲ့။ ဗိုက်မကြာခဏဆာနေရင် ဆေးလိပ်ဖြတ်ဖို့ ခက်ပြိး ပြန်သောက်မိတတ်ပါတယ်။

    • အစာပုံမှန်စားပါ။ အထူးသဖြင့် မနက်စာ မလွတ်ပါစေနဲ့။

    • ဘီစကွပ်၊ ကိတ်မုန့်၊ အချိုရည် စတဲ့ ချိုတဲ့အစားအသောက်တွေကို လျှော့စားပါ။

    • အသီးအရွက်နဲ့ အသီးအနှံများများစားပါ။

    • တစ်ခါတစ်လေလည်း မြိန်ရည်ယှက်ရည် စားချင်တာစားနိုင်ပါတယ်။ မချုပ်တည်းထားပါနဲ့။

    • အစားအသောက်အပြင် ကိုယ့်ရဲ့ခံစားမှုကို ကောင်းမွန်စေတဲ့ တခြားလှုပ်ရှားမှုတွေကိုလည်း လုပ်ပေးပါ။

    • အစားအသောက်နဲ့ စိတ်ခံစားမှု ဆက်နွယ်မှုတွေကို ကျော်လွှားဖို့ သင့်အနေနဲ့ ခက်ကောင်းခက်နိုင်ပါတယ်။ ဒီအတွက် ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်ပြီး ဆွေးနွေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement