
အိမ်သန့်ရှင်းရေးလုပ်ပြီဆိုရင် ကြမ်းတိုက်တာ၊ တံမြက်စည်းလှည်းတာ၊ ဖုန်သုတ်တာတွေပဲ အဓိက လုပ်နေတာလား။ အိမ်မှာ ရှိနေတဲ့ တခြားပစ္စည်းတွေကိုလည်း သန့်ရှင်းပေးသင့်တယ်နော်။ သန့်ရှင်းရေး လုပ်တဲ့အခါ အမှုမဲ့အမှတ်မဲ့ ကျန်ရစ်ခဲ့တဲ့ နေရာတွေ၊ အသုံးအဆောင်တွေ ရှိနိုင်တာကို သင်သိရဲ့လား။ အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ ဆိုတာကို ဒီမှာ အကြံပေးပါမယ်နော်။ သန့်ရှင်းရေး မလုပ်ဖြစ်တဲ့ ပစ္စည်းတွေမှာ ကပ်ငြိနေတဲ့ အမှုန်အမွှားတွေ၊ ရောဂါပိုးမွှားတွေက နည်းအမျိုးမျိုးနဲ့ ကိုယ့်ဆီ ရောက်လာစေနိုင်တယ်လေ။
အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ ဆိုတော့
နေ့တိုင်း မထိဘဲ၊ မကိုင်ဘဲ မနေနိုင်တာ လက်ကိုင်ဖုန်းတွေပါ။ စမတ်ဖုန်းတွေဆိုတာ ဖုန်းနံပါတ်တွေ၊ အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ သိမ်းဆည်းထားစရာမှန်သမျှ ထည့်ထားတတ်ကြတဲ့ အရာဖြစ်ပြီး အရေးကြီးနေ့ရက်တွေ၊ မှတ်တမ်းတွေအထိ အားကိုးရတဲ့ အသုံးအဆောင် တစ်ခုဖြစ်နေတော့ လက်က မချတော့ပါဘူး။
ကိုယ့်လက်နဲ့ အချိန်မရွေးထိတွေ့ကိုင်တွယ်နေတဲ့ စမတ်ဖုန်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်နေမှာကို သတိထားပါ။ ဖုန်းမျက်နှာပြင်နဲ့ ကာဗာကို အနည်းဆုံးတစ်နေ့တစ်ကြိမ်တော့ ပွတ်တိုက်သန့်စင်တဲ့ အကျင့်လုပ်ထားပါ။ ဆေးကွာ၊ ပျက်စီးလောက်အောင်တော့ မလုပ်နဲ့ပေါ့။
ကြမ်းတိုက်သန့်စင်ထားလို့ ပြောင်လက်နေပါစေ၊ အခန်းထောင့်တွေ၊ချောင်တွေကိုတော့ ပစ်မထားပါနဲ့။ အဲဒီမှာ နှစ်လကြာအောင် ကပ်ကျန်နေတဲ့ဖုန်နဲ့အညစ်အကြေးတွေက ရောဂါပိုးမွှားနဲ့ မှိုတွေကို ဖိတ်ခေါ်မွေးမြူထားသလို ဖြစ်စေပါလိမ့်မယ်။
မမြင်သာတဲ့ ဒီလိုနေရာတွေကို တစ်ပတ်တစ်ကြိမ်လောက်တော့ သန့်ရှင်းပေးပါ။